စည်းကမ်းပြည့်ဝသောဒီမိုကရေစီစံနစ်က ပြည်သူလူထုကိုအကျိုးပြုနိုင်ပါသလား.....



ဒီမေးခွန်းက ကျွန်တော်တို့်မြန်မာနိုင်ငံသားများအတွက် အလွန်အရေးကြီးပါတယ်။ ၂၀၁၀-ခုနှစ်-ရွေးကောက်ပွဲက တဖြည်းဖြည်းနီး လာပြီ ဖြစ်သလို ပြည်တွင်း ပြည်ပမှာရှိတဲ့ နိုင်ငံရေးအင်အားစုများနဲ့ ကုလသမ္မဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုများက အပြင်းအထန် ကန့်ကွက် နေတဲ့ကြားကပဲ ရွေးကောက်ပွဲကို တစ်ဖက်သတ်ပြုလုပ်ဖို့ပြင်ဆင်နေပါပြီ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို အမာခံထားလို့ လှေကြုံစီး ရေစုံမျှော နိုင်ငံရေးသမားများနဲ့အတူ ထင်ရာစိုင်းကြတော့မှာဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အသိညာဏ်နဲ့မယှဉ်တဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ ပိုပြီးခက်ခဲရှုပ်ထွေးလာပြီး အခန့်မသင့်ရင် အလုံးစုံပျက်စီးရေးလမ်းကြောင်းပေါ် ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားများအနေနဲ့ သိသင့်သိထိုက်တဲ့အချက်တွေကိုတင်ပြဆွေးနွေးတဲ့အနေနဲ့ ဒီဆောင်းပါး ကိုရေးရတာပါ၊ လက်ခံသည်ဖြစ်စေ ငြင်းပယ်သည်ဖြစ်စေ တစ်စုံတစ်ခုသောအတိုင်းအတာထိ တွေးနိုင်ကြဖို့မျှော်လင့်ပါတယ်။

တကယ်တော့ စည်းကမ်းနဲ့ ဥပဒေဟာတူသယောင်ထင်ရပေမဲ့ အနှစ်သာရပိုင်းမှာများစွာကွဲပြား
ပါတယ်၊ အိမ်စည်းကမ်း၊ ကျောင်းစည်း ကမ်း၊လမ်းစည်းကမ်း၊ယာဉ်စည်းကမ်း၊စသည်ဖြင့်နေရာဒေသပေါ်မူတည်ပြီးသတ်မှတ်ထားတဲ့စည်းကမ်းတွေဟာ အပေါ်ကနေအောက်ကို ဒေါင်လိုက်ချမှတ်ထားတဲ့ အကန့်အသတ်တွေဖြစ်ပါတယ်။ စည်းကမ်းဆိုတာ ထိန်းကျောင်းမှုသဘောကိုဆောင်ပေမဲ့ အားလုံးအပေါ်မှာ တူညီတဲ့ အကျိုးသက်ရောက်မှု ကိုမပေးနိုင်ပါဘူး၊ လူနည်းစုအတွင်းမှာသာသတ်မှတ်လေ့ရှိပြီး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ကိုးကွယ်မှု၊ မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံအဆင့်မှာတော့ စည်းကမ်းသတ်မှတ်ပြီး အတင်းလိုက်နာခိုင်းလို့မရပါဘူး။

အချုပ်အားဖြင့်ဆိုရရင် စည်းကမ်းဆိုတာ ဦးဆောင်သူလူနည်းစုကချမှတ်ဆုံးဖြတ်ထားတာမှို့  အမိန့်အာဏာနဲ့ 
သဘောခြင်းတူပါတယ်။ ဥပဒေဆိုသည်မှာ ပြည်သူလူထုအားလုံး၏ အသက်အိုးအိမ်၊ဓနဥစ္စာပိုင်ဆိုင်မှုတို့ကို ကာကွယ်စောင့်ရှောက်ရန်နှင့် အစိုးရအာဏာပိုင်အဖွဲ့ အစည်းများ၏ ဖိနှိပ်မှုများမှကာကွယ်ရန်အတွက် ပြဌာန်းထားသော -အရာဖြစ်သည်ဟု အခြေခံအားဖြင့်အဓိပ္ပါယ်ဖွင့်ဆိုရမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပထမပြင်ဆင်ချက်ဥပဒေ(၁၀)ချက်မှာဆိုရင် ဥပဒေကို လုံခြုံစိတ်ချရတဲ့ ခြံစည်းရိုးတစ်ခုလို့ ဥပမာပေးထားတာကို တွေ့ရပါတယ်။ အဲ့ဒီလုံခြုံစိတ်ချရတဲ့ခြံစည်းရိုးအတွင်းမှာ ပြည်သူအားလုံးဟာ တည်ငြိမ်အေးချမ်းစွာနဲ့ အသက်ရှင်နေထိုင်ခွင့် ရှိပါတယ်။ ဒါကဥပဒေရဲ့ အနှစ်သာရအပိုင်းပါ၊ ဥပဒေအားလုံးထဲမှာ အရေးအကြီးဆုံးနဲ့အမြင့်ဆုံးက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်ပြီး လူထုဆန္ဒနဲ့အတည်ပြုပါတယ်။ ထူးခြားတာက အခြေခံဥပဒေကို ပြည်သူ့ကိုယ်စားလှယ်များကသာ ရေးဆွဲခွင့်ရှိပြီး အခြားမည်သည့် အဖွဲ့စည်းကမှ ရေးဆွဲခွင့်မရှိပါဘူး။သို့သော်လည်း မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်တွေက သူတို့စိတ်တိုင်းကျရေးဆွဲထားတဲ့ အခြေခံ ဥပဒေကို အဓမ္မအတည်ပြုပြီး ရွေးကောက်ပွဲလုပ်တော့မှာပါ။စည်းကမ်းနဲ့ဥပဒေတို့ရဲ့ ခြားနားချက်ကိုတင်ပြပြီးတဲ့နောက် ဒီမိုကရေစီရဲ့ သဘောသဘာဝကိုတင်ပြပါ့မယ်၊ ဒီမိုကရေစီသည် လူထုအုပ်ချုပ်ရေးစံနစ်ဖြစ်သည် အာဏာသည်လူထုထံမှ ဆင်းသက်သည်ဟု ပညာရှင်များက အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်၊ ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်မှာ အခြေခံအကျဆုံးနဲ့အရေးအပါဆုံးသော အချက်(၃)ချက်ရှိပါ တယ်။ ပထမအချက်က လူ့အခွင့်ရေးများကိုလေးစားလိုက်နာခြင်း။ဒုတိယအချက်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးခြင်း။ တတိယနဲ့အရေးကြီးဆုံးအချက်ကတော့ တရားဥပဒေစိုးမိုး ခြင်းစသည်တို့ဖြစ်ပါတယ်။ အဲ့ဒီအချက်(၃)ချက်နဲ့ပြည့်စုံ တဲ့နိုင်ငံဟာ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီအခြေခံအချက်တွေ မရှိဘဲနဲ့တော့ ဒီမိုကရေစီလို့ ဘယ်လောက်ပဲကြွေးကြော် နေပါစေအရေခြုံထားတဲ့ ဒီမိုကရေစီသာဖြစ်ပါတယ်။ နောက်တစ်ချက်က တရားဥပဒေစိုးမိုရေးပါ၊ သာမန်အားဖြင့်လူအတော်များများ နားလည်ထားတာကနိုင်ငံတစ်နိုင်ငံ၏ဥပဒေများကို ယင်းနိုင်ငံမှပြည်သူများကလိုက်နာကျင့်သုံးခြင်းသည် တရားဥပဒေစိုးမိုးခြင်းဖြစ်သည် လို့ထင်တတ်ကြပါတယ်၊ အမှန်ကအဲ့ဒီလိုမဟုတ်ပါဘူး တရားဥပဒေရဲ့ရှေ့ မှောက်မှာလူအားလုံး တန်းတူညီတူရှိခြင်း၊ ဥပဒေချိုးဖေါက်သူ မှန်သမျှကို အပြစ်ပေးအရေးယူနိုင်တဲ့ လွတ်လပ်သောတရားစီရင်ရေးယန္တယားဖြစ်ခြင်း၊အစိုးရကိုယ်တိုင်က ဥပဒေများကို လိုက်နာကျင့် သုံးခြင်း၊ စတဲ့အချင်းအရာတွေနဲ့ပြည့်စုံမှသာ တရားဥပဒေစိုးမိုးခြင်းဖြစ်ပါတယ်။ သုတေသနပြုသူများရဲ့အဆိုအရ နိုင်ငံတနိုင်ငံမှာမည် သည့် အုပ်ချုပ်ရေးစံနစ်ဖြင့်အုပ်ချုပ်သည်ဖြစ်စေ တရားဥပဒေစိုးမိုးမှုရှိမယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေတယ်လို့ဆိုပါတယ်။ တရားဥပဒေစိုးမိုးမှုရှိမှသာနိုင်ငံတကာရင်းနှီးမြုတ်နှံမှုများ ပိုမိုရောက်ရှိလာနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိပါသ
လား ဆိုရင်တော့ လုံးဝမရှိပါဘူးလို့ပဲဖြေရမှာပါ ၊ အတိုက်အခံနိုင်ငံရေးပါတီဝင်များနဲ့ နိုင်ငံရေး လှုပ်ရှားသူကျောင်းသားလူငယ်များကို ဥပဒေမဲ့ဖမ်းဆီးတာ၊ ဥပဒေအရခုခံချေပခွင့်မပြုတာ၊ဥပဒေအကျိုးဆောင်များကို ဖမ်းဆီးထောင် ချတာ၊ နှိပ်စက်ညှင်းပန်းစစ်ဆေးလို့ရလာတဲ့ ထွက်ချက်တွေကို တရားရုံးမှာသက်သေတင်တာ၊ တရားရုံးတွေမှာဖြစ် သလိုစစ်ဆေးပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်တာ၊ စတဲ့အချက်တွေကိုကြည့်ရင် အစိုးရက တရားစီရင်ရေးမှာဝင်ရောက်လွှမ်းမိုးချုပ်ကိုင်ပြီး တရားစီ ရင်ရေးကိုလက်နှက်သဖွယ်အသုံးပြုနေတာဟာ အထင်အရှားဖြစ်ပါတယ်။

လက်ရှိအနေထားမှာ အစိုးရကိုယ်တိုင်က တရားလက်လွတ်လုပ်နေမှတော့ အနာဂတ်မှာ တရား
ဥပဒေစိုးမိုးရေးဆိုတာ ရွှေပြည်တော် မျှော်လေဝေး ပဲဖြစ်မှာပါ။ ဒါဆိုရင် စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆိုတာက ဘယ်အရာကိုဘယ်သဘောကိုဆိုလိုပါသလဲ၊ ဘယ်လို စည်းကမ်းမျိုးတွေဖြစ်ပါသလဲ၊ ဖြစ်နိုင်ချေရှိတာကတော့-ဒါတွေကိုမလုပ်ရဘူး၊ ဒီလောက်တော့လုပ်လို့ရမယ်၊ ဒါတွေကိုတော့ ငါတို့ကဘဲ လုပ်မယ်၊ ဒါတွေကတော့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ရမယ်၊ အစိုးရကိုအကြည်ညိုပျက်အောင်မလုပ်ရဘူး၊ မဆန့်ကျင်ရဘူး ၊အစိုးရမကောင်းကြောင်းမရေးရဘူး၊ မကောင်းတာတွေကိုနိုင်ငံခြားကိုမပြောရဘူး၊ အစရှိတဲ့စည်းကမ်းမျိုးတွေသာ ဖြစ်မယ်ထင်ပါတယ်။ စည်းကမ်းချိုးဖေါက်သူတွေအတွက် အပြစ်ဒဏ်များကိုတော့ ဥပဒေ နည်းဥပဒေများနှင့်အညီတိတိကျကျ သတ်မှတ် ပြဌာန်းထားမှာဖြစ်တဲ့အတွက် ပြည်သူအများစုကတော့ ကြောက်ပြီးစည်းကမ်းရှိသွားကြမှာ
ပါ။

မရှိနိုင်တာတွေကတော့ တရားဥပဒေစိုးမိုးရေးမရှိနိုင်ဘူး၊ လူ့အခွင့်ရေးများအပြည့်အ၀မရနိုင်ဘူး၊ လွတ်လပ်တဲ့
သတင်းမီဒီယာများ မရှိနိုင် ဘူး၊လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးမရှိနိုင်ဘူး၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲများ မဖြစ်နိုင်ဘူး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုများ မရာက်လာနိုင်ဘူး၊အစရှိတဲ့ အရာတွေပဲဖြစ်ပါတယ်။ အဲ့ဒီလိုနိုင်ငံမျိုးမှာ ပြည်သူလူထု အတွက်ကတော့ မရေရာတာတွေ ၊မသေချာ တာတွေ ၊မလုံခြုံတာတွေ ၊အဆင်မပြေတာတွေ၊စတဲ့လူမှုဒုက္ခ များသာဖြစ်မှာပါပဲ။မြန်မာနိုင်ငံသားအပေါင်းတို့ သင်တို့ရဲ့ လူသားဆန်မှုနဲ့ ဖြစ်တည်မှုတို့ကို သွေးစွန်းလက်ကြီးတွေက လုယူဖို့ပြင်ဆင်နေပါပြီ၊ စည်းကမ်းများဖြင့်မွန်းကျပ်နေပြီး တ၀က်တပျက်လူသားများအဖြစ် အသက်ရှင်ရပ်တည်သွားကြမှာလား၊ သို့တည်းမဟုတ် ခေါင်းမော့ရင်ကော့ပြီး တင်းပြည့်ကျပ်ပြည့်လူသားများအဖြစ်နဲ့ အသက်ရှင် ရပ်တည်သွားကြမှာလား ဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ကြပါလို့တိုက်တွန်းရင်း ဆောင်းပါး ကိုနိဂုံးချုပ်ပါရစေ။

အားလုံးကိုလေးစားပါတယ်။
ခင်မောင်ခန့်(၂၀-၁၂-၂၀၀၈)။....(သစ္စာ)......

ဆက်လက်ဖတ်ရူ့ရန်

“စံပယ်” လှုပ်ရှားမှုတွင် ပါဝင် အားဖြည့်လှုပ်ရှားကြပါရန်


ယနေ့ မြန်မာနိုင်ငံတွင် ပြည်သူလူထုတရပ်လုံး အထွေထွေကျပ်တည်းမှုများဖြင့် ဆင်းရဲဒုက္ခကျရောက် နေချိန် တွင် တိုင်းပြည်၏သယံဇာတများကို မတရားထုတ်ယူပြီး ကိုယ်ကျိုးစီးပွားအတွက်အလွဲသုံးစား၍ စည်းစိမ် စံစားနေသော အာဏာရှင်လူတန်းစားကို ပယ်ရှား တော်လှန်နိုင်ရန်နှင့် ယနေ့မတရားအကျဉ်း "စံ"နေရသော နိုင်ငံရေးအကျဉ်းသားများကို ထိုအကျဉ်းထောင်မှ"ပယ်"နိုင်ရေးအတွက် လူုငယ်များမှဦးဆောင်ပြီး "စံပယ်" ပန်းများကို ချိတ်ဆွဲဆင်ယင်ခြင်း၊ ဘုရားများတွင် ကပ်လှုပူဇော်ခြင်းများ လှုပ်ရှားဆောင်ရွက် မည်ဖြစ်ပါ သည်။ ပြည်သူလူထုတရပ်လုံးမှလည်း "စံ" နေသောသူများကို "ပယ်" ရှားရေးအတွက် "စံပယ်" လှုပ်ရှားမှုတွင်ပါဝင် အားဖြည့်လှုပ်ရှားကြပါရန် လေးနက်စွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။

တိုင်းပြည်ချစ်သော လူငယ်များ
စတင်ပြုလုပ်မည့်ရက်-- -အင်္ဂါ (23.12.08)
ကာလ-------------------(၂ ပတ်)

ဆက်လက်ဖတ်ရူ့ရန်

Merry X mas


သူငယ်ချင်းတို့ရေ ခရစ်စ်မတ်ရောက်ပြီးဆိုတော့ ယုန်လေးကနေ သူငယ်ချင်းတို့။ ကိုကို။ မမ။ ညီမလေးတွေ အားလုံးကို လက်ဆောင်ပေးမယ်နော်။ လိုချင်တဲ့လူတွေ လာယူလို့ရတယ်နော်၊ ဦးတဲ့လူတော့ အရင်ရမယ်။
နောက်ဆုံးလာတဲ့လူတော့ ကျန်တာပဲယူပေါ့နော်။ အားလုံးပဲ ပျော်ရွင်ပါစေလိုဆုမွန်ကောင်း တောင်းပေး လိုက်ပါ
တယ်။




















ဆက်လက်ဖတ်ရူ့ရန်

"စစ်အစိုးရက မတရားရက်ရက်စက်စက် ဖိနှိပ်နေလျက်နဲ့ ဘာလို့တော်လှန်နေကြတာလဲ?


ဘာလို့နိုင်ငံရေး လုပ်ကြတာလဲ?လို့ ကျနော်တို့ကိုမေးကြတဲ့သူတွေ အများကြီးရှိပါတယ်။ အဖြေကတော့ ကျနော် တို့ကျေးဇူးဆပ် နေကြတာပါ။ ကျနော်တို့ပေါ်မှာ ကျေးဇူးပြုခဲ့ကြဖူးတဲ့ တိုင်းသူပြည်သားတွေရဲ့ ကျေးဇူး၊ နောင်တော်အာဇာနည်တွေရဲ့ ကျေးဇူးတွေကို ဆပ်နေကြတာပါ။ သူတို့တွေဟာသူတို့ရဲ့ ခေတ်ကာလအလိုက် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက် အောင် အေးချမ်းစည်ပင်အောင်၊ နောက်ဆုံး အာဏာရူးငတုံးငမိုက်တွေကြောင့် <တိုင်းပြည်ကျွန်ဖြစ်ခဲ့ တုန်းကလည်း> ကျွန်ဘ၀က လွတ်အောင် စွမ်းဆောင်ခဲ့ကြပြီးပါပြီ။ သူတို့တွေ ခေတ်ရဲ့တာ ၀န် သမိုင်းတာဝန်ကျေခဲ့ပြီး ကြပါပြီ၊ အရင်လူတွေရဲ့ကျေးဇူးကို ဆပ်ပြီးတဲ့အပြင် နောင်လာမယ့်သူတွေ အတွက်လည်း ကျေးဇူးကျွေးကို ချပေးခဲ့ပါပြီ။ ကျနော်တို့ဒီကျေးဇူးကြွေးတွေကိုကြေအောင်ဆပ်နေရပါတယ်။ ကျနော်တို့ခေတ်မှာ ကျနော်တို့တိုင်းပြည်ကောင်းစားဖို့လိုပါတယ်။ ပြည်သူတွေဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်။ ဒါကျနော်တို့ရဲ့တာဝန်ပါ။ ကျနော် တို့ဆပ်ရမယ့် ကျေးဇူးကျွေးတွေပါ။ ကိုယ့်တာဝန်ကိုယ်သိကြပါ။ ကိုယ့်အကြွေး ကိုဆပ်ကြပါ။ တိုင်းပြည်ကောင်း စားဖို့လိုပါပြီ"

Generation Wave အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာပါ။၂၀၀၈ ခုနှစ် မတ်လ ၁၂ရက်နေ့မှာ ကိုဇေယျာသော် အပါအ၀င်အဖွဲ့ဝင် ၅ဦးနဲ့အတူ အဖမ်းဆီးခံခဲ့ရတဲ့ ကိုသီဟ၀င်းတင်ဟာလည်းထောင်ဒဏ် ၅နှစ် မတရားချမှတ်ခံ လိုက်ရပြီး မကြာသေးခင်ရက်ပိုင်းကပဲ ညောင်ဦးထောင်သို့ ပြောင်းရွှေ့အကျဉ်းချခံ လိုက်ရတာဖြစ်ပါတယ်။ရှေ့ရှေ့ က လမ်းပြချီတက်ခဲ့သူတွေနဲ့ ယခု အကျဉ်းကျနေတဲ့ GW အဖွဲ့ဝင်များရဲ့ကျေးဇူးကို ကျန်တဲ့အဖွဲ့ဝင် တွေကလည်း ကျေပွန်အောင် ပေးဆပ်သွားမှာဖြစ်တဲ့အကြောင်းကတိသစ္စာပြုအပ်ပါတယ်။

"သူငယ်ချင်းများ ရဲ့အိပ်မက်လှပါစေ"


ဆက်လက်ဖတ်ရူ့ရန်

"မြန်မာ့အရေး တွေးစရာ ရွေးစရာ"




လူတစ်ယောက်ရဲ့ ဘ၀ကိုသူ့ရဲ့ တွေးပုံတွေးနည်းကပြဌာန်းပါတယ်။ ဒီလိုပဲ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုဘ၀ တစ်ခုလုံးကို အဲဒီနိုင်ငံမှာရှိတဲ့ နိုင်ငံသားများရဲ့ တွေးပုံတွေးနည်းက ပြဌာန်းပါတယ်။

ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ အတိတ်ကဘယ်လိုတွေးခဲ့ကြသလဲဆိုတာကို ပြန်ပြီးဆန်းစစ် ဝေဖန်ဖို့လိုသလို အနာဂါတ်မှာ နိုင်ငံရေးရလဒ်ကောင်းတွေ ဖြစ်ပေါ်လာဖို့အတွက် ဘယ်လိုတွေး ကြမလဲ။ ဘယ်လိုနည်းလမ်းကောင်းတွေကို ရှာကြမလဲဆိုတာ စဉ်းစားကြဖို့လိုပါတယ်။ ဒီနေရာမှာ အတိတ်ကဘယ်လိုတွေးခဲ့လို့ မျက်မှောက်မှာ ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နေရတယ် ဆိုတာတွေ ကတော့ လူတော်တော်များများက ရှု့ဒေါင့်မျိုးစုံကနေ တင်ပြခဲ့ကြပြီးပြီးဖြစ်လို့ ဆောင်းပါးမှာ ထည့်မရေးတော့ပါဘူး။ အနာဂါတ်အတွက် ဘယ်လိုတွေးကြမလဲ ဘာကိုရွေးကြမလဲ ဆိုတဲ့အချက်ကိုဘဲ ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့က ဧရာဝတီ မဂ္ဂဇင်း အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ကျော်စွာမိုးရဲ့ ဆောင်းပါးမှာ မြန်မာ့အရေးလေ့လာသူ ကိုအောင်နိုင်ဦး တင်ပြဆွေးနွေးထားတဲ့ အချက်တစ်ချက်ကို ကောက်နုတ်တင်ပြရရင် " NLD အနေနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် ချွင်းချက်မထားဘဲ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုနေမည့်အစား စစ်အစိုးရထံသို့ ရှင်းလင်း ပြတ်သားသည့် အာဏာခွဲဝေယူရေး ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြေငြာသင့်တယ်" လို့ ဆွေးနွေးတင်ပြထားတာကို တွေ့ရပါတယ်။

တစ်ချို့ကလည်း ဘားမှမရှိတာထက်စာရင် တစ်ခုခုရှိတာက ပိုကောင်းပါတယ်လို့ဆိုတဲ့ အယူအဆမျိုးတွေကို တင်ပြကြသလို - န.အ.ဖ ကပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံပြီး ရသလောက်နဲ့ တဖြည်းဖြည်းချင်း ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် သွားတာက လက်ရှိအနေအထားထက်စာရင် တိုးတက်မှုတစ်စုံတစ်ရာရှိလာမှာဖြစ်တယ်ဆိုတဲ့ အယူအဆ တွေလည်း ပေါ်ထွက်လာပါတယ်။ တစ်ချို့ကတော့ န.အ.ဖ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေပဲဖြစ်ဖြစ် စစ်အာဏာရှင်များသာ ကြီးစိုးတဲ့ လွှတ်တော်လို့ပဲ ဆိုဆို အဓိကအားဖြင့်တော့ အရပ်သားများပါဝင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့သာဖြစ်ပြီး အဲဒီကမှ တဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သွားမယ်ဆိုတဲ့ အယူအဆတွေလည်းဘဲ ပြောဆိုလာကြပါတယ်။

အထက်ပါအယူအဆအကြောင်းအရာတွေကို ခြုံငုံသုံးသပ်ကြည့်တဲ့အခါ အားလုံးဟာ န.အ.ဖ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံပြီး ရသလောက်အာဏာကို ခွဲဝေယူတဲ့ နည်းလမ်းတွေဆိုတာ ထင်ရှားပါတယ်။ တကယ်တော့ ကျွန်တော်တို့အားလုံး (အတိုက်အခံ အင်အားစုများ) ကြိုးစားနေကြတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာစစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် စတင်ဖြစ်ထွန်း ပေါ်ပေါက်ဖို့သာဖြစ်ပါတယ်။ ဒီထက်ပိုပြီးပြောရရင် တရားဥပဒေစိုးမိုးခြင်း၊ လူ့အခွင့်အရေးများကို လေးစားလိုက်နာခြင်း၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲများ ကျင်းပ ပေးခြင်း စတဲ့အခြေခံအချက်တွေနဲ့ ပြည့်စုံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ် တစ်ခုနဲ့ အစိုးရတစ်ရပ် ဖြစ်ပေါ်လာရေးပါပဲ။

၁၉၉၅ ခုနှစ်က လူထုဟောပြောပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့ " ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးလုပ်နေတဲ့ ရည်ရွယ်ချက်က အာဏာရဖို့မဟုတ်ဘူး။ ပြည်သူလူထုအားလုံး ဒီမိုကရေစီရရှိဖို့ အတွက်သာအဓိကဖြစ်ပါတယ်။" လို့ အတိအလင်းပြောခဲ့ပါတယ်။

ပြည်ပမှ ရပ်တည်လှုပ်ရှားနေတဲ့ တစ်ချို့အင်အားစုတွေကတော့ တော်လှန်ရေး မအောင်မြင် ရတာဟာ သဘောထားကွဲလွဲနေတာတွေ မညီညွတ်တာတွေကြောင့် ဖြစ်ရတာလို့ယူဆပါတယ်။ ဒါကြောင့် ညီညွှတ်ရေးတည်ဆောက်ပြီး တပ်ပေါင်းစုပုံစံနဲ့ တိုက်ဖို့ ပြောကြပါတယ်။ တစ်ချို့ကတော့ ညီညွတ်ရေးကကောင်းပါတယ်တဲ့။ သို့သော်လည်း ညီညွတ်ရေးတည်ဆောက်တာကိုပဲ အလုပ်တစ်ခုလို မဖြစ်ဖြစ်အောင် ကြိုးစားနေမယ့်အစား ကိုယ်ပါဝင်ရမဲ့ အခန်း ကဏ္ဍကိုသာ ပီပြင်အောင် သေသေချာချာလုပ်ရင်းနဲ့ သူ့အလိုလို ညီညွတ်သွားမှာပါလို့လည်းဘဲ ဆိုကြပါတယ်။

ပည်ပမှာရှိတဲ့ ပညာရှင်များ ဒေသတွင်းနိုင်ငံတစ်ချို့က ခေါင်းဆောင်များကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမှာက အရင်ဖြစ်တယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ဒီမိုကရေစီ ဖြစ်ထွန်းဖို့ တွန်းအားပေးသွားမယ်ဆိုတဲ့ အယူအဆတွေလည်း တင်ပြကြပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့အားလုံးရဲ့ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင် ယန္တရား ကြီးကို အပြီးတိုင်ဖယ်ရှားပစ်ဖို့ပါဘဲ။
ကျွန်တော်တို့ရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ အစိုးရကိုဖြုတ်ချဘို့ ဆန္ဒပြနေတဲ့လူထုက စစ်တပ်ကိုအာဏာသိမ်းစေချင်ပေမဲ့ စစ်ဦးစီးချုပ်-ဗိုလ်ချုပ်ကြီးအနုပေါင်ကတော့ အာဏာသိမ်းဘို့ ငြင်းဆန်ပါတယ်၊ တိုင်းပြည် လက်ရှိပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ သာဖြေရှင်းရမှာဖြစ်ပြီး စစ်တပ်ကအာဏာသိမ်း ခြင်းကြောင့် ပြဿနာတွေပြေလည်သွားဘို့ ဆိုတာလုံးဝ မဖြစ်နိုင်ပါဘူးလို့  ပြောပါတယ်။ မြန်မာ့ တပ်မတော်ခေါင်းဆောင်ပိုင်းမှာ ဒီလိုမျိုးတွေးခေါ်သူတွေ ရှိဘို့ လိုပါတယ်။

နအဖ-ရဲ ရပ်တည်ချက်နဲ မူဝါဒသဘောတရားကိုလေ့လာကြည့်တဲ့အခါမှာ ထင်ရှားတဲ့ အချက်တွေက နအဖ ဟာစည်းကမ်းပြည့်ဝသောဒီမိုကရေစီလို့ ကြွေးကြော်ပြီး ဒီမိုကရေစီအရေခြုံ ထားတာကို တွေ့ရတယ်။ တကယ်တော့ န.အ.ဖ က ဒီမိုကရေစီကိုမကျင့်သုံးချင်ပါဘူး ဒီမိုကရေစီရဲ့ အခြေခံ အချက်တွေ တန်ဘိုးတွေကို လေးစားလိုက်နာဖို့ မစဉ်းစားပါဘူး၊ သူတို့ကသူတို့ စိတ် တိုင်းကျရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ လမ်းပြမြေပုံအတိုင်းဆက်သွားမဲ့သဘောပါ။ တွေ့ဆုံဆွေးနွေးရေး လုပ်ရလောက်အောင် သူတိုမှာ နိုင်ငံရေးအကျပ်အတည်း မရှိဘူးလို့ ထင်နေတယ်။ လူထုကို အကြောက်တရားနဲ့ ထိမ်းထားနိုင်မယ်လို့ ယူဆထားတယ်၊ ဒါ့ကြောင့်လည်း ဘယ်သူနဲ့ မှ မဆွေးနွေးနိုင်ဘူးဆိုပြီး ခေါင်းမာနေတာပါ။

သို့သော်လည်းပဲ ဒီလိုမျိုးတင်းမာတဲ့ အယူအဆရှိသူတွေက ဗိုလ်သန်းရွှေနဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ချို့ သာဖြစ်ပြီးအချို့ သောအဆင့်မြင့်အရာရှိတွေကတော့ ကုလသမ္မဂ္ဂ နဲ့ နိုင်ငံ တကာဖိအားတွေကိုလျော့စေဘို့ နောက်ပြီးအမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံ ရေးအဆင်ပြေစေဘို့ အတွက် အတိုက်အခံတွေနဲ့ ပျော့ပျော့ပြောင်းပြောင်းဆက်ဆံပြီး ထိမ်းထိမ်းသိမ်းသိမ်း လုပ်ချင်ပုံရတယ်လို့ သတင်းတွေလည်းပဲ ထွက်ပေါ်လာပါတယ်။ ဒီအချက်ကိုကြည့်ရင် နအဖ-ရဲ့ တင်းမာတဲ့ရပ်တည်ချက်ဟာ ဒဏ်သေတော့မဟုတ်ဘူး တစ်ချိန်မှာ ပြောင်းလည်းလာနိုင် တယ်ဆိုတာ သုံးသပ်လို့ ရပါတယ်။ နောက်တစ်ချက်က တရုပ် နဲ့ အိန္ဒိယတို့ လို နအဖ-အားကိုးနေရတဲ့ နိုင်ငံတွေကိုချဉ်းကပ်ပြီး အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးအရတိုးတက်မှုတွေဖြစ်ပေါ် လာဘို့ အတွက် ဖိအားပေးခိုင်းတာမျိုးတွေကိုလည်း တဖက်တလမ်းကလုပ်သင့်ပါတယ်။

ဆက်လက်ပြီး တင်ပြမဲ့အရေးပါတဲ့ အကြောင်းအရာတစ်ခုက (၁၉၉၀) ရွေးကောက်ပွဲ ရလဒ်ဖြစ်ပါတယ်။ ဒါကို မသိကျိုးကြွံပြုပြီး သမိုင်းမှာဒီအတိုင်းထားခဲ့လို မရပါဘူး၊ နအဖ-အနေနဲ့ (၁၉၉၀) ရွေးကောက်ပွဲရလဒ်ကို အတိုင်းအတာတစ်ခုထိ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ ဇွတ်ငြင်းနေမယ်ဆိုရင် ဒီကိစ္စဟာ သမိုင်းမှာအမဲစက်ကြီးတစ်ခုဖြစ်ကျန်ခဲ့ပြီး နောင်မှာ လည်း ဒီအရိပ်မဲကြီးက ထိုးနေအုံးမှာပါပဲ။ ဒါကြောင့်မှို့ လို့ NLD-ကတင်ထားတဲ့ လွှတ်တော်ဖွဲ့ စည်း ရေးနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအချေခံဥပဒေကို ပြန်လည်သုံးသပ်ရေး (Review) ကော်မတီ ဖွဲ့စည်းဘို့ တောင်းဆိုထားတဲ့ အချက်ကိုအပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတစ်ခုအဖြစ် န.အ.ဖ ဖက်က လက်ခံစဉ်းစားရမှာ ဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့် NLD အနေနဲ့ ကလည်း နအဖ-ရဲ့လမ်းပြမြေပုံကို မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းစတစ်ခုအနေနဲ့ လက်ခံအသိအမှတ်ပြု ပြီး ဆွေးနွေးပွဲတွေကို စတင်ဖို့ ကမ်းလှမ်းသင့်တယ်လို့  မြင်ပါတယ်။ နှစ်ဖက်စလုံးက မိတ်ဆွေလိုသဘောထားပြီး ညှိနှိုင်းဆွေး နွေး ကြမယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ မြန်မာပြည်သူများနဲ့ နိုင်ငံတကာ က လက်ခံတဲ့အဆင့်ကို ရောက်လာမှာဖြစ်ပါတယ်။

အခုဆိုရင်(၂၀၁၀)ရွေးကောက်ပွဲက နီးကပ်လာပြီဖြစ်ပါတယ်၊ ဒီအတောအတွင်းမှာအဓိက အတိုက်အခံဖြစ်တဲ့ NLD အနေနဲ့ အရေးပါပြီး အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုကို စနစ်တကျ ဖေါ်ဆောင်နှိုင်ဘို့ အတွက် ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများက NLD ကိုဝန်းရန်ဘို့ လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အစိုးရနဲ့ စကားပြောမဲ့ဆွေးနွေးမဲ့ အဖွဲ့ အစည်းဟာ ပြည်သူနဲ့ အတိုက်အခံအဖွဲ့ စည်းအားလုံးကို ကိုယ်စားပြုတဲ့ အနေထားရှိမှသာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ကြေငြာချက်တွေကို ပြုလုပ်နှိုင်မှာဖြစ်ပါတယ်။ အထူးသတိထားရမှာကတော့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ ထင်သာမြင်သာတဲ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု တွေရရှိဖို့ ဖြစ်ပါတယ်။ အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲလွန်သွားမယ်ဆိုရင်တော့ နိုင်ငံရေး အခင်းအကျင်းတွေဟာ ပြောင်းလဲ သွားပြီး အခြေအနေတွေ ပိုပြီးရှုပ်ထွေး ပိုပြီးခက်ခဲလာမှာဖြစ်ပါတယ်။

အချုပ်အားဖြင့် တင်ပြရရင် ကျွန်တော်တို့ နိုင်ငံရဲ့ လူမှုအဆောက် အအုံကြီးတစ်ခုလုံးဟာ အသစ်ပြန်ပြီးတည်ဆောက်ရမဲ့ အနေအထားကိုရောက်နေပါပြီ။ ဒီနေရာမှာအရေးကြီးဆုံးကတော့ တိုင်းရင်းသားများအပါအ၀င် ပြည်သူလူထုအားလုံး အကျိုးရှိမဲ့ မှန်ကန်တဲ့နည်းလမ်းကောင်းတွေကို ရှာဖွေပြီး အတူတကွပူးပေါင်းဆောင်ရွက်ကြဘို့ လိုပါတယ်။ အစိုးရဖက်ကရော အတိုက်အခံတွေ ဖက်ကပါ မိမိတို့ မှာရှိနေတဲ့ မမှန်ကန်တဲ့အတွေးတွေ၊ စိတ်ဆိုးစိတ်ဆာတွေကို မြင်အောင်ကြည့်ပြီး နှစ်ဖက်စလုံးက ပြောင်းလည်းဘို့ ဝန်မလေးကြပဲ တိုင်းပြည်အတွက်သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူ ဖို့အချိန်တန်ပါပြီ။ ထို့အပြင် ပြည်သူလူထု အားလုံးကလည်း မိမိတို့ရဲ့ စိတ်ဆိုး စိတ်ဆာတွေ တစ်ကိုယ်ကောင်းဆန်မှုတွေကို ပြောင်းလည်းပြီး ကျွန်တော်တို့ ရဲ့ ပြဿနာတွေကိုကျွန်တော်တို့ အချင်းချင်းကပဲ ဖြေရှင်းနှိုင်ကြမယ်ဆိုရင်--။ ကျွန်တော်တို့ အားလုံးညီညွတ်ကြမယ်ဆိုရင်--။ ကျွန်တော်တို့ မှာ စိတ်ကောင်းစေတနာကောင်းတွေ ရှိကြမယ်ဆိုရင်--။

ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ တိုင်းရင်းသား ပြည်သူလူထုအားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့ဘွယ်ကောင်းတဲ့ မနက်ဖြန်များကို ရရှိကြမှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

ခင်မောင်ခန့် ။

မှတ်ချက်။ ။ လမ်းပြမြေပုံကိုလက်ခံခြင်းမှာ ဆွေးနွေးပွဲများစတင်နှိုင်ရေးအတွက်သာဖြစ်ပြီး၊ (န.အ.ဖ)
ရေးဆွဲထားသည့်အချေခံဥပဒေနှင့်၂၀၁၀-ရွေးကောက်ပွဲကိုလက်ခံခြင်းမဟုတ်ပါ။်
တဆင့်....ဖိုးကျော်.....
ဆက်လက်ဖတ်ရူ့ရန်

စစ်အစိုးရအတိုက်အခံမြန်မာဘလောင်္ဂ့များ (၂)

ကျွန်တော်တို့တိုင်းပြည်ဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်ဆိုးရဲ့အောက်မှာ ဘာအညွန့်မှ မထွက်နိုင်အောင်ရှိနေတဲ့ တိုင်းပြည်တစ်ပြည်ပဲဖြစ်ပါတယ်။ စစ်အစိုးရဟာ သူတို့အာဏာရှင်လက်တစ်ဆုပ်စာရဲ့ ငြိမ်းချမ်းရေးနဲ့ ဇိမ်ခံရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဒါမှမဟုတ် သူတို့ရဲ့ အုပ်ချုပ်ရေးယန္တယားမှာ အသုံးချနိုင်ဖို့အတွက်လောက်ကိုသာ ရည်ရွယ်ပြီး စစ်အမိန့်ကိုနာခံတတ်စေမယ့် ဒီအမိန့်တွေပေါ်မှာ အခြေခံပြီး ကိုယ်ကျိုးစီးပွားရှာကြံတတ်စေယုံလောက်သာရည်ရွယ်ပြီး စစ်ကျွန်ပညာရေးစနစ်နဲ့ နှေစ်နှစ်ဆယ်လုံးလုံး လူငယ်တွေရဲ့ အသိဥာဏ်တွေကို စာသင်ခန်းများအတွင်းမှာ ကျကျနနကြီးကို ဖျက်ဆီးခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ရဲ့ စစ်ကျွန်ပညာရေးစနစ်တွေအတွင်းက သခင်အားရကျွန်ပါးဝဆိုတဲ့ စစ်ကျွန်လူတန်းစားနှင့်အတူပေါက်ဖွားလာခဲ့တာက စစ်အုပ်ချုပ်ရေးကိုလုံးဝမလိုလားပဲ တော်လှန်ရေးစိတ်ဓာတ်သန္ဓေကိုအသွေးထဲအသားထဲကပါ တည်လာတဲ့ မျိုးဆက်တွေကို ပေါက်ဖွားစေခဲ့ပါတယ်။
ဒီမျိုးဆက်တွေကို ပထမပိုင်းတွေမှာ နိုင်ငံရေးလောကသားတွေနဲ့ ပညာတက်အသိုင်းအ၀ိုင်းကပုဂ္ဂိုလ်တွေဟာ ပေါ်ပင်ယဉ်ကျေးမှုတွေကို ခုံမင်နေသူရယ်လို့ ကင်ပွန်းတတ်ကာ သူတို့ရဲ့ နိုင်ငံရေးအမြင်တွေနဲ့ ခပ်ဝေးဝေးနေလိုသူတွေ ရယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကဗ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ရွှေဝါရောင်တော်လှန်းရေးအဖြစ် ထင်ရှားကျော်ကြားတဲ့ ရဟန်းသံဃာတော်များဦးဆောင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်းမှာတော့ နိုင်ငံရေးနဲ့ ခပ်ဝေးဝေးမှာနေလိုကြတယ်လို့ သူတို့ထင်မြင်ထားကြတဲ့ ကျွန်တော်တို့မျိုးဆက်တွေဟာ နှစ်နှစ်ဆယ်လုံးလုံးကောင်းမွန်စွာ အလံလွှင့်ထူနိုင်ခဲ့ကြတဲ့ ဒေါင်းအလံကို ဗကသ (ဗမာပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ) သီချင်းကို သံပြိုင်ရွတ်ဆိုလျှက် ကတ္တရာလမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီအရေးအတွက် တောင်းဆိုခဲ့ကြတာကို ကောင်းကောင်းကြီးမြင်တွေ့ခဲ့ကြမှာပါ။

ကျွန်တော်တို့တတွေဟာ လက်ဝဲဆန်စွာဖြင့် ငြိမ်းချမ်းစွာနေထိုင်လိုကြသူတွေဖြစ်သလို ငြိမ်းချမ်းစွာနေထိုင်နိုင်ကြစေဖို့ အတွက် လက်ဝဲဆန်စွာဖြင့်တော်လှန်ရေးဆင်နွဲလိုကြသူများလည်းဖြစ်ပါတယ်။ ဒါဟာ 1980 လွန် ခုနှစ်တွေမှာ မွေးဖွား လာကြတဲ့ ကျွန်တော်တို့မျိုးဆက်တွေရဲ့ ခံယူချက်ပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်မြင်တွေ့နေကြရတဲ့ အခြားတိုင်းပြည်က လူငယ်တွေရဲ့ ဘ၀လို တိုးတက်ချင်တဲ့ဆန္ဓတွေကြောင့် ကျွန်တော်တို့ဟာ စာတွေဖတ်ခဲ့ကြတယ်။ ကျွန်တော်တို့ဖတ်ခဲ့ကြတဲ့စာအုပ်တွေအတော်များများဟာ ဆိုရှယ်လစ်စနစ်ကိုဖြတ်သန်းခဲ့ရတဲ့ ကျွန်တော်တို့တိုင်းပြည် မှာ အပေါများဆုံးစာအုပ်ဖြစ်တဲ့ လက်ယာဆန်တဲ့ စာအုပ်တွေပါသလို ဂလိုဘယ်လိုက်ဇေးရှင်းတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေပါဝင်ခဲ့တယ်။ ဒီတော့ ကျွန်တော်တို့အမြင်တွေဟာ စစ်အစိုးရထင်ထားသလို ၀ါးလုံးခေါင်းထဲ လသာနေတဲ့ ဘ၀ဆိုတာမျိုးတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ကြပါတယ်။

ကျွန်တော်တို့လူငယ်တွေအားလုံးရဲ့ စိတ်ခံစားမှုတွေထဲမှာလဲ အခြားတိုင်းပြည်ကလူငယ်တွေလို မထွန်းပြောင်နိုင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်ထားကြတယ် ဆိုပေမယ့် ကျွန်တော်တို့ဟာ တစ်ကျောင်းတစ်ဂါထာနဲ့ ကြိုးစားနေကြသူတွေပဲဖြစ်ပါတယ်။ ဒီလိုတွေ ကြိုးစားလေ့လာ နေကြရင်း ကျွန်တော်တို့ဟာ အမှန်တရား၊ တရားမျှတခြင်းနဲ့ အခွင့်အရေးဆိုတဲ့အကြောင်းအရာတွေကို လက်တွေ့လူမှု ဘ၀အတွင်းက အတွေ့အကြုံတွေနဲ့ချိန်ထိုးစဉ်းစားကြည့်တော့ အမှန်တရား၊ တရားမျှတခြင်းနဲ့ အခွင့်အရေးဆိုတာ ဘာဆိုဘာမှမရှိတဲ့ ကျွန်တော်တို့ဘ၀တွေကို မြင်ယောင်လာမိပါတယ်။ ဒီအကြောင်းအရာတွေဟာ ကျွန်တော်တို့ မိဘ တွေလည်း ဘာဆိုဘာမှ လုပ်မပေးနိုင်ခဲ့ပါဘူး။ 1990 ရွေးကောက်ပွဲမှာတုန်းကလည်း ကျွန်တော်တို့မိဘတွေဟာ ကျွန်တော်တို့အတွက် သူတို့လုပ်ပေးနိုင်တာကို လုပ်ပေးခဲ့ကြပြီးပါပြီ။ သူတို့မျှော်လင့်သလို ကျွန်တော်တို့ဘ၀တွေ ဖြစ်မလာတာက သူတို့ရဲ့ရွေးချယ်မှုမှားခဲ့လို့လား။ မဖြစ်နိုင်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ဘ၀တွေအတွက်အကောင်းမွန်ဆုံးရွေးချယ်မှုတွေကို လုပ်ခဲ့ကြတာပဲလေ။ ဖြစ်မလာတာတော့ သူတို့မဆိုင်ပါဘူး။ မျက်နှာပြောင်တိုက်ပြီး အာဏာကို ဖင်ခုထိုင်ထားကြတဲ့ အစိမ်းရောင်ဝတ် ပုဂ္ဂိုလ်တွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်။

ကျွန်တော်တို့မျိုးဆက်တွေက စိတ်ခံစားမှုတွေက ရှင်းပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ စကားလုံးကြီးတွေနဲ့ ပေါက်ပေါက်မဖောက်တတ်ကြသလို နိုင်ငံရေးဆိုတာကို ပညာရေးလောက် စိတ်မ၀င်စားချင်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နိစဓူဝကိစ္စရပ်တွေအားလုံးဟာ နိုင်ငံရေးသာဖြစ်နေတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ရဲ့ စာလောင်မွတ်သိပ်လျှက်ရှိနေတဲ့ အသိဥာဏ်တွေက ပြောပြနေကြပါတယ်။ အနာဂတ်မသေခြာမှုတွေက ရှင်းပြနေကြပါတယ်။ လုပ်ငန်းခွင်မတိုးတက်မှုတွေက သက်သေထူနေကြပါတယ်။ ဒါဟာ အဆိုးသံသရာက မလွတ်နိုင်ကြတဲ့ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ ဘ၀ပဲဖြစ်ပါတယ်။

ဒီလိုနောက်ခံအကြောင်းအရာများစွာနဲ့အတူ ကျွန်တော်တို့အတွက် စစ်ရေးတော်လှန်ရေး ဒါမှမဟုတ် မီဒီယာတော်လှန်အသွင်နဲ့ သမိုင်းအတွက်လိုအပ်နေတဲ့ ကွက်လပ်တွေမှာ ဖြည့်စည်းဖို့ ကျွန်တော်တို့ မီဒီယာတိုက်ပွဲ ဆင်နွဲဖို့ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ဟာ အစိုးရရဲ့ သတင်းလက်ဝါးကြီးအုပ်မှု အမျိုးသားအကျိုးစီးပွားဆိုတာထက် စစ်တပ်အကျိုးစီးပွားကို ပြည်သူတွေတစ်ရပ်လုံးက ဆောင်ရွက်ပေးနေကြရတဲ့ ဒီလိုခေတ်ကြီးထဲမှာ ကျွန်တော်တို့ဟာ အစိုးရရဲ့ သတင်းလက်ဝါးကြီးအုပ် ချုပ်ကိုင်မှုတွေကို မျက်လုံးထဲမထည့်ပဲ အမှန်တရား…လူအခွင့်အရေး…စစ်မှန်တဲ့ အမျိုးသားအကျိုးစီးပွားတွေအတွက် ကျွန်တော်တို့ ဘလော့ခ်တွေရေးသားခဲ့ကြပါတယ်။

ဂရိပုံပြင်တွေထဲကလို ကျွန်တော်တို့ဟာ မြင်းရိုင်းတွေကို ယဉ်ပါးအောင်ပြုလုပ်ပြီး တိုင်းပြည်အတွက် သမိုင်းအတွက် စစ်ထွက်တိုက်ခဲ့ကြတဲ့ ဟက်တာတွေရဲ့ခေတ်မှာ လူဖြစ်ကြီးပြင်ခဲ့ကြတာမဟုတ်ခဲ့ပေမယ့် ဒါကြောင့် လက်ရုံးရည်ပိုင်း မှာတော့ ကျွန်တော်တို့ဟာ သူတို့ကို မမှီနိုင်ပါဘူး။ ဒါပေမယ့် နည်းပညာရပ်တွေ အံ့မခန်းတိုးတက်နေတဲ့ နှစ်ဆယ့်တစ်ရာစုထဲမှာ လူဖြစ်ကြီးပြင်းလာကြရတဲ့အတွက် နိုင်ငံအတွက် သမိုင်းအတွက်ကို ကျွန်တော်တို့(IT) ကို ဆွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ ဟက်တာ မဖြစ်ခဲ့ကြပေမယ့် တိုင်းပြည်ရဲ့ ဘလောဂါ တွေဖြစ်ခဲ့ကြရပါတယ်။

ကျွန်တော်တို့ဟာ ဘလော့ဂါဘ၀တွေကို ညိုငြင်မှုတွေ ပတ်လည်ဝိုင်းနေတဲ့ကြားက သမိုင်းအတွက် ခံမင်စွာခံယူခဲ့ကြ ပြီးပါပြီ။ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ ခရီးရှည်ကြီးတစ်ခုဟာ ကျွန်တော်တို့ကို စောင့်ကြိုလျှက်ရှိနေပါတယ်။ ဒါကို ကျွန်တော်တို့ သိပေမယ့် ကျွန်တော်တို့ ရှေ့ကို ဆက်သွားကြရမှာပါ။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်…ကျွန်တော်တို့ လူမျိုးတွေအတွက် လူ့အခွင့်အရေးတွေအတွက်ပဲဖြစ်ပါတယ်။

စစ်အစိုးရရဲ့ နည်းပညာပိုင်းဆိုင်ရာထောက်လှမ်းမှုတွေကြောင့် ရဲဘော်ရဲဘက်ဘလော့ဂါအချို့ ပဲကြွေခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် သူတို့တွေရဲ့နေရာတွေအတွက် ထောင်ပေါင်း သိန်းပေါင်းများစွာသော ကျွန်တော်တို့လူငယ်တွေဟာ ကိုယ်နည်းကိုယ်ဟန် ကိုယ်ပိုက်ဆံတွေနဲ့ လေ့လာသင်ယူပြီး ဘယ်သူဘယ်ဝါတွေရဲ့ ညွှန်ကြားချက်တစ်စုံတစ်ခုမှ မပါဘဲ ကိုယ်အသိစိတ်ဓာတ် ကိုယ်စီနဲ့ ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်အပါအ၀င် လက်ရှိရေးသားနေကြတဲ့ ဘလော့ဂါတွေ ပဲကြွေးသွားခဲ့သည်တိုင်အောင် ကျွန်တော်တို့တာဝန်တွေကို ပြောင်းလဲယူ မယ့် ကျွန်တော်တို့မျိုးဆက်တွေဟာ တည်ငြိမ်အေးချမ်းမှုတွေကို မရမချင်း အမှန်တရားတွေမပေါ်ထွန်းမချင်း ပြည်ဝတဲ့ လူ့အခွင့်အရေးတွေ မရမချင်း ဒေါင်းအလံတွေ မလွင့်ထူနိုင်မချင်း (IT) ကို ဆွဲကိုင်ပြီး တိုက်ပွဲဝင် ဆင်နွဲသွားကြမှာဖြစ်ပါတယ်။

မင်းထက်ဘုန်းမြတ်
ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates