Monday, 07 March 2011 03:45 သံခဲ (ဆေး-မန်း)
လူတိုင်းမှာ အိပ်မက်တွေ ရှိတယ်လို့ ကျနော် ပြောချင်ပါတယ်။ အိပ်မက် ဆိုတာ ဦးနှောက်ရဲ့ မသိစိတ် ကရော သိစိတ်ကပါ ဖန်တီးလိုက်တဲ့ လူ တယောက် ဖြစ်ချင်တဲ့ ပုံရိပ်တွေ ဖြစ်ခဲ့သလို အလွန်ထိတ်လန့်စရာ ကောင်းတဲ့ အဖြစ်အပျက် မျိုးတွေကိုလည်း ကြုံရလေ့ရှိတယ်လေ။ ဒီလိုနဲ့ အိပ်မက် ဆိုတာ လူတိုင်း မက်ဖူးတဲ့ ကြုံဖူးတဲ့ အရာတွေပါပဲ။
ကျနော့် အဖေကတော့ သူရဲ့ အိပ်မက်တွေကို ငယ်ငယ်ကတည်းက ကျနော်တို့ကို အမှတ်မထင် ပြောပြခဲ့ဖူးသည်။ ကျနော်က အဖေ့ရဲ့ အိပ်မက်ကို အဖေ့ရဲ့မျှော်လင့်ချက်လို့ဘဲ ပြောချင်သည်။ သူက သူ့အိပ်မက်အတိုင်း (သို့) သူ့မျှော်လင့်ချက်အတိုင်း ကျနော်တို့ ညီအကိုတွေကို သူလိုချင်တဲ့ ပုံတခု ထိရအောင်တော့ ပျိုးထောင်ခဲ့သည်။ ပုံသွင်းခဲ့သည်။ သူကိုယ်တိုင်လည်း နေပြခဲ့သည်။
ဒါပေမယ့် လူတိုင်းဖြစ်ချင်တာက အကောင်းဆုံးအိပ်မက် ဖြစ်ချင်ပေမယ့် အိပ်မက်ဆိုးတွေကလည်း မမက်ချင်ဘဲ မက်တတ်ပါသည်။ အဲဒီလိုနဲ့ အကောင်းဆုံးကို မျှော်လင့်ထားတာတွေဟာ ဖြစ်မလာဘဲ မထင်မှတ်တဲ့ အဖြစ်အပျက်တွေဟာ ဖြစ်လာတယ် ဆိုတာ ကြုံရစမြဲပါဘဲ။
ကျနော်တို့ မြန်မာပြည်မှာက တခြားနိုင်ငံတွေမှာ မရှိတဲ့ အကျင့်ဆိုးတခုက ဘာတတ်တတ် မတတ်တတ် ဘွဲ့ဝတ်စုံတခုနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေ အိမ်ရှေ့ လူမြင်ကွင်းမှာ ဧည့်ခန်းမှာ ချိတ်တဲ့ အကျင့်ဘဲ။ ဒီပါတ်ဝန်းကျင်မှာ ကြီးပြင်ခဲ့ရတဲ့ ကျနော်တို့ဟာ ကျနော်တို့ရဲ့ နုနယ်တဲ့ ခေါင်းထဲကို ဒီဉာဉ်ဆိုးက ရောက်လာပြီး ကိုယ့်အဖေ ဘာလဲဆိုတာ သိချင်လို့ မေးခဲ့မိတဲ့ မေးခွန်းတခု ဖြစ်လာခဲ့ပါသည်။ ကျနော်လူ မှန်းသိစ အဖေ့ကို မေးခဲ့မိတဲ့ မေးခွန်းတခုက - “အဖေကသူများတွေလို ဘွဲ့မရဘူးလား” ဆိုတဲ့ မေးခွန်းပါဘဲ။ “သူများအဖေတွေလို ဘွဲ့ဝတ်စုံနဲ့ ဓါတ်ပုံ မရှိဘူးလား” ပေါ့။ အဖေ့အဖြေက ရှင်းရှင်းလေး- “ ငါဘွဲ့ဝတ်စုံနဲ့ ရိုက်မယ်။ ဒါပေမယ့် မင်းတို့သားသမီး ငါးယောက်စလုံး ဘွဲ့ရပြီးမှ မင်းတို့နဲ့ အတူရိုက်မယ်။ ဒါမှမဟုတ်ရင် ဘယ်တော့မှ မရိုက်ဘူး။ ဒီတော့ အဖေ့ကို ဘွဲ့ဝတ်စုံနဲ့ တွေ့ချင်ရင် မင်းတို့အားလုံး ဘွဲ့ရအောင်လုပ်ပါ။ ဒါဟာ အဖေ့ရဲ့ ဆန္ဒပဲ။”
ဒီလိုနဲ့ အဖေ့အကြောင်းကို အဖေကိုယ်တိုင် မဟုတ်ဘဲ အဖေ့ သူငယ်ချင်းတွေဆီက တဆင့် တဖြည်းဖြည်းသိအောင် ကြိုးစားခဲ့ရသည်။ အဲဒီကျမှ အဖေဟာ အာဏာရှင်ကို ဆန့်ကျင်ရာက အာဏာရှင်ကပေးတဲ့ ဘွဲ့ဝတ်စုံကို ဘယ်တော့မှ မဝတ်ခဲ့ခြင်း ဖြစ်သည်။ ရိုးကုတ်စွာဖြင့် တောမြို့က ကျောင်းဆရာ၊ အလွတ်ပညာသင်ကျောင်းကို စာသင်ခုံမရှိ၊ စားပွဲမရှိ၊ စာသင်ခန်းမရှိသည့် ဘဝက စတင်တည် ထောင်ခဲ့သည်။ အာဏာရှင်အစိုးရ မဆလ စစ်တပ်တို့နှင့် မဆက်ဆံမိအောင် မိမိဘဝ မိမိမိသားစု မိမိပတ်ဝန်းကျင် အသေးလေးတခုကို ဖန်တီး တည်ဆောက် ထားသည်။ အထီးကျန်ခြင်းအများ၏ အံ့ဩထိတ်လန့်ခြင်း လေးစားခြင်းနှင့် အစွန့်ပယ် ခံရခြင်းကိုလည်း ခံခဲ့ရသည်မှာ ကျနော်တို့ အတွက် ယူ ကြုံမရ ဖြစ်ခဲ့ရဖူးသည်။ ဆင်ခြင်မှု အသိတရား မထိန်းသိမ်းနိုင်သည့် ကျနော်တို့က ကိုယ့်အဖေကို ချစ်၊ ကြောက်ခဲ့ရပြီး ပတ်ဝန်းကျင်နှင့် ပတ်သက်လျှင် အဖေ မှားသည်ဟု ယူဆခဲ့ဖူးသည်။ အဖေ့အားနည်း ချက်ဟုထင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် ထိုအဖေမျိုးက မွေးခဲ့၍ ကျနော်ဒီလို လျှောက်လှမ်းနိုင်သည့် အခြေအနေမျိုး လက်ခံနိုင်သည့် အသိတရားတွေ အမွေရခဲ့ခြင်း ဖြစ်မည်ဟု တွေးနေမိသည်။ ကလေး အသိနဲ့ ကျနော် အဲဒီအချိန်က စဉ်းစားမိတာက “ ငါတို့သူများတွေလို ဘွဲ့ဝတ်စုံနဲ့ ရိုက်ဖို့ စားကြိုးစားရမယ်” ဆိုတဲ့အသိ။ အဖေ့ဆန္ဒကို ဖြည့်ချင်လို့ မဟုတ်ပါဘူး။ စာကို ကုန်းကျက်ခဲ့ရတယ် ဆိုတာကလည်း ကိုယ်က သူများထက် အောက်မကျချင်ဘူး။ ဘယ်သူ့ရဲ့ အဆူအရိုက်ကိုမှ မခံချင်ခဲ့ဘူး။ ဒီလိုနဲ့ ကျနော်တို့ ကြိုးစားခဲ့ကြတာ အဖေ့ဆန္ဒဖြည့်နိုင်ဖို့၊ အလိုပြည့်ဖို့ အချိန်ကျခါနီး အထိ ရောက်ခဲ့ပါသည်။ အဲဒီအချိန်က အဖေကလည်း တပြုံးပြုံးနဲ့ပေါ့။
ဘာဖြစ်ရမလဲဆို “ ဒိုင်း” ဆို အရွယ်နဲ့ အသိတရားတွေက စကားပြောလာသည်။ မိမိယုံကြည်ရာကို လုပ်မယ်ဆိုပြီး အသည်းအသန် လုပ်ခဲ့မိလို့ ကျောင်းက မော်ကွန်းထိန်းရဲ့ အုပ်ထိန်းသူ မိဘတွေဆီ တိုင်စာပို့တော့ အဖေ အပြေးအလွှား ရောက်လာခဲ့သည်။ အဖေ့ရဲ့ ပြောစကားက အင်မတန် ရှင်းလွန်းလှသည်။ ဒီနေ့အထိ ကျနော် စဉ်းစားမိတိုင်း သတိရမိတိုင်း အမှတ်ရနေမိသည်။ “မင်းက စကားကြီး စကားကျယ် ပြောလို့ပါလားကွ၊ အဲဒီလို မင်း စကားကြီးစကားကျယ် ပြောတဲ့အတိုင်း ဖြစ်ချင်ရင် မင်းမှာ ဘာကြိုးစားမှုမှ မရှိဘဲ ရနိုင်မလားကွ။ ဘာအသိတရားမှ မရှိဘဲ ရနိုင်ပါ့လား။ မင်းက ဘယ်အတိုင်းအတာအထိ စွန့်လွှတ် အနစ်နာခံနိုင်ဖို့ ဘယ်လောက်အထိ ပြင်ဆင်ပြီးပြီလဲ။ လူ့လောကကို အကျိုးပြုမယ့် သူဆိုတာ ကြိုးစားမှု၊ စွန့်လွှတ် အနစ်အနာခံမှု ရှိရမယ်။ အသိတရားဆိုတာ ရှိရတယ်။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ မင်းတာဝန်က ဘာလဲ။ ကိုယ့်တာဝန်ကို ကျေပွန်မှ။ အသိတရား မရှိတဲ့လူ၊ ကြိုးစားမှုမရှိတဲ့လူ၊ စွန့်လွှတ် အနစ်နာခံမှု မရှိတဲ့လူ၊ တာဝန်မကျေတဲ့ လူဆိုတာ ဘယ်လိုလုပ် အများအကျိုး ထမ်းနိုင်မလဲကွ။” ဒါပဲပြောပြီး အဖေ ပြန်သွားခဲ့ပါသည်။
အဖေ့ရဲ့ စကားလုံးတွေက ကျနော်ရဲ့ ခံစားမှုနဲ့ အသိတရားကို အလုပ် ပေးခဲ့ပါသည်။ ကျနော် သဘောပေါက် ခဲ့ပါသည်။ မိမိဘာလုပ်သင့်သည်ကို။
ဒီလိုနဲ့ ကျနော်တို့ရဲ့ ဘဝတွေကို ပြောင်းလဲစေခဲ့တဲ့ အရာက ကျနော့် ငယ်ချစ်ဦးထက် ကြီးမားတဲ့ ဆွဲဆောင်မှု ရှိနေခဲ့မယ်ဆိုတာ ဘယ်သူမှ မသိခဲ့ခြင်းပါဘဲ။ အချိန်က (၁၉၈၇)၊ တိုင်းပြည်ရဲ့ မငြိမ်သက်မှုက ရင်ကို မသိမသာထက် ခပ်နဲနဲ ပိုပြီးရိုက်လာသည်။ တဖြည်းဖြည်း တိုင်းပြည် အခြေအနေ မငြိမ်သက်လေ၊ ကျနော့်ရဲ့ ခံစားမှုက ပိုပြင်းထန်လေ ဖြစ်ခဲ့ရသည်။ ဘာကြောင့်မှန်း မသိ၊ ဘာကိုမှ အလို မကျခဲ့ပါ။ အစိုးရ ဆိုသည့် စကား၊ မဆလ ဆိုသည့် စကားတွေ မကြားချင်တော့။ ဆန့်ကျင်ဖို့ဘဲ တွက်နေမိသည်။ ငါ ဘယ်လို လုပ်ရမလဲ။ ကိုယ့်ဟာကိုယ် မေးမိသည်။ “ လုပ်ပေါ့ကွာ၊ မင်းတို့ပဲ နိုင်လို မင်းထက် လုပ်ကြပါ။” တောက် ခေါက်မိ သည်က အကြိမ်ကြိမ်၊ အိပ်မရသည်က လနဲ့ ချီခဲ့ရသည်။ ရှေ့က ဦးဆောင်ပြီး စွန့်ပြခဲ့ကြသည့် သူတွေကို အားကျမိသည်။ လေးစားသည်။ သူတို့လည်း ငါ့လို လူတွေဘဲ။ သူတို့လို လုပ်ချင်သည်။ ငါလည်း လုပ်နိုင်ပါ့မလား။ သူတို့လို စွန့်လွှတ်နိုင်ပါ့ မလားပေါ့။ “လား” ပေါင်းများစွာ ကျနော့် ခေါင်းထဲ ဝင်ရောက်ခဲ့သည်။ တခါတခါ စဉ်းစားရင်း ဇောချွေးတွေ ပြန်လာသည်။ လက်သီးတွေ ဆုပ်မိသည်။ အံကြိတ် မိသည်။ တောက်ခေါက် မိသည်။ ရင်ထဲမှာ မွန်းသလို ကြပ်သလိုနှင့် အသက်ရှုမဝသလို ခံစားလာရသည်။ အသိတရားက လုပ်သင့်သည် လုပ်ရမည်ဟု ဆုံးဖြတ်သည်။ ဆုံးရှုံးရမှာကိုတော့ ကြောက်နေ စိုးရိမ် နေမိသည်။
ဒီလိုနဲ့ “ ဟာ ဒါလုပ်ရမယ့် ဟာကွ၊ ငါလုပ်ရမယ့် တာဝန်ကွ” လို့ တယောက်ထဲ ခြင်ထောင်ထဲမှာ ကြုံးဝါး နေမိသည်။ သို့သော်ချက်ချင်း ငါတော့ ငါ့ဘဝ အရာရာ စွန့်လွှတ် ဆုံးရှုံးရတော့မှာပဲ ဆိုပြီးတွေးခဲ့ရင်း တဆတ်ဆတ် တုန်နေမိသည်။ ဒီအလုပ်ကို လုပ်မယ်ဆိုပြီး စဉ်းစားကတည်းက အဲဒီအရွယ်မှာ အရေးကြီးဆုံး အရာက သူငယ်ချင်းများကို စွန့်လွှတ်ဖို့ဖြစ်သည်။ သူတို့ကို ငါခွဲနိုင်မလား။ သူတို့နဲ့ငါ စကား မပြောရ တော့ဘူး။ လက်ဖက်ရည် အတူ မသောက်ရတော့ဘူး။ သူတို့နဲ့လည်း မတွေ့ရတော့ဘူးဆိုတဲ့ အရာတွေ တွေးကြည့်ပြန်တော့ မျက်ရည်ကျခဲ့ရသည်။ ဒီအလုပ်ကိုလုပ်ရင် ဒါတွေအားလုံး စွန့်လွှတ်ရတော့မယ်ဆိုတာ အသိတရားနဲ့ ဆင်ခြင် စဉ်းစားမှု ဦးနှောက်က လက်ခံပြန်သည်။
ဒီလိုနဲ့ (၁၉၈၈) နှစ်ကုန်ပိုင်းမှာ ဆုံးဖြတ်ချက် တခု ခိုင်မာစွာ ချမှတ်ခဲ့သည်။ ငါ ဒီအလုပ်ကို လုပ်မည်။ ဒီအလုပ်သည် ငါ၏ အိပ်မက်တခုထဲက မထင်မှတ်ခဲ့သည့် အိပ်မက်တခု ဖြစ်ခဲ့ပြီ။ သို့သော် အိပ်မက်ဆိုသည့် လက်တွေ့ဘဝ နယ်ပယ်ထဲက ကျော်၍ မက်သည့် အိပ်မက်မျိုး မဟုတ်စေရ။ ထမင်းလုံး တစ္ဆေခြောက်သည့် အိပ်မက်မျိုး မဟုတ်စေရ။ အဖေ့အိပ်မက်နှင့် အနီးစပ်ဆုံးဖြစ်သည့် အိပ်မက်ဖြစ်ရမည်။ အဖေ့အိပ်မက်ကို ကျနော်တို့ ဖြည့်ပေးချင်ခဲ့သည်။ သို့သော် အခြေအနေတွေက မပေးခဲ့ပါ။
အစ်ကိုကြီး R.I.T မှ ရာသက်ပန် ထုတ်ပစ်ခဲ့သည်။ ဒုတိယသား ကျနော်လည်း နောက်ဆုံးနှစ် အပိုင်း(က) ဖားတပိုင်း ငါးတပိုင်း ဆရာဝန် ဖြစ်ခဲ့ရသည်။ တတိယ ကောင်ကတော့ အိမ်ရဲ့စားဝတ်နေရေး ဖြေရှင်းဖို့ တက္ကသိုလ်နှင့် ဝေးခဲ့ပြန်သည်။ အဖေကိုယ်တိုင်ကတော့ ရှစ်လေးလုံး အရေးတော်ပုံမှာ ဖြစ်ပျက်ခဲ့တဲ့ မြို့နယ်က အဖြစ်ပျက်တခုကို အကြောင်းပြုပြီး မတရားတဲ့ ဥပဒေနဲ့ ထောင်ဒဏ်(၁၃) နှစ် အလုပ်ကြမ်းဖြင့် ရဲဘက်စခန်းကို အငြိုးကြီးစွာချခဲ့သည်။
အလုပ်လုပ်တဲ့ နေရာမှာ ဆန္ဒနဲ့ အသိတရား အသုံးချမှု ရွေးချယ်ဖို့ ယှဉ်ခဲ့ရင် ကျနော်ကတော့ ဦးနှောက်နဲ့ စဉ်းစားဆင်ခြင် အသိတရားက မှန်လိမ့်မယ်လို့ အမြဲ ယုံကြည်ခဲ့သည်။ ဒီအတွက် အဖေပြောခဲ့တဲ့ စကားအတိုင်း စွန့်လွှတ်မှုအပြည့်၊ အသိတရားရှိရှိ၊ ကြိုးစားမှုရှိရှိနဲ့ တာဝန်ကျေဖို့ ကြိုးစားနေတဲ့ သူတွေနဲ့ စုဝေးရာ နေရာကို ရောက်ခဲ့ရသည်။ ဒါဟာ အဖေ့အိပ်မက်ထဲက အိပ်မက်တခု ဖြစ်မယ်ဆိုတာ ကျနော် ယုံကြည်ပါသည်။
ဒီအိပ်မက်ဟာ အသိတရားက နှိုးဆော်တဲ့ အိပ်မက်တခု ဖြစ်ပါလိမ့်မည်။ ဘာပဲဖြစ်နေနေ ကျနော်ကတော့ အဖေ့အိပ်မက် ထက် အဖေ့ဦးနှောက်က စဉ်းစားမယ့် လက်ခံမှု တခုဟာ ကျနော်နဲ့ ထပ်တူဖြစ်နေတယ် ဆိုတာတော့ ယုံနေသည်။
သံခဲ (ဆေး-မန်း)
(လွန်ခဲ့သော အနှစ် နှစ်ဆယ်က ရေးခဲ့သော ၀တ္ထုတို)
ပန်းစကားစာစောင် ၁၉၉၁၊ အိန္ဒိယနယ်စပ်
မောက္ခမှ ကူးယူဖော်ပြသည်..
0 comments:
Post a Comment