ယနေ့ ပညာရေးစနစ်မှာ Study Guide ထားခြင်း၊ မထားခြင်းနဲ့ သူတို့ရဲ့ စကားသံများ






Written by ခင်လေးမြင့်

(Teen မဂ္ဂဇင်း၊ ဇန်န၀ါရီလ ၂၀၁၁)

Saturday, 15 January 2011 12:21

မြန်မာပြည်မှာ တက္ကသိုလ် ၀င်တန်း စာမေးပွဲက ဘ၀အတွက် အပြောင်းအလဲ တစ်ခု ဖြစ်စေတဲ့ အရာပါ။

ဘ၀ အသက်မွေး ၀မ်းကျောင်း ပညာရေးကို ဆက်လက် သင်ယူနိုင်တဲ့ တစ်ဆစ်ချိုး ဆိုရင်လည်း မမှားပါဘူး။ ဒီလို တစ်ဆစ်ချိုး ပြောင်းနိုင်တဲ့ တက္ကသိုလ် ၀င်တန်း စာမေးပွဲ ဖြေဆိုနိုင်ဖို့ အကောင်းဆုံး ကျူရှင်၊ အကောင်းဆုံး Study Guide တွေခေါ်ကြ၊ တက်ကြတာတွေ ရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာကျက်နိုင်မှု၊ စာကြိုးစားမှုပေါ် မူတည်ပြီး မိဘတွေက ဖြည့်ဆည်းပေးကြတာ ရှိသလို ကျောင်းသား၊ ကျောင်းသူတွေကလည်း လိုအပ်တယ် ဆိုပြီး Study Guide ထား၊ ကျူရှင်တွေ တက်ဖြစ်ကြတာပါ။ Study Guide ထားတယ် ဆိုတာ ပြောင်းလဲလာတဲ့ ပညာရေး စနစ်ပေါ် မူတည်ပြီး ထားကြတာ ဖြစ်ပါတယ်။ ဒီနေ့၊ ဒီအချိန်မှာ Study Guide ခေါ်ပြီး ၁၀ တန်းစာမေးပွဲကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ခဲ့တဲ့ လူငယ်၊ Study Guide မခေါ်ဘဲ ထူးထူးချွန်ချွန် အောင်မြင်ခဲ့တဲ့ လူငယ်တွေရဲ့ Study Guide ခေါ်ခြင်း၊ မခေါ်ခြင်းနဲ့ပတ်သက်ပြီး စကားဝိုင်း လုပ်ဖြစ်ပါတယ်။

teen စကားဝိုင်းမှာ ပါဝင်တဲ့ လူငယ်တွေက ၂၀၁၀ ပြည့်နှစ်မှာ တက္ကသိုလ် ၀င်တန်း စာမေးပွဲကို ဂုဏ်ထူးလေး ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ မောင်လင်းသူ၊ ၂၀၀၈ ခုနှစ်မှာ ဂုဏ်ထူးလေး ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ နီလာဝင်း၊ ၂၀၁၀ ပြည့်နှစ်မှာ ဂုဏ်ထူး လေးဘာသာနဲ့ အောင်မြင်ခဲ့တဲ့ ယုသဇင်သိန်းတို့ ဖြစ်ပါတယ်။ မောင်လင်းသူက ရှေ့မှာ ဂုဏ်ထူးလေး ဘာသာ၊ ငါးဘာသာတွေနဲ့ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေလို ကျောင်းမှာ သင်ခန်းစာတွေကို ပြန်လည် ရှင်းပြ ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားခဲ့တာပါ။ နီလာဝင်းက အခု လောလောဆယ် ဆေးတက္ကသိုလ်(၁)မှာ ဒုတိယနှစ် တက်နေပါတယ်။

ဘယ်အလုပ်ကိုပဲ လုပ်လုပ် အကောင်းဆုံး ဖြစ်ရမယ်၊ အမှတ် အများဆုံး ရရမယ်ဆိုတဲ့ စိတ်နဲ့ တက္ကသိုလ် ၀င်တန်းစာမေးပွဲ မှာ ဂုဏ်ထူးတွေနဲ့ အောင်မြင်အောင် နီလာဝင်းက ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ငယ်ငယ်လေးက တည်းက ဆရာဝန် ဖြစ်ရမယ်၊ ဆရာဝန် ဖြစ်ချင်တဲ့ စိတ်နဲ့ ၈ တန်းနှစ်က စပြီး ယုသဇင်သိန်းက ကြိုးစားခဲ့တာပါ။ ငယ်စဉ်ဘ၀ အလယ်တန်းကျောင်း တက်စဉ်ကတည်းက စာကြိုးစားလို့ ကျူရှင် ဆိုတာတွေ မတက်ကြတာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၀ တန်းက ခက်တယ်၊ အောင်မှရမယ် ဆိုပြီး ပိုကြိုးစားခဲ့ကြတာပါ။

လင်းသူ။ ။ ကျွန်တော်က ၁၀ တန်းမှာ ကျူရှင် တက်ဖြစ်တယ်။ Study Guide အနေနဲ့ အပြင်က သီးသန့်ခေါ်တာ မဟုတ်ဘဲ အစ်မ၀မ်းကွဲက Study Guide လုပ်ပေးတာ။ ဂုဏ်ထူး လေးဘာသာ၊ ငါးဘာသာ ရထားတဲ့ Study Guide ရယ်လို့ သီးသန့်တော့ မခေါ်ဘူး။ ကျူရှင်တက်တာကလည်း ကျောင်းက သေသေချာချာ ဖိဖိစီးစီးနဲ့ ကျူရှင်လို မသင်နိုင်ဘူးလေ။ ကျောင်းက စစ်တဲ့ စာမေးပွဲတွေက မြင့်တော့ မြင့်ပါတယ်။ ကျူရှင်က လစဉ် လိုက်စစ်ပေးတယ်။ ကိုယ်လည်း စာပိုကျက် ဖြစ်တာကြောင့် ကျူရှင် တက်ဖြစ်တာလည်း ပါတယ်။

နီလာဝင်း။ ။ သမီးက အရင်တုန်းက အိမ်နားမှာပဲ တက်တယ်။ ၁၀ တန်းရောက်မှ ရှစ်မိုင်မှာ သွားတက်တာ။ Section နဲ့ တက်တာ။ ဘာသာစုံ တက်တာပေါ့။ ကျောင်းမှာလည်း စာတစ်ခါ သင်တယ်၊ ကျူရှင်မှာလည်း တစ်ခါသင်တယ် ဆိုတော့ နှစ်ခါကျေတော့ ပိုကောင်းတာပေါ့။ အဲဒီလို စိတ်ကူးနဲ့ ကျူရှင် တက်ခဲ့တာ။

ယုသဇင်သိန်း။ ။ ကျူရှင်က သင်တာ ပိုပြီး ပြည့်စုံတယ်။ ကျောင်းမှာက သိပ်ပြီး မသင်ဖြစ်တာ များတယ်။ ကျူရှင်မှာ ကျတော့ စာမေးပွဲတွေက လစဉ် စစ်ပေးတယ်။ အဲဒါကြောင့် သမီးက ကျူရှင် တက်ဖြစ်တာ။ ၀ိုင်းကျူရှင် တက်တာပါ။
ကျူရှင်တက်ဖို့ ဆုံးဖြတ် ပြီးရင်လည်း ကိုယ်တက်မယ့် ကျူရှင်က အောင်ချက် ရာခိုင်နှုန်း ဘယ်လောက်ရှိတယ်၊ ဆရာတွေရဲ့သင်ပြမှု ဘယ်လောက်ရှိတယ် ဆိုတာကိုလည်း စုံစမ်း ကြရတာပါ။ ဒီမှာသင်တဲ့ ဆရာတွေက ဘယ်လို သင်ကြတယ်၊ စည်းကမ်းပိုင်းက ဘယ်လိုရှိတယ် ဆိုတာတွေလည်း သိချင် ကြတယ်လေ။

လင်းသူ။ ။ ကျွန်တော်က စည်းကမ်း အရမ်း တင်းကျပ်တဲ့ ကျူရှင်တွေကို တက်လို့ မရဘူး။ အရင်ကတည်းက လွတ်လွတ်လပ်လပ် ကြိုက်တယ်လေ။ ကျွန်တော် တက်တဲ့ ကျူရှင်က လွတ်လပ်တယ်။ အရမ်း ထိန်းချုပ်မှု မရှိတဲ့ ကျူရှင်ကို ရွေးတက် ခဲ့တာပေါ့။ အဲဒီလို လွတ်လပ်တဲ့ ကျူရှင်ကျတော့ ကိုယ့်ဘာသာ လိုက်လုပ်မှ ရမှာပေါ့။ ဖိအားပေးတဲ့ အပိုင်းတော့ ရှိတယ်၊ နည်းတယ်။ တချို့ကျူရှင်တွေဆို ဒါကျက်လာခဲ့။ မရရင် ဘယ်လို ပြစ်ဒဏ်ပေးမယ် ဆိုတာ ရှိတယ်။ ကျွန်တော် တက်ခဲ့တဲ့ ကျူရှင်ကတော့ အဲဒီလို မဟုတ်ဘူး။ အဲဒီတော့ ကိုယ် စာလိုချင်တဲ့ ပေါ်မှာ မူတည်တာပေါ့နော်။

နီလာဝင်း။ ။ သမီးတက်တဲ့ ကျူရှင်က အဖေ့ရဲ့ ဆရာ ဆိုတော့ သမီးလည်း အဲဒီမှာပဲ တက်ဖြစ်တယ်။ သမီးတက်တဲ့ ကျူရှင်မှာ စာမေးပွဲ နီးတော့ တစ်ယောက်ချင်း ခေါ်ပြီး သင်ပေးတယ်။ အဲဒီ ကျူရှင်မှာ အစ်ကိုလည်း တက်ခဲ့တယ်။ ပြီးတော့ အဲဒီ ကျူရှင်ကနေ ဆေးကျောင်း ၀င်တာလည်း များတယ်။

ယုသဇင်သိန်း။ ။ သမီးတက်တဲ့ ကျူရှင်က စည်းကမ်း တင်းကျပ်သလို စာကိုလည်း ဖိဖိစီးစီး သင်တယ်။ စာမလုပ်တဲ့ သူတွေဆိုရင် ရိုက်တာတို့ ဘာတို့ ရှိတယ်။ ဒါပေမယ့် စာကြိုးစားတဲ့ သူတွေကို မြေတောင် မြှောက်ပေးတယ်။ သမီး အစ်ကိုကလည်း အဲဒီ ကျူရှင်မှာ တက်ခဲ့တာ။ အဲဒါကြောင့် တက်ဖြစ်တာပေါ့။ ကျောင်း၊ ကျူရှင်တွေ တက်ဖြစ်နေပေမယ့် တစ်ပတ်မှာ ဘယ်နှရက်သင် ပေးနိုင်တဲ့ Study Guide ဆိုတာတွေ ၁၀ တန်းမှာ ထားကြပါတယ်။ ၁၀ တန်းဖြစ်လို့ ထူးထူးချွန်ချွန်နဲ့ အောင်ချင်တာကြောင့် Study Guide ခေါ်ကြတာပါ။ Study Guide ခေါ်ရခြင်းနဲ့ ပတ်သက်ပြီး ပြောကြပါသေးတယ်။

လင်းသူ။ ။ ၁၀ တန်း တစ်ယောက်မှာ Study Guide တော့ ရှိသင့်တယ်။ သိပ္ပံတွဲက တစ်ယောက်၊ ကျက်စာပိုင်းက တစ်ယောက်ဆိုပြီး ရှိသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျူရှင်က နားမလည်တဲ့ စာတွေဆိုရင် ကျူရှင်က ဆရာတွေကို သွားမေးဖို့ကလည်း မလွယ်ဘူးလေ။ ကိုယ့်ဘေးနားမှာ အမြဲတမ်း ရှိနေတာကလည်း Guide ပဲဆိုတော့ Guide ကို ပြန်မေးရတာ ပိုပြီး အဆင်ပြေတယ်။ သူကလည်း ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်တာပေါ့။ Guide ရှိတာ ပိုကောင်းပါတယ်။ Study Guide ကြောင့် စာပိုရတာမျိုးတွေ ရှိတယ်။ ဒီစာပိုဒ်ကို ဒီလို ကျက်ဆိုပြီး ညွှန်ပေးတာနဲ့ ကျွန်တော်တို့က လိုက်လုပ်ရုံပဲ။ အဲဒီလို လိုက်လုပ်တာနဲ့ ကိုယ့်ရဲ့အမှတ်က တက်လာမှာပဲလေ။ သူ ပြောတဲ့ ပုံစံမှန်ရင်ပေါ့။ မမှန်ရင်တော့ အမှတ်က ကျသွားမှာပဲ။ Guide ပေါ် မူတည်တာပဲ။ ကျွန်တော်က စာပိုရအောင် Study Guide ထားခဲ့တာ။

နီလာဝင်း။ ။ သမီးကတော့ Study Guide ထားတာ မကြိုက်ဘူး။ မသိဘူး ဆိုရင် ဆရာ၊ ဆရာမနဲ့ မေးရုံပဲ။ မသိတဲ့ စာတွေဆို မှတ်ထားပြီး နောက်နေ့ ကျူရှင်တက်ရင် ပြန်မေးလိုက်ရုံပဲ။ သမီးက ကိုယ့်ဘာသာ ကြိုးစားတာပဲ ကြိုက်တယ်။ ကိုယ်လုပ်ရင် ကိုယ်ဖြစ်မယ်လို့ပဲ ခံယူထားတယ်။ Study Guide ထားမယ် ဆိုရင်လည်း သမီး လေးစားရတဲ့ သူမှ သဘောကျတာ။ သမီး မေးတာ အကုန် ဖြေနိုင်ရမယ်။ အဲဒီလိုမျိုးပေါ့။ ပြောရရင် အဲဒီတုန်းက ဆရာ၊ ဆရာမတွေ ပြည့်စုံတယ်လို့ ထင်တယ်။ များသောအားဖြင့် Study Guide ယူ ကြတယ်။ သမီးကတော့ Study Guide ထားတာ အချိန် ပေးရတယ်။ အဲဒီတော့ မထားဖြစ်ဘူး။ ကိုယ့်ဘာသာ စာလုပ် ရတာပဲ ကြိုက်တယ်။

