ရမ္ဘို-၄ ရုပ်ရှင်ကားကို ကေအန်အယ်လ်အေမှ
ပြောက်ကျားတပ်သားများ အထူးစိတ်ဝင်စား
NEJ/ ၇ ဖေဖော်ဝါရီ ၂၀၀၈


လက်ရှိနိုင်ငံတကာတွင် ပြသနေသည့် ရမ်ဘို-၄ ရုပ်ရှင်ကားသည် မြန်မာစစ်အာဏာရှင်များအား ပြောက် ကျား နည်းဖြင့် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင်နေသူများအတွက် အတုယူအားကျ စရာကောင်းအောင် စိတ် ဓာတ်ရေးရာ မြှင့်တင်ပေးသည့် ရုပ်ရှင်ကားကောင်းတခုဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (ကေအန်အယ်လ်အေ) မှ အရာရှိတဦးက ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) မှ ဗိုလ်ကြီး စောဂေးလဘတ်က "ဒီကားနမူနာကို အင်တာ နက်ဝက်ဆိုက် တွေမှာ ကြည့်ရတယ်။ ရဲဘော်တွေ ကြိုက်ကြတယ်။ မြန်မာနိုင်ငံအကြောင်းဆိုတော့ ပိုပြီးတော့တောင်ကြည့် ချင်နေကြတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေအပေါ် နအဖစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုကို ဖော်ကျူးထား တာဆိုတော့ အတော်လေးစိတ်ဝင်စားနေကြတယ်" ဟု ပြောသည်။

ရမ်ဘို-၄သည် နအဖစစ်တပ်၏ ဖမ်းဆီးခြင်းခံနေရသည့် လူသားချင်းစာနာမှု အကူအညီပေးသော ခရစ်ယာန် သာသနာပြုအဖွဲ့ကို ရမ်ဘိုက သွားရောက်ကယ်တင်သည့် ဇာတ်လမ်းဖြင့် ဇာတ်အိမ်ဖွဲ့ထားပြီး နယ်စပ်ရှိ တိုင်း ရင်းသားလူမျိုးများအပေါ် နအဖစစ်တပ်၏ ရက်စက်မှုများကို ဖော်ကျူးထားသော ရုပ်ရှင်ဖြစ်သည်။

ရမ်ဘို-၄ ရုပ်ရှင်ကားအား မိမိတို့တော်လှန်ရေးနယ်မြေတွင် ကြည့်ရှုခွင့်ရရန် မလွယ်ကူသော်လည်း ယခင်ကား များကဲ့သို့ အနှေးနှင့်အမြန် မကြာမီကြည့်ရှုရမည်ဟု မျှော်လင့်ကြောင်း ဗိုလ်ကြီး စောဂေးလဘတ်က ပြောသည်။

တပ်မဟာ (၇)မှ ပြောက်ကျားစစ်သည် စောကညောဖိုးကလည်း "ရမ်ဘိုကားတွေကြည့်ရတာ တကယ် သဘော ကျတယ်။ သူဟာ အတော်သေချာတဲ့လူဖြစ်တယ်။ ကျနော့်ဆံပင်အရှည်ကို ဒီအဝတ်နီနဲ့ ခေါင်းစည်းထားတာ ရမ်ဘိုကားထဲကပုံစံကို အတုယူထားတာဖြစ်တယ်။ သူ့လိုပဲ တကိုယ်တော်စွန့်စားပြီး ကိုယ့်လူမျိုးကို ကယ်တင် မယ့် သူရဲကောင်းဖြစ်ချင်တယ်" ဟု ပြောသည်။

ပြီးခဲ့သည့်လ (၂၅) တွင် အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ရုံတင်ပြသနေသည့် ရမ်ဘို-၄ ရုပ်ရှင်ကားကို ကိုယ်တိုင်ရိုက်ကူး သရုပ်ဆောင်ထားသည့် မင်းသား ဆယ်ဗက်စ်တာစတားလုံးက ၎င်း၏ရုပ်ရှင်သည် စစ်ပွဲ ဒဏ် ခံနေရသည့် မြန်မာနိုင်ငံမှ ဒုက္ခသည်ပြဿနာများကို မီးမောင်းထိုးပြသနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ကေအန်ယူစည်းရုံးရေးဌာနမှ ဗိုလ်မှူးစောလှငွေကလည်း ယခုရမ်ဘိုကားသည် နအဖ၏ပေါ်လစီဖြစ်သည့် တိုင်း ရင်းသားလူမျိုးစုများအား မျိုးဖြုတ်တိုက်ခိုက်မှုများ၊ အမျိုးသမီးများ မုဒိမ်းကျင့် နှိပ်စက်သတ်ဖြတ်ခံရမှုများ၊ က လေးလူကြီးမရှောင် ညှဉ်းပန်းသတ်ဖြတ်မှုများကို ထင်ဟပ် စေသည့်ကားဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့ရဲဘော်တွေက သူတို့စစ်မြေပြင်မှာ ကြုံတွေ့ခဲ့ရတာတွေကို ရမ်ဘိုလို ကမ္ဘာကျော်မင်းသားက ကမ္ဘာ့ လူထုကို မီးမောင်းထိုးပြလိုက်တော့ အမှန်တရားကို ပိုမိုသိရှိလာမှာဖြစ်တယ်။ တိုင်းရင်းသားတွေ ဘာကြောင့် ခုခံစစ်ကို ဆင်နွှဲနေရသလဲဆိုတဲ့ အကြောင်းရင်းကို ကွက်ကွက်ကွင်းကွင်း ပိုပြီးစာနာထောက်ခံမှုတွေ ရရှိစေ တယ်"ဟု ၎င်းက ပြောသည်။

အဆိုပါဇာတ်ကားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အနီး ကစ်ချန်းရွာ၌ ၂ဝဝ၆ ခုနှစ်ကုန်ပိုင်းက စတင်ရိုက်ကူးခဲ့ပြီး ချင်းမိုင်မြို့တွင် လာမည့်မတ်လ (၁၃) ရက်၌ ရုံတင်ပြသမည်ဖြစ်သည်။ ။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates