ဆူနာမီကြောင့် ကုန်ပစ္စည်းပြတ်လပ်မှု ကြုံနေရဟု ဂျပန်ရောက်ကရင်များပြော



ဆူနာမီကြောင့် ကုန်ပစ္စည်းပြတ်လပ်မှု ကြုံနေရဟု ဂျပန်ရောက်ကရင်များပြော

ဂျပန်နိုင်ငံမှာ ငလျင် နဲ့ ဆူနာမီ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေးတချို့ကို ရပ်ဆိုင်းရတာကြောင့် စားသောက်ကုန် ပြတ်လတ်မှုနဲ့ ကြုံရတယ်လို့ ဂျပန်ရောက် ကရင်လူထုက ပြောပါတယ်။


“ငလျှင်လုပ်ပြီး တစ်ရက်နှစ်ရက် အကြာမှာ ဆန်၊ ပေါင်မုန့်၊ ရေ၊ ခေါက်ဆွဲထုတ်၊ ကြက်ဥ။ ဒိန်ချဉ်၊ တစ်ရှူးတွေ မရှိတော့ဘူး။ အားလုံးက ၀ယ်ယူသိုလှောင်ကြတယ်လေ။ မနေ့က ကျမဆန်သွားဝယ်တာ တစ်ထုတ်ပဲ ကျန်တော့တယ်။ နောက်တစ်ရက် ဆူးပါမားကတ်တွေမှာ သွားရှာဝယ်ပေမယ့် ဆန်တွေကို တစ်ယောက် တစ်ထုတ်ဆီပဲ ပေးကြတယ်” လို့ ဂျန်ပန်ရောက် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဂျန်ပန်အဖွဲ့မှ နော်အယ်မူးက ဆိုပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပုံမှန်ပြေးဆွဲနေတဲ့ မီးရထားတွေ၊ ဘစ်ကားတွေဟာ ပုံမှန်မသွားနိုင်တော့တဲ့ အတွက် တချို့လုပ်ငန်းတွေကို ရပ်နားထားရပြီး စားသောက်ဆိုင်တွေကိုလည်း ပိတ်ထားရတယ် လို့ သိရပါတယ်။


“သွားရေးလာရေးအတွက်တော့ အခုချိန်ထိ သိပ်အဆင်မပြေသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုက ဓါတ်ဆီတွေလည်း ပြတ်နေပြီး။ အဲ့ဒါကြောင့် အစားအစာတွေ၊ ကုန်ပစ္စည်းတွေကို ပို့ဖို့အတွက် လမ်းခရီးတွေမှာ အခက်အခဲဖြစ်နေတယ်” လို့ သူမက ဆက်ပြောပါတယ်။


အခုလိုစားသောက်ဆိုင်တွေကို ပိတ်ထားတဲ့အတွက် ဂျပန်နိုင်ငံရောက် ကရင်လူထုတွေအတွက် ပိုက်ဆံရှိပေမယ့် ၀ယ်ယူစားသုံး၊ လှောင်ဖို့ အခက်အခဲရှိတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှာ ဆူနာမီ ရေလှိုင်းကျရောက်ခဲ့ပေမယ့် တိုကျိုရောက် ကရင်လူမျိုးတွေနဲ့ မီတာ (၁၀၀) ကျော် ကွာဝေးတဲ့အတွက် ထိခိုက် ပျောက်ဆုံးမှုမရှိပါဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဆူနာမီရဲ့ နောက်ဆက်တွဲဆိုးကြိုးတွေအနေနဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုတွေ ပေါက်ကွဲခဲ့တာကြောင့် ရေဒီယိုသတ္တုကြွမှု တွေဖြစ်ပေါ်နေတယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် စိုးရိမ်မှုတွေဖြစ်ပေါ်နေကြပါတယ်။

ဂျပန်အစိုးရကတော့ နျူကလီးယားကင်းလွတ်ဇုံတွေမှာ ရောက်နေကြသူတွေကို အန္တရာယ် မရှိပါဘူးလို့ အာမခံပြောဆိုနေပေမယ့် ဂျပန်နိုင်ငံသားတွေအပါအ၀င် မြန်မာနိုင်ငံသားအချို့နဲ့ နိုင်ငံခြားသားတွေက ဘေးလွတ်ရာကို ရှောင်ပြေးနေကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် နာအို့တို့ခမ်းကတော့ ဂျပန်ပြည်သူထုတွေ မီးအားတွေကို ဖူကူရှီးမား မြို့မှာ အများဆုံး အသုံးပြုရမှာဖြစ်တဲ့အတွက် မီးတွေကို မလိုအပ်ဘဲ အသုံးမပြုဖို့၊ ချွေတာပြီး သုံးစွဲကြဖို့၊ မိမိအသိစိတ်ဓါတ်နဲ့ သုံးကြဖို့ ရုပ်သံသတင်းမှာ ထုတ်လွှင့်သွားပါတယ်။


ဂျပန်နိုင်ငံမှာ ဆူနာမီဖြစ်ပွားမှု ပြီးဆုံးသွားပေမယ့်လည်း ငလျင်ကတော့ နေ့စဉ်နဲ့အမျှ လှုပ်ခတ်မှုရှိနေပြီး အားနည်းတာနဲ့ အားများတာပဲကွာတယ်လို့ ဂျပန်ရောက် ကရင်လူထုက ဆိုပါတယ်။

ဒီလ မတ်လ ၁၁ ရက်နေ့က လှုပ်သွားတဲ့ ဂျပန်ငလျင်ဟာ ပဉ္စမအကြီးဆုံး ငလျင်ကြီးတခု ဖြစ်ပြီး ဒုတိယကမ္ဘာ စစ်အပြီးမှာ ဂျပန်နိုင်ငံအတွက် အဆိုးဆုံး သဘာဝဘေးဒဏ်ဖြစ်တယ်လို့ သိရပါတယ်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates