EUက စီးပွားရေးပွားရေးပိတ်ဆို့တာဖြစ်စေ၊ ရုတ်သိမ်းတာဖြစ်စေ တိုင်းရင်းပြည်သူလူထုအပေါ် ထိခိုက်နစ်နာမှုမရှိ




မြန်မာနိုင်ငံ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုတဲ့ ပါတီတွေဟာ အခွင့်အရေး ယူချင်တဲ့ သူတွေဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများကောင်စီ အတွင်းရေးမှူး () ခွန်ဥက္ကာက ဝေဖန်ပြောဆိုလိုက်ပါတယ်။

စီးပွားရေးပိတ်ဆို့မှုကို ဖွင့်ပေးဖို့ ပြောတဲ့ပါတီတွေဟာ ဒီနအဖရဲ့အလိုကျပေါ့လေ သူတို့အလိုလိုက်ပြီးတော့ အခွင့်ရေးယူချင်လို့ပြောတာဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့ဖို့ပြောတဲ့ ပါတီတွေက ပိုမှန်တယ်။လို့ သူက ပြောသွားတာပါ။

အခုလ (၁၅) ရက်နေ့က (EU) ဥရောပသမဂ္ဂ သံတမန်တွေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့ တိုင်းရင်းသားပါတီ ၃ ခုက ဆောင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ တောင်းဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

(EU)က မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့တာဖြစ်ဖြစ်၊ ဖွင့်ပေးတာပဲဖြစ်ဖြစ် တိုင်းရင်းသား ပြည်သူထုအပေါ် တစုံတရာ အကျိုးသက်ရောက်မှု မရှိဘူးလို့ တိုင်းရင်းသားလူမျိုးများ ကောင်စီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီနဲ့ ကေအိုင်အိုတို့နည်းတူ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ယူဆတာဖြစ်ပါတယ်။

စီးပွါးရေးပိတ်ဆို့မှုဟာ နအဖအစိုးရနဲ့ဘဲ တိုက်ရိုက် ပတ်သက်တယ်။ စီးပွါးရေး ပိတ်ဆို့မှုကို ဆက်လက်ထားရှိသည်ဖြစ်စေ ရုပ်သိမ်းလိုက်သည်ဖြစ်စေ နအဖနဲ့ဆက်နွယ်မှု မရှိတဲ့ ပြည်သူတွေကို ကြီးကြီးမားမား ထိခိုက်တာ မရှိဘူး။ ပြည်သူတွေအတွက် ကောင်းကျိုးသိပ်မရှိလာနိုင်ဘူးလို့ မြင်ပါတယ်လို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်အစိုးရက ၁၉၉၃ ခုနှစ်မှာ လက်နက်တင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး၊ ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုအသစ် မပြုလုပ်ဖို့ တားမြစ်ခဲ့တာဖြစ်ပါတယ်။

၁၉၉၆ခုနှစ်မှာ (EU)က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လက်နက်ရောင်းဝယ်မှု၊ စီးပွားရေး၊ ကုန်သွယ်ရေးပိတ်ပင်မှုတွေ အပါအ၀င် စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဥရောပနိုင်ငံတွေက ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်မှု စတာတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာရဟန်းတော်တွေရဲ့ ၂ဝဝ၇ စက်တင်ဘာ လှုပ်ရှားမှုမှာ စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းတဲ့အတွက်ကြောင့် EU က လူသားချင်း စာနာမှုအကူအညီကလွဲပြီး နှစ်နိုင်ငံအကြား အကူအညီတွေကို ရပ်ဆိုင်းလိုက်တဲ့အပြင် သစ်၊ ကျောက်မျက်နှင့် သတ္ထုတင်ပို့မှုကိုပါ တားမြစ်လိုက်တာဖြစ်ပါတယ်။

ဝါရှင်တန်အစိုးရနဲ့ EU နိုင်ငံတွေ အရေးယူ ပိတ်ဆို့မှုရဲ့ စာရင်းမှာ ၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များတွေလဲ ပါဝင်တယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ (EU) ရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ မူတွေဟာ မြန်မာပြည်သူတွေ ရသင့်ရထိုက်တဲ့ စီးပွားရေးနဲ့ တခြား အကူအညီ၊ အခွင့်အလမ်းတွေကို ကန့်သတ်ထားသလို ဖြစ်နေတယ်ဆိုပြီး စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်ဖွင့်ပေးသင့်တဲ့အကြောင်း စည်းလုံးရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS) နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က ယူဆပါတယ်။

စီးပွားရေး ဖွင့်ဖို့တောင်းဆိုတာက ကောင်းတယ်လေ။ အရမ်းကောင်းတဲ့ လုပ်ငန်းတစ်ခုပဲ။ အိမ်တစ်အိမ်မှာ တံခါးကြာကြာ ပိတ်ရင်တောင် မကောင်းဘူးလေဟု UDPKS အင်ဂျန်ယန် ပြည်သူ့လွတ်တော်အမတ် ရှေ့နေဒွဲဘူက ပြောသွားတာပါ။

မေရိကန်နဲ့ ဥရောပနိုင်ငံတွေက အခုလို စီးပွားရေးပိတ်ဆို့ထားပေမယ့်လည်း အန္ဒိယ၊ တရုတ်၊ အာဆီယံနိုင်ငံတွေက ပိတ်ဆို့မှု လုပ်တာတွေ မရှိခဲ့ပါဘူး။ အခုလောလောဆယ် မြန်မာနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ EU ဥရောပသမဂ္ဂ၊ နယူးဇီလန်၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတို့ ဖြစ်ပါတယ်။



ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates