
ကရင်ပြည်နယ် မြ၀တီခရိုင်၊ ဝေါ်လေဒေသမှာ လှုပ်ရှားနေတဲ့ နအဖစစ်တပ်နဲ့ ဒေသခံအာဏာပိုင်တွေဟာ ဒေသခံ ပြည်သူတွေကို ခေါ်တွေ့စည်းရုံးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလ မတ် ၂၃ရက်က ဝေါ်လေကျေးရွာဥက္ကဌ ဦးထွန်းရီ၊ အတွင်းရေးမှူး မျိုးကြည်နှင့် စကခ (၅) ဗျူဟာ(၁)မှ အာဏာပိုင်တချို့တွေဟာ ဝေါ်လေဒေ သမှာရှိတဲ့ ဝေါ်လေ၊ ထီးသဲလယ်၊ အူကလေ့ထာ့၊ ကလော်ဝေါ်၊ ကော်ဆယ် ကျေရွာတွေက ရွာသူကြီးတွေကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
ခေါ်ယူတွေ့ဆုံပွဲကို သွားရောက်တက်ခဲ့တဲ့ ဒေသခံရွာသားတစ်ဦးက အခုလိုပြောပါတယ်။
“ခေါ်တွေ့တဲ့ကိစ္စကတော့ ပြောင်းစိုက်မယ့်ရွာသားတွေကို စားရင်းပေးဖို့ သူတို့ပြောင်းမျိုး စေ့တွေချပေးမယ်။ နောက်တခုက မှတ်ပုံတင်ရိုက်ချင်တဲ့ ရွာသားတွေရှိရင် နာမည်ပေးဖို့၊ နောက်ပြီး ရွာတရွာမှာ ကျောင်းသူကျောင်းသား ဦးရေနဲ့ သင်ယူတဲ့အတန်း ပညာတွေကို တင်ပြဖို့ပြောတယ်။ အသေးစိတ်ကိုတော့ ရှင်းပြတာမရှိဘူး”
အဲဒီအပြင် “ ရွှေဖားစည်”အမည်ရှိ လက်ကမ်းစာစောင်တခုကိုလည်း ဒေသခံ ရွာသူကြီးတွေကို ပေးဝေခဲ့တယ်လို့ သိရပါတယ်။ စာစောင်ထဲမှာ နိုင်ငံတော်ဖွဲ့စည်းပုံ၊ လမ်းပန်းဆက်သွယ်ရေး အကြောင်း၊ ကေအဲန်ယူ တပ်ဖွဲ့ဝင်တွေကို ထိုးစစ်ဆင်တဲ့ နောက်ခံသမိုင်းကြောင်းနဲ့ မုလအိဆံတော်ရှင် ဘုရားအကြောင်းတွေ ရေးထားတယ်လို့ ဆိုပါတယ်။
ဝေါ်လေဒေသမှာ လွန်ခဲ့တဲ့ ၅ လက နအဖစစ်တပ်တွေနဲ့ ကရင်အဖွဲ့ဝင်တွေအကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူ ၁ သောင်းကျော်လောက် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေး ခိုလှုံခဲ့ရပါတယ်။ ဒါပေမယ့် သေခံအနည်းစုကသာ ဝေါ်လေရွာကိုပြန်လာပြီး အများစုကတော့ ထိုင်းနယ်စပ်တွေမှာ ရှိနေသေးတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းက ပြောသွားပါတယ်။
ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ် တနေရာမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ဝေါ်လေဒေသမှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အခြေအနေတွ ရှိနေသေးတာကြောင့် မပြန်ရဲသေးတာဖြစ်တယ်။
ထိုင်းနယ်စပ်မှာ ပုန်းအောင်းခိုလှုံနေရဆဲဖြစ်တဲ့ စစ်ပြေးဒုက္ခသည်တွေကို တီဘီဘီ စီ(Thai-Burma Border Consortium)နဲ့ နယ်စပ်အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဆန်ရိက္ခာနဲ့ ခိုလှုံစရာ အမိုးအကာတွေကို ထောက်ပံ့ ပေးထားတယ်လို့ သိရပါတယ်။
Source: KIC
0 comments:
Post a Comment