ရာသီဥတု သတိပြုရန် မိုး၊ဇလပညာရှင်ပြော


ဧရာဝတီတိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းတွေမှာ ဧပြီလလယ် ကနေ မေလလယ်အတွင်း မိုးတိမ်တောင်တွေ ဖြစ်လာနိုင်ပြီး မိုးကြိုးတွေ ပစ်နိုင်တဲ့ အန္တရာယ် သတိပြုဖို့ အတွက် မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။

အခုနောက်ပိုင်း မိုးကြိုးပစ်လို့ သေဆုံးရတဲ့ သူတွေက နှစ်တိုင်းဖြစ်နေတယ်။ ၂၀၀၆ က စလို့ ၂၀၁၀ အထိ ကျနော့်ဆီမှာ စာရင်းလုပ်ထား တာတွေရှိတယ်။ အခု ၂၀၁၁ မှာကို မိုးကြိုးပစ်လို့ သေတဲ့သူက သုံးဦးရှိနေပြီ။

ရာသီဥတု ပူပြင်းပြီး နေအပူရိုန် မြင့်တက်နေတဲ့ အချိန်မှာ ပင်လယ်ကလာတဲ့ လေနုအေးတွေနဲ့ ထိတွေ့ပြီး ရေငွေ့တွေပါတဲ့ လေထုဟာ အပေါ်ကို တက်သွားရာကနေ မိုးတိမ်တောင်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။

မိုးတိမ်တောင်ဟာ ပျမ်းမျှ အချင်း (၁၀) မိုင်ခန့် ကျယ်ဝန်းတဲ့ ဧရိယာရှိပြီး မဲမှောင်တဲ့ တိမ်စိုင်တိမ်ခဲတွေအဖြစ် အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။

အကာအကွယ်မဲ့ လယ်ကွင်းပြင်တွေမှာ အလုပ်လုပ်နေတဲ့သူတွေ နဲ့ မိုးခြိမ်းသံ ကြားနိုင်တဲ့ မိုးတိမ်တောင်နဲ့ (၄) မိုင် အကွာအဝေး အတွင်း ရောက်ရှိနေသူတွေအနေနဲ့ ပိုပြီး ဂရုစိုက်သင့်တယ်လို့ ဦးထွန်းလွင်က ဆိုပါတယ်။

မိုးတိမ်တောင်တွေ ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ ပထမအဆင့်အနေနဲ့ နေရာကွက်ပြီး မိုးကြီးတာတွေ၊ လေပြင်း တိုက်တာတွေ၊ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။

နောက်တဆင့်အနေနဲ့ အင်အားပိုပြင်းတဲ့ လေဆင်နှာမောင်း နဲ့ စိုက်ဆင်းလေပြင်းတွေ တိုက်ခတ်လာနိုင်သလို မိုးကြိုးပစ်တာတွေနဲ့ မိုးသီးကြွေတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲ့ဒီအတွက် ပြည်သူလူထုတွေဟာ မိုးလေ၀သတင်းကို အထူးနားထောင်ဖို့ လိုအပ်တယ်လို့ ဦးထွန်းလွင်က ဆက်ပြောပါတယ်။

လောလောဆယ် ရန်ကုန်မြို့မှာ အပူချိန် မြင့်မားနေတဲ့အတွက်ကြောင့် ကျန်းမာရေးအသိနဲ့ သတိပြုနေထိုင်ဖို့ နိုင်ငံပိုင် သတင်းစာတွေမှာ တိုက်တွန်းထားပါတယ်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates