ဆိုင်းဘုတ်အဟောင်းဖြုတ်ချပြီး ဆိုင်းဘုတ်အသစ်မတင်နိုင်သေး



မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးတဲ့နောက် မြို့နယ်နဲ့ ရပ်ကွက် အချို့ရှိ အုပ်ချုပ်ရေးရုံး ဆိုင်ရာ ဆိုင်းဘုတ်အဟောင်းတွေကို ဖြုတ်ချထားပေမယ့် ဆိုင်းဘုတ် အသစ် တင်ရေးနဲ့ ပါတ်သက်လို့တော့ မရေမရာ ဖြစ်နေကြပါတယ်။

အစိုးရသစ်ကို အာဏာလွဲပြောင်းလိုက်တဲ့ မတ်လ (၃၀) ရက်နေ့မှာပဲ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ မ.ယ.က ရုံးရဲ့ ဖွဲ့စည်း အုပ်ချုပ်ရေး ပိုင်းတွေကို စတင် ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။

ပြောင်းလဲမှုကတော့ မနေ့က စပြောင်းတယ်။ အုပ်ချုပ်ရေး အပိုင်းမှာလေ။ အရင်က ဖွဲ့စည်းပုံမှာတော့ ဥက္ကဌ (၁) ယောက်၊ အဖွဲ့ဝင် (၂) ယောက်၊ စာရေးမ (၁) ယောက်။ အခု ဖွဲ့စည်းပုံမှာကတော့ အုပ်ချုပ်ရေးမှူး (၁) ယောက်၊ အဖွဲ့ဝင် (၁) ယောက်၊ စာရေးမ (၁)ယောက် ပေါ့လေ” လို့ စီတာပူ ရပ်ကွက်မှာရှိတဲ့ မယက ရုံးဝန်ထမ်းတဦးက ပြောပါတယ်။

ဒီကနေ့ ၁၂ နာရီမှာတော့ မ.ယ.က ရုံး ဆိုင်းဘုတ်တွေကို မြို့နယ်အုပ်ချုပ်ရုံးလို့ ပြောင်းလဲ တပ်ဆင်ဖို့အတွက် ဖြုတ်ချ ထားပြီ ဖြစ်ကြောင်း သိရပါတယ်။

ဆိုင်းဘုတ် အဟောင်းတွေကို ဖြုတ်ထားရပေမယ့် ဆိုင်းဘုတ်အသစ်နဲ့ ပါတ်သက်ပြီး ဘာမှ မသိရသေးဘူး လို့ သူက ဆက်ပြောပါတယ်။

ဆိုင်းဘုတ် ဖြုတ်လိုက်တာတခုပဲ ထူးခြားမှုရှိတယ်။ စနေနေ့တိုင်း အစည်းအဝေးရှိတယ်၊ အဲ့ဒီကျမှ အုပ်ချုပ်ရေးမှူးက ဆိုင်းဘုတ်အကြောင်းနဲ့ ပါတ်သက်ပြီး နယ်မြေမှူးတွေကို ပြန်တင်ပြမှာလေ”

ရှမ်းပြည်နယ် တာချီလိတ်မြို့ ပုန်းထွန် ရပ်ကွက်မှာလည်း ရ.ယ.က ရုံးက ဆိုင်းဘုတ်တွေကို ဖြုတ်ချထားပြီး ဖြစ်တယ်လို့ ရ.ယ.က ရုံးဝန်ထမ်းတဦးက ပြောပါတယ်။

ဟုတ်ကဲ့ မနေ့က ဖြုတ်တော့ ဖြုတ်ထားတယ်။ ဘာလို အစီအစဉ်လာမလဲ မသိသေးဘူး။ တင်ရင် အကုန်လုံးတူတူတင်မယ်။ ဘယ်တော့ တင်မလဲဆိုတာတော့ မသိသေးဘူး။” လို့ တာချီလိတ် ပုန်းထွန်ရပ်ကွက်မှာရှိတဲ့ ရ.ယ.က ရုံးဝန်ထမ်းတဦးက ပြောပါတယ်။

အလားတူ ကယားပြည်နယ်၊ ဒီမောဆိုးမြို့ စည်ပင်သာယာ ရပ်ကွက်ရှိ ရ.ယ.က ရုံးက ဆိုင်းဘုတ်တွေကိုလည်း ဖြုတ်ချထားပြီ ဖြစ်ပါတယ်။

နိုင်ငံတော် အဆင့်မှာ နအဖ လို့ခေါ်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေး နဲ့ ဖွံ့ဖြိုးရေးကောင်စီ ကိုဖျက်သိမ်းခဲ့ ပြီး နိုင်ငံတော် သမ္မတက အုပ်ချုပ်သလို မြို့နယ် နဲ့ ရပ်ကွက်အဆင့် မှာလည်း မ.ယ.က၊ ရယက ရုံးတွေကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးလို့ အမည်ပြောင်းလဲ ခေါ်ဆိုလိုက်တာ ဖြစ်ပါတယ်။


ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates