သွေးလှူဒါန်းရေး တက်ကြွလှုပ်ရှားသူကို စစ်ကြောရေးခေါ်


ရန်ကုန်တိုင်း တောင်ဒဂုံမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သွေးကူညီပေးရေးအဖွဲ့က ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကို စနေနေ့ညနေမှာ အထူးရဲ့တပ်ဖွဲ့က အောင်သပြေ စစ်ကြောရေးစခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စနေနေ့ ညနေ ၄ နာရီခန့်မှာ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကို သွားရောက်သွေးလှူဖို့အတွက် တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက်ရှိ သူ့ရဲ့ နေအိမ်ကအထွက် အထူးရဲသတင်းတပ်ဖွဲ့ ဒုတပ်ကြပ်မြင့်ဆွေက စစ်ကြောရေးကို ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

သွေး သွားကူဖို့အတွက် စံပြဆေးရုံမှာ သူ့ကို ချိန်းထားတယ်။ ၄ နာရီ ၁၅ လောက်မှာ ကိုနေမျိုးက ကျနော့်ကို ဖုန်းလှမ်းဆက်တယ်။ ကိုညီ ကျနော့်ကိုတော့ တောင်ဒဂုံ SP ဒုတပ်ကြပ် မြင့်ဆွေက နေပြီးတော့ မေးစရာရှိတယ်ဆိုပြီး လာခေါ်နေတယ်။ အဲဒါ ကျနော် အောင်သပြေ စစ်ကြောရေးကို လိုက်သွားရမယ် ဆိုပြီးတော့ ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ တောင်ဒဂုံ သွေးအကူအညီပေးရေးအဖွဲ့ တာဝန်ခံ ကိုညီညီက ပြောသွားတာပါ။


တနင်္ဂနွေမနက် ၈ နာရီမှာတော့ တောင်ဒဂုံ အထူးရဲသတင်းတပ်ဖွဲ့ ရဲမှူး ဦးဆွေလေး၊ ရဲအရာရှိ ၃ ဦး၊ ၁၉ ရပ်ကွက် အုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးမြတ်ကွန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံး ၀န်ထမ်းတဦးက ကိုနေမျိုးဇင်ရဲ့ အိမ်ကို ရောက်လာပြီး သူ့အတွက် အ၀တ်အစားတွေ ယူသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာတဲ့ အထိမ်းအမှတ်နဲ့ ရန်ကုန် ကလေးဆေးရုံကြီးမှာ သွေးကင်ဆာဝေဒနာသည်တွေအတွက် သွားလှူဒါန်းရာမှာ ပါဝင်ခဲ့ပါတယ်။

NLD
သွေးအကူအညီပေးရေးအဖွဲ့ကို ၂ဝဝ၉ ခုနှစ် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ပါတီလူငယ်တွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး၊ နောက်ပိုင်းမှာ ပါတီဝင်မဟုတ်တဲ့ လူငယ်တွေနဲ့ တပ်မတော်သားဟောင်းတွေ ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။

source: Mizzima

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates