
ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်တွေအနေနဲ့ အမှီခိုမဲ့ ရပ်တည်နိုင်အောင် ကြိုးစားရမှာဖြစ်ပေမယ့် တတိယနိုင်ငံကို ပြောင်းရွှေ့အခြေချရေး အခွင့်အလမ်းတွေ ဆက်လက်ရရှိဦးမှာဖြစ်ကြောင်း ဒုက္ခသည်တွေကို အဓိကကူညီပေးတဲ့ အဖွဲ့အစည်းဖြစ်တဲ့ TBBC-Thailand Burma Border Consortium က ပြောပါတယ်။
TBBCက တာဝန်ခံတဦးဖြစ်တဲ့ Sally Thompsonက “တတိယနိုင်ငံတွေကို သွားရောက်အခြေချတဲ့ အစီအစဉ်လည်း ရှိနေဦးမှာပါ။ ဒီကိစ္စ က ဒုက္ခသည် တချို့အတွက် ဖြေရှင်းချက်တခုဖြစ်ပြီး အစီအစဉ်တွေ ဆက်လက် ဆောင်ရွက်နေပါတယ်” လို့ DVBကို ပြောပါတယ်။
ဒုက္ခသည်တွေ မိမိတို့ဘာသာ ရပ်တည်နိုင်အောင် ကိုယ်ထူကိုယ်ထဆောင်ရွက်သင့်တဲ့အကြောင်း မယ်လဒုက္ခသည်စခန်းကို လာရောက်ခဲ့တဲ့ ဥရောပသမဂ္ဂ လူသားချင်း ကူညီထောက်ပံ့မှုဆိုင်ရာ ကော်မရှင်နာမင်းကြီး ခရစ္စတာလီးနား ဂျော်ဂျီဗားက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ သူတို့အနေနဲ့ အသက်မွေးမှုပညာရပ်တွေကို သင်ကြားပေးသွားမယ်လို့ပြောဆိုခဲ့ပါတယ်။
အသက်မွေးမှုပညာရပ်တွေကို သင်ကြားပေးပေမယ့် ဒုက္ခသည်တွေအနေနဲ့ကတော့ ထိုင်းနိုင်ငံမှာ ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်ပါ့မလားလို့ စိုးရိမ်မှုတွေ ရှိနေသေးတဲ့အတွက် တတိယနိုင်ငံကို သွားရောက်နေထိုင်လိုတဲ့ မျှော်လင့်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။
လောလောဆယ် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း (၉)ခုရှိပြီး လူဦးရေ (၁၄၀၀၀၀) ရှိတယ်လို့ TBBC ရဲ့ အစီရင်ခံစာအရသိရပါတယ်။ အမေရိကန်၊ သြစထြေးလျ၊ ဖင်လန်၊ ကနေဒါ။ နယ်သာလန်၊ ဗြိတိန်၊ နော်ဝေး၊ နယူးဇီလန် စတဲ့ တတိယနိုင်ငံတွေဆီကို သွားရောက်နေထိုင်တဲ့သူ အရေအတွက် (၆၅၀၀၀)ရှိပါတယ်။
ဥရောပသမဂ္ဂ ကော်မရှင်နာမင်းကြီး ခရစ္စတာလီးနား ဂျော်ဂျီဗား သွားရောက်ခဲ့တဲ့ မယ်လဒုက္ခသည်စခန်းမှာ မှတ်ပုံတင်ထားတဲ့သူ သုံးသောင်းနီးပါးရှိပြီး ဒီအထဲမှာ တတိယနိုင်ငံကို အားလုံးသွားရောက်နေထိုင်မှာ မဟုတ်တဲ့အကြောင်း မယ်လဒုက္ခသည်စခန်းကော်မတီ ဥက္ကဌ စောထွန်းထွန်းက ပြောပါတယ်။
“ကျနော်တို့ရဲ့ ခန်ုးမှန်းချက်အရ (၁၅၀၀၀) လုံးဝမသွားဘူးလို့ ယုံကြည့်တယ် ကျန်တဲ့သူတွေ ကတော့ နိုင်ငံခြားကို တင်ထားဆဲ၊ သွားဖို့ လျောက်ထားဆဲ ဖြစ်ချင်ဖြစ်လိမ့်မယ်။ တချို့တွေ ကတော့ မလျောက်သေးဘဲနဲ့ စဉ်းစားဆဲ ဖြစ်ချင်ဖြစ်လိမ့်မယ်. သူတို့လုံးဝစိတ်ကူးမရှိသေးဘူးလေ ကိုယ့်နိုင်ငံကိုပဲပြန်ချင်ကြတာပေါ့.. ထိုင်းနိုင်ငံမှာ အခြေခြနေ ထိုင်ဖို့ကတော့ သိပ်မရှိဘူး ရာခိုင်နှုန်းတော်တော်နည်းတယ်.. တစ်ထောင်လောက်တော့ ရှိချင်မှ ရှိမယ်လေ။”
ဒုက္ခသည်အများစုဟာ သူတို့ကလေးတွေရဲ့ အနာဂါတ်ပညာရေး၊ လုံခြံရေးအတွက် တတိယနိုင်ငံကို သွားရောက် အခြေချချင်တာဖြစ်တယ်လို့ဆိုပါတယ်။
အီးယူ ဥရောပသမဂ္ဂအနေနဲ့ ဒုက္ခသည်တွေ တတိယနိုင်ငံမှာ အခြေချနေထိုင်တာကို အားပေးတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ မယ်လစခန်းကော်မတီဥက္ကဌ စောထွန်းထွန်းကဆိုပါတယ်။
ယုန်ကလေး
0 comments:
Post a Comment