စစ်ပွဲဒေသတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရှိနေဆဲ


၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း ကရင်ပြည်နယ်အတွင်း စစ်ပွဲဒေသတွေက အမျိုးသမီးများ အနေနဲ့ အကြမ်းဖက်မှုတွေ ဆက်လက် ကြုံတွေ့နေရကြောင်း ကရင်အမျိုးသမီးများ အစည်းအရုံး (KWO) က ပြောကြားလိုက်ပါတယ်။

ဒီကနေ့အထိ အမျိုးသမီးတွေဟာ ပေါ်တာ ဖမ်းတာ ခံနေရတယ်။ ပြီးလို့ရှိရင် အမျိုးသမီးတွေကို စစ်တပ်ကနေပြီးတော့မှ မုဒိန်းကျင့်တာတို့၊ နှိပ်စက်တာတွေလည်း ရှိနေတုန်းပဲ။လို့ KWO တွဲဘက် အတွင်းရေးမှူး (၁) နော်ဘလူးမင်နိုက်ဇံ က ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ဒေသက ကော့ကရိတ်မြို့နယ် အတွင်းရှိ ဖလူး၊ ဝေါလေ၊ သစ်ပေါဘိုး၊ ထီးသယ်နယ်ရွာတွေမှာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အများဆုံး ဖြစ်နေတယ်လို့ နော်ဘလူးမင်နိုက်ဇံ က ဆိုပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်မှုတွေ ရန်ကနေ ကာကွယ်နိုင်အောင် ပညာပေး လုပ်ငန်းတွေ ပိုမို လုပ်ဆောင် သွားမယ်လို့လည်း KWO က ပြောထားပါတယ်။

နော်ဘလူးမင်နိုက်ဇံ က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တဖြည်းဖြည်းနဲ့ နည်းပြီးတော့ ပပျောက်ဖို့အတွက် ပညာပေး အစီအစဉ်တွေ၊ သတင်းကောက်ယူတဲ့ အစီအစဉ်တွေ၊ အမျိုးသမီးတွေ မိမိကိုယ်ကိုယ် ယုံကြည်ပြီးတော့မှ ကိုယ်ကိုယ့်ကိုယ် ကာကွယ်နိုင်တဲ့အထိ ကျမတို့ လုပ်သွားဖို့ ရှိပါတယ်လို့ ပြောပါတယ်။

အခုလောလောဆယ်မှာတော့ အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ရေးသင်တန်း၊ နိုင်ငံရေးအသိအမြင်၊ မိခင်နဲ့ ကလေး အသိပညာပေးရေး၊ ခေါင်းဆောင်မှုသင်တန်း စတာတွေကို KWO က ကရင်ပြည်နယ်အတွင်းရှိ စစ်မဲ့ဖြစ်ပွားနေတဲ့ ခရိုင် (၇) ခုမှာ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ပွဲဒေသတွေမှာ အမျိုးသမီးနဲ့ အတူ ကလေးငယ်တွေလည်း စစ်ဒဏ်ကနေ ပြေးလွှား ပုန်းအောင်း ကြရတဲ့ အခါမှာ အစားအသောက် မမှန်တာတွေ၊ အနာရောဂါ ဖြစ်တဲ့ အခါ ဆေးဝါးကုသခွင့် မရကြတာစတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ခံစားနေရကြောင်း KWO က ပြောပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဟာ ထိုင်းမြန်မာနယ်စပ်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အတွက် အကူအညီပေးနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates