ဒီကနေ့ ကျောင်းပိတ်လို့ ချင်းမိုင်မြို့က နာမည်ကြီးတဲ့ ဆင်စခန်းနဲ့ ရေတံခွန်ရှိတဲ့ နေရာတွေမှာ သွားရောက် လည်ပတ် လေ့လာခဲ့ပါတယ်။ ပထမဦးဆုံး ကျမတို့ ဆင်တွေရှိတဲ့ ( MAESA ELEPHANT CAMP) သွားခဲ့ပါတယ်။ ကျောင်းက သူငယ်ချင်းတွေနဲ့ သွားရတဲ့အတွက် အလွန်ပျှော်ရွင်မိတယ်လို့ ခံစားရမိပါတယ်။ အဲ့ဒီအတွက်လည်း သူငယ်ချင်းတွေကို အထူးကျေးဇူးတင်မိပါတယ်။
ဆင်စခန်းကို စ၀င်လိုက်တာနဲ့ ထိုင်းဘုရင်နဲ့ ဘုရင်မပုံကို အ၀င်ဝမှာ ကပ်ထားတာကို တွေ့ရပါတယ်။ အထဲကို ၀င်သွားရင်တော့ ဆင်ပုံနဲ့ ပြုလုပ်ထားတဲ့ လည်ဆွဲတွေ၊ သော့ချိတ်တွေ ရောင်းနေတဲ့ တောင်ပေါ် ထိုင်းနိုင်ငံသားတွေက ပစ္စည်းဝယ်ဖို့အတွက် ဖိတ်ခေါ်နေတာ တွေ့ရပါတယ်။ အဲဒီနားမှာပဲ ဆင်တွေ ရေချိုးနေတာကို အပေါ်မှာ လူမျိုးပေါင်းစုံက ကြည့်နေပြီး ဓါတ်ပုံတွေ ရိုက်နေတာကို တွေ့ရတယ်။ အဲဒီထဲမှာ ကျမတို့အပါအ၀င်ပေါ။ (ကြွားတာမဟုတ်ပါဘူး)
အားလုံးပဲ မင်္ဂလာပါ
အံသြဖို့ကောင်းတာက ဆင်တွေ ဆွဲတဲ့ ပန်းချီကားတွေဟာ အလွန်ပဲ လက်ရာမြောက်တယ်လို့ ဆိုရမှာပဲ။ ဆင်တွေ ပန်းချီဆွဲတာကို ကြည့်ဖို့အတွက် အပေါ်ကို ဆက်တက်တော့ ထိုင်းအဒေါ်ကြီးတွေက ငှက်ပျောသီးတခိုင်နဲ့ ကြံတစည်း လှမ်းပေးတာကို တွေ့ရတယ်။ ကျမစိတ်ထဲမှာ..”ဒီကဆင်တွေကို ကျွေးဖို့အတွက် ဝေပေးထာပဲ”လို့ ထင်နေတာ ဘယ်ဟုတ်မလဲ။ အဲဒါကိုယူရင် ထိုင်းဘတ် (၄၀) ပေးရတယ်တဲ့။ ကျမလည်း ဆင်တွေကို ကျွေးဖို့အတွက် ၀ယ်လိုက်တယ်။ အပေါ်ကိုတက်ဖို့ လမ်းတ၀က်ရောက်တော့ ဆင်တွေက ကျမ၀ယ်လာတဲ့ ငှက်ပျောသီးနဲ့ ကြံတွေကို တွေ့တော့ သူတို့ရဲ့ နှမောင်းနဲ့ အတင်းပဲ လိုက်ဆွဲတော့တာပဲ။ ကျမလည်း ကြောက်လွန်းလို့ ထွက်ပြေးရတာပေါ့။ အဲ့ဒီမှာရှိတဲ့ ဆင်းထိန်းတွေကတော့ ဘာမှမဖြစ်ဘူး ကျွေးလို့ရတယ်တဲ့။ တော်ပါပြီး ဆင်ငယ်ငယ်လေးတွေပဲ သွားကျွေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ရေချိုးနေတာကို လာကြည့်ကြတယ် ဟွန်း
အပေါ်ရောက်ပြီး (၁၀)မိနစ်အကြာမှာတော့ ဆင်တွေက ပရိတ်သတ်တွေကို ဖျော်ဖြေဖို့အတွက် ထွက်လာပါတော့။ ဆင်တွေရဲ့ ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုတဲ့ ခရီးသွားဧည့်သည်တွေ အမြောက်အများကို တွေ့ရပါတယ်။ အများအားဖြင့်တော့ နိုင်ငံခြားသားတွေ များပါတယ်။
ဘာဂျာမှုတ်နေတာလေ
ချစ်စရာ ဆင်လိမ္မာထဲမှာမှ ခေါင်းဆောင် နှစ်ကောင်က (WELCOME TO MAESA ELEPHANT CAMP) ဆိုတဲ့ ဆိုင်းဘုတ်ကို သူတို့ရဲ့ နှမောင်းနဲ့ ဆွဲလာပြီး ပရိတ်သတ်ကို နှုတ်ဆက်ပါတယ်။ အဲဒီနောက်မှာတော့ လူတွေ စိတ်ဝင်စားအောင် အကပေါင်းစုံနဲ့ ဖျော်ဖြေသွားတာကို တွေ့ရပါတယ်။
ဒါကတော့ ကျနော် သခင်ပါ
ပထမဦးဆုံး ခေါင်းဆောင် ဆင်တကောင်က ပိုက်ကွင်းနှစ်ခုကို သူ့နှမောင်းနဲ့ အဆက်မပြတ် လည်နေအောင် ပြသွားပြီး ကျန်တဲ့ ဆင်တွေကတော့ ဘာဂျာကိုယ်စီနဲ့ မှုတ်ပြသွားပါတယ်။ ဆင်တွေ ဘာဂျာမှုတ်တာကို ကျမ တခါမှ မကြားဖူး။ မြင်လည်း မမြင်ဖူးပါဘူး။ အခုပဲ မြင်ဖူးတော့ အလွန်ပဲ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ခံစားမိတယ်။ လူတွေကလည်း သူတို့အတွက် လက်ခုတ်သံတွေ တီးပေးတာကို သူတို့ အရမ်းသဘောကျနေတာပေါ။ သူတို့ကို ထိန်းနေတဲ့ ဆင်ထိန်းတွေကို အရိုအသေပေးတဲ့ အနေနဲ့ သူ့တို့ သခင်ရဲ့ ဦးထုတ်ကို နှမောင်းနဲ့ ချွတ်ပြီး တရိုတသေ၊ တလေးတစားပြန် စောင်းပေးတာကို အလွန်ချစ်ဖို့ ကောင်းပါတယ်။ ဆင်အုပ်တွေထဲမှာ အလွန် အစသန်၊ နောက်ပြောင်တတ်တဲ့ ဆင်ငယ်လေးတစ်ကောင်က တခြားဆင်တွေ သူတို့နေရာကို ပြန်ကြပေမယ့် သူကတော့ သခင်ကို စတုန်းပါပဲ။ သူ့သခင် စကားနဲ့ပြောမှ ဦးထုတ်ကို ပြန်စောင်းပေးပြီး ပြန်သွားပါတယ်။
လှတယ် မဟုတ်လား
ကဲ… အခုကတော့ ဘောလုံး ၀ါသနာအိုးတွေအတွက် ဂိုးတွေကို ဘယ်လို အစွမ်းပြသွားတာ တွေ့ရမှာပါ။ မက်ဆီတို့ ရော်နယ်ဒိုတို့ကို သနားတယ်။ ဂိုးသမားရေ မိအောင်ဖမ်းပေတော့….ပြောနေတုန်းပဲ ဂိုးဆိုပြီး ဂိုးထဲကို တည့်တည့်သွင်းသွားပါတယ်။ နှစ်ဂိုးနဲ့ သုညတဲ့။ ကဲ…ရှုံးတဲ့သူ ထွက်ရမှာနော်။
ရော်နယ်ဒိုကို သနားတယ်
ဝင်အောင် ဟော့ဒီလို ထည့်ပြမယ်
အခုတခါမှာတော့ ပရိတ်သတ်တွေ အထူးစိတ်ဝင်စားတဲ့ ပန်းချီဆွဲတဲ့အခန်းပဲ ဖြစ်ပါတယ်။ ပထဦးဆုံး ဆင် (၅)ကောင်က ပန်းချီဆွဲဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ကိုယ်တိုင် နှမောင်းနဲ့ ယူလာတာကို တွေ့ရပါတယ်။ သူတို့ရဲ့ သခင်တွေကတော့ ဆေးရည်တွေကို ထည့်ပေးတဲ့အနေနဲ့ ကူညီနေတာပါ။ ပြီးတော့မှ ဆေးတံကို သူတို့ နှမောင်းထဲ ထည့်ပေးလိုက်တာနဲ့ စဆွဲတော့တာပဲ။ ကဲ..ပန်းချီဆွဲနေတယ် တိတ်တိတ်နေကြနော်။ နှောက်ယှက်ရင် ငရဲကြီးတတ်တယ်။
ပရိတ်သတ်တွေကလည်း အလွန်စိတ်ဝင်စားပြီး ငြိမ်နေတာကို တွေ့ရပါတယ်။ ဆင်တွေ ဆွဲထားတဲ့ ပန်းချီတွေဟာ ပရိတ်သတ်ရဲ့ စိတ်ကို ဖမ်းစားမှုရှိပြီး လက်ရာမြောက်ပါတယ်။ ကျမတို့တောင်မှ သူတို့လို့ မဆွဲတတ်ပါဘူး။ တကယ်ပြောတာ၊ မလိမ်ပါဘူး။ အခုလို့ မတူပဲ လှပတဲ့ ပန်ချီး (၅)ကား ထွက်လာတာဟာ ကျမအနေနဲ့ မတိုင်းမသိ အံသြမိပါတယ်။ နောက်ထပ် အံသြဖို့ ကောင်းတာတခုကတော့ သူတို့ဆွဲတဲ့ ပန်းချီကားတွေကို ဈေးကြီးကြီးနဲ့ တင်ရောင်းနေတာကို တွေ့ရတယ်။ ပန်းချီကားချပ်တခုကို ဘတ်(၂၀၀၀) တဲ့။ သူတို့ ပန်ချီကားတွေကို ၀ယ်ဖို့အတွက် လူတွေကလည်း ကျိတ်ကျိတ် တိုးနေတာပဲ။ ကျမကတော့ ဓါတ်ပုံပဲ ရိုက်လာပြီး ကွန်ပြူတာထဲမှာပဲ သိမ်းထားလိုက်တော့မယ်။
ငရဲမကြီးချင်ရင် တိတ်တိတ်နေနော်
နောက်ဆုံးအနေနဲ့ ဆင်းတွေဟာ စည်းလုံးတဲ့ အထိမ်းအမှတ်အဖြစ် သစ်တုံးတွေ မပြတာကို ပြသသွားပါတယ်။ အားလုံးကို နှုတ်ဆက်တဲ့အနေနဲ့ ဆိုင်းပုဒ်ကို နှမောင်းနဲ့ ချိတ်ဆွဲပြီး သူတို့ရဲ့ ဖျော်ဖြေပွဲကို အဆုံးသတ်လိုက်ပါတယ်။ အားလုံးကို good bye တဲ့။ ကျမကလည်း good bye လို့ ပြန်ပြောလိုက်တယ်။ စိတ်ထဲမှာနော်။
တွန်းထားဟေ့ ကိုယ်လူရေ
ဖျော်ဖြေပွဲ ပြီးသွားတော့ ပရိတ်သတ်တွေနဲ့ ဆင်တွေ ဓါတ်ပုံရိုက်ကြတာပေါ့။ ဟဲဟဲ အဲဒီထဲမှာလည်း ကျမပါတယ်။ ကြောက်ကြောက်နဲ့ ရိုက်လိုက်ရတာပါ။ အမှတ်တရဖြစ်ဖို့အတွက် ဆိုင်ထဲမှာ ဆင်ပုံနဲ့ လုပ်ထားတဲ့ သော့ချိတ်တခု၊ ဒိုင်ယာရီ စာအုပ်တအုပ် ၀ယ်လာခဲ့တယ်။ ဘယ်သူ့ကို လက်ဆောင်ပေးရင် ကောင်းမလဲလို့ စဉ်းစားနေတာ။ သူငယ်ချင်းတွေများတော့ မပေးတော့ဘူး။ မျက်နှာလိုက်တယ်လို့ ပြောမှာ စိုးလို့။ ကိုယ်ဘာသာပဲ သိမ်းထားလိုက်တော့မယ် ဟိဟိ။
အရက်ယူသွားလို့ မရဘူးတဲ့
အဲဒီနောက်ပိုင်း ဆင်စခန်းကနေ ရေတံခွန်ကို သွားခဲ့တယ်။ ရေမဆော့ခင် ဗိုက်အရင် ဖြည့်လိုက်ဦးမယ်ဆိုပြီး ၀ါးတီးဆွဲလိုက်တယ်။ ကြက်သားကြော်၊ ၀က်သားကြော်နဲ့ အစိမ်းကြော်တွေ ပါတယ်။ ၀ါးတီး ဆွဲပြီးလို့ ဗိုက်လည်း ပြည့်သွားတာနဲ့ ပတ်ဝန်းကျင်ကို စပ်စု အဲဟုတ်ပါဘူး။ စူးစမ်းတာကို ပြောတာနော်။ ထုံးစံအတိုင်း ရှုခင်းတွေ လှရင် ပဲပေးပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ထားလိုက်တာပေါ့။ ရေတံခွန်က ၁၀ ထပ်ရှိပြီး နိုင်ငံခြားသား ဧည်သည်တွေ အများအပြား လာရောက် အနားယူနေတာကို တွေ့ရတယ်။ စုံတွဲတွေလည်း လာကြတယ်။ ဒါပေမယ့် အဲဒါတွေ ချောင်းဖို့သွားတာမှ မဟုတ်တာနော်။ ဓါတ်ပုံရိုက်လို့ မောသွားပြီး။ ရေပဲ သွားကူးတော့မယ်။ လိုက်ချင်တဲ့သူလိုက်ခဲ့တော့လို့ ပြောလိုက်တာ ကင်မရာသမား နှစ်ယောက်နဲ့ ရေဆော့ဖို့ နှစ်ယောက်ပဲ ပါလာတယ်။ ဒါလဲ ဖြစ်တာပဲ။ ရေဆော့ပြီးလို့ (၃) နာရီထိုးတော့ ကျမတို့ အားလုံးပြန်လာကြတာပေါ့။ အိမ်ရောက်တော့ တချက်လေးမှ ခေါင်းမထောင်နိုင်တော့ဘဲနဲ့ တန်းပြီး အိပ်ရာထဲ ထိုးအိပ်တော့တာပဲ။ ကဲ ဘာတတ်နိုင်သေးလဲ။ ဒါကတော့ ကျမရဲ့ တရက်တာ ခရီးသွား မှတ်တမ်းလေးပါ..။
ယုန်ကလေး
0 comments:
Post a Comment