လေဘေးဒုက္ခသည်တွေကို ကယ်တင်



ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ပြီးခဲ့တဲ့အပတ်က တိုက်ခတ်ခဲ့တဲ့ လေပြင်း မုန်တိုင်းဒဏ်ကြောင့် မြန်မာ ရေလုပ်သား နှစ်သောင်း ၀န်းကျင်လောက်ဟာ ပင်လယ်ထဲ မျောပါသွားခဲ့ပြီး အဲဒီထဲက ၄၀၀ နီးပါးကို ကော့သောင်းမြို့မှာ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဗမာလို ၁၁ ရက်နေ့ နေ့ခင်းဘက်က လေတိုက်တယ်။ ည ၁ ချက်၊ ၂ ချက်ထိုးတယ်ဆို ပင်လယ်ပြင် တပြင်လုံး မျောကျတယ်။ မှောက်တဲ့ဖောင်တွေလည်း မှောက်တယ်။ ရင်ကွဲထွက်သွားတဲ့ ဖောင်တွေလည်း ရှိတယ်။ ဒီ ၀ါးလတ်လှေပေါ်ရောက်တော့ ၂ ညအိပ်၊ ၃ ရက်၊ ညနေ ၄ နာရီလောက်မှ ကယ်ဆယ်ရေး သင်္ဘောတွေပေါ်ကို ပြန်ရောက်လာတာ။” လို့ ပင်လယ်ထဲ မျောပါသွားတဲ့ ဖျာပုံမြို့နယ်က လှေလုပ်သား တဦးက ပြောသွားတာပါ။

အခုလို ရုတ်တရက် တိုက်ခတ်တဲ့ လေ ပြင်းတာကြောင့် အသေအပျောက် ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အသေအပျောက်ကတော့ အနည်းနဲ့အများတော့ ရှိမှာပေါ့လေ။ ဒီလောက် လူဦးရေက များနေတာကိုး။ အခု သတင်းကြားတာကတော့ သုံးပုံတပုံ သာသာလောက်ပဲ သတင်းကြားသေးတယ်။ ဖောင်တဖောင်ကို ၃ ယောက်လည်းပါတယ်၊ ၄ ယောက်လည်းပါတယ်။

၁၁ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းမုန်းတိုင်း ဒဏ်ကြောင့် ရေလုပ်သားပေါင်း ဘယ်လောက် ပျောက်ဆုံးနေတယ်ဆိုတာကို အတည်ပြုလို့ မရသေးပါဘူး။

ဒုက္ခရောက်နေတဲ့ ရေလုပ်သားတွေကလည်း ကော့သောင်းကို ရောက်လာနေဆဲလို့ ဒေသခံ တယောက်က အခုလို ပြောပါတယ်။

၃၀၀ ကျော်လောက်ရှိတယ်။ ရပ်ကွက်အလိုက် ထမင်းထုပ်တွေ ပို့နေရတယ်။ အခု နောက်ထပ် မိုးလင်းက ၃၀ ကျော်လောက် ရောက်လာပြန်ပြီ၊ အဲဒါ လက်ရှိပေါ့။ သူတို့ဖြစ်ခဲ့တဲ့ဟာတွေကို မေးတော့ သူတို့တွေ ပြောပြတယ်ပေါ့နော်။ သူတို့ အခက်အခဲ ဒုက္ခဖြစ်နေတော့။ ဆေးရုံရောက်လာတယ် ဆိုတော့ သူတို့မှာ စောင်လည်းမရှိ၊ ခေါင်းအုံးလည်းမရှိ၊ အ၀တ်အစားလည်းမရှိ ဆိုတော့ နီးရာလူက ပေးကြတယ်ပေါ့နော်၊ ၀ိုင်းဝန်းပြီး။

ဒီကနေ့ Weekly online ရဲ့ သတင်းမှာတော့ မတ်လ ၁၈ ရက်နေ့က ရေတပ်သင်္ဘောတွေ ကယ်တင်ခဲ့တဲ့ ရေလုပ်သား ၆၀၀ ကျော် မနေ့ညနေက ရန်ကုန်ကို ပြန်ရောက်လာပြီး ကျန်နေသေးတဲ့ ရေလုပ်သားတွေကိုလည်း ရှာဖွေနေဆဲ ဖြစ်တယ်လို့ ပါရှိပါတယ်။

Source: VOA



0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates