
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ KNU ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူအချို့ ဒဏ်ရာ ရရှိကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာကို ကရင်အမျိုးသား အစည်းအရုံး (KNU) က မဟုတ်ကြောင်း ပြန်လည် ငြင်းဆိုလိုက်ပါတယ်။
တိုက်ပွဲဖြစ်ခဲ့ ပေမယ့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နဲ့ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ကရင်အမျိုးသား တပ်မတော် တပ်ရင်း (၁၀၁) ဒု တပ်ရင်းမှူး ဗိုလ်မှူး ဖေါဒို့က ပြောပါတယ်။
“KNUက မဟုတ်ဘူး။ အဲဒီမှာ DKBA က ဗိုလ်ကျော်သက်တို့ အဖွဲ့ပဲ ရှိတယ်။ ကော့ကရိတ်မြို့အတွင်းပိုင်းလောက် ကျတယ်လေ”
ကရင်ပြည်နယ် ကော့ကရိတ်မြို့ရဲ့ စစ်ဆေးရေးဂိတ်တခုကို (DKBA) တပ်မဟာ ၅ က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် နအဖဘက်က ကျဆုံးမှုရှိတယ်လို့လည်း သူကဆိုပါတယ်။
“မနေ့က မွန်းလွဲ တစ်နာရီ အချိန်လောက်မှာ ဖြစ်တယ်။ DKBA ဘက်က ပြောတာက ရန်သူ ခမရ (၂၃၀) က ၄ ဦး သေတယ်။ ၃ ယောက် ဦး ဒဏ်ရာ ရတယ်။ ရွာသားတစ်ဦး ဒဏ်ရာ ရတယ်။ ရွာသားတွေက DKBA ကို သတင်းပေးလို့ သိရတာပေါ့”
မြန်မာ့အလင်း သတင်းစာထဲမှာတော့ ဒဏ်ရာရရှိတဲ့ ပြည်သူ (၂) ဦးကိုတော့ ကောကရိတ်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါး ကုပေးထားကြောင်းနဲ့ KNU တွေကို တပ်မတော် စစ်ကြောင်းက လိုက်ပြီး ရှင်းလင်းနေတယ်လို့ ရေးထားပါတယ်။
အဲဒီ့သတင်းစာ ထဲမှာပဲ ကရင်ပြည်နယ် ဖာပွန်မြို့မှာ KNU ထောင်ထားတဲ့ မိုင်း ပေါက်ကွဲတဲ့အတွက် ရွာသား (၃) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိတယ်လို့လည်း သီးခြား ဖော်ပြထားပါတယ်။
အဲ့ဒီဒေသမှာ KNU အပြင် နအဖ နဲ့ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းထားတဲ့ DKBA အဖွဲ့တွေလည်း ဗုံး ထောင်လေ့ ရှိကြောင်း KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောပါတယ်။
“ဘယ်ဗုံးက ဘယ်သူ့ ဗုံးလဲဆိုတာကတော့ ဘယ်မှာ သွားပြောလို့ရမလဲ။ ဒါကြောင့်မို့လို့ ဒီလိုမျိုး စွပ်စွဲတဲ့ ဟာကတော့ ဦးတဲ့သူက ပေါက်တဲ့ဟာ ထိတဲ့ဟာ ငါဟာမဟုတ်ဘူး ဆိုပြီးတော့ ပြောလို့ ရနေတာပဲ။ ဒါကတော့ အဲဒီမှာရှိတဲ့ ရွာသူရွာသားတွေက အသိဆုံးပါပဲ။ ဘယ်သူကထောင်လေ့ရှိသလဲဆိုတာ”
၁၉၉၄ ခုနှစ်မှာ KNU ကနေ ခွဲထွက်သွားတဲ့ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ဟာ နအဖနဲ့ အပစ်အခတ် ရပ်စဲရေး ယူထားပြီးတဲ့နောက်မှာ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ အဖွဲ့ရှိသလို၊ လက်မခံတဲ့ အဖွဲ့လည်း ကျန်ရှိ နေတာဖြစ်ပါတယ်။
ယုန်ကလေး
0 comments:
Post a Comment