ယုသဇင်သိန်း။ ။ Study Guide နဲ့ ကျတော့ ကိုယ် ကျက်ချင်တဲ့ စာကျက်လို့ မရမှာ စိုးတယ်။ Guide နဲ့လည်း စာသိပ် မကျက်တတ်ဘူး။ အဲဒါကြောင့် Study Guide မထားခဲ့တာ။ ကျူရှင်ချိန်၊ ကျောင်းချိန်တွေနဲ့ ပြည့်နေတော့ Study Guide လည်း ခေါ်ချိန် မရတော့ဘူး။ ကျူရှင်မှာပဲ စာလုပ်ဖြစ်တယ်။

Study Guide ကို ပုံစံ အမျိုးမျိုး၊ စိတ်ကူး အမျိုးမျိုးနဲ့ ခေါ်ကြတာပါ။ အရမ်း တော်နေတဲ့ ကျောင်းသား၊ ကျောင်းသူ အချို့ဆို Study Guide မထားတာ ရှိပါတယ်။ စာကျက်ရမှာ ပျင်းတာ၊ စာနည်းနည်း ညံ့တယ်၊ စာကို ဖိဖိစီးစီး မလုပ်ချင် ကြတဲ့ သူတွေကတော့ Study Guide ကို မရှိမဖြစ် ခေါ်ထားကြပါတယ်။ Study Guide တစ်ယောက် ထားတော့မယ် ဆိုရင် ခေါ်မယ့် Study Guide ရဲ့ လမ်းညွှန်နိုင်မှု ကောင်း၊ မကောင်း၊ အဲဒီ Guide က ၁၀ တန်း စာမေးပွဲကို ဂုဏ်ထူးဘယ်နှခုနဲ့ အောင်မြင်ခဲ့တာ စတဲ့ အချက်တွေကို ကြည့်ပြီး ခေါ်တတ်ကြပါတယ်။ Study Guide ထားတဲ့ လင်းသူက အဲဒီ အမြင်နဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

လင်းသူ။ ။ အဲဒါကတော့ သိပ်မဆိုင်ဘူးနဲ့ တူတယ်။ ဂုဏ်ထူး အများကြီးနဲ့ အောင်မြင်တယ်၊ သူတတ်တဲ့ သိတဲ့ဟာတွေတော့ များနေမယ်၊ သူ သိတဲ့ အပိုင်းတွေကို ပြန်မရှင်းပြ နိုင်ရင်လည်း ကျွန်တော်တို့ အတွက် အထောက်အကူ မပြုဘူးပေါ့။ တချို့တွေကတော့ ဂုဏ်ထူး နည်းနည်းပဲ ပါတယ်။ ဒါပေမယ့် သူသိတဲ့ နည်းနည်းကို ပြန်ရှင်းပြ နိုင်တယ် ဆိုရင် သိတဲ့အတိုင်း ကျွန်တော်တို့က ပြန့်ပွား သုံးစားလိုက်တော့ ပိုသိလာတယ်။ အဲဒါမျိုးတွေ ကွာတာတော့ ရှိတယ်။ ဂုဏ်ထူးများတဲ့ သူကိုမှ သီးသန့် ငှားရမယ်လို့ မရှိပါဘူး။ ပြောရရင် Study Guide မှာ အများစုကတော့ အဲဒီလို ဂုဏ်ထူးတွေ ပါနေဖို့ လိုအပ်ကြတယ်လေ။ Study Guide ထားတဲ့ အတွက် သိပ္ပံတွဲက Chemistry ဘာသာရပ်က အော်ဂဲနစ်ကို အလွတ် ကျက်ရမှန်း သိသွားတာမျိုးတွေ ရှိတဲ့ အတွက် ကောင်းကျိုး ခံစားရတာတွေ ရှိပါတယ်။

နီလာဝင်း။ ။ သမီးကတော့ Study Guide မရှိတဲ့ အတွက် ခက်ခဲတဲ့ အပိုင်းတော့ မရှိဘူး။ ဆရာ၊ ဆရာမတွေ ရှိတယ်။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း လုပ်ရတာကို ကြိုက်တယ်။ ဒါပေမယ့် Study Guide ကတော့ ရှိသင့်ပါတယ်။ Top Ten ၀င်ချင်တာတို့၊ ၆ ဘာသာ ဂုဏ်ထူး ထွက်ချင်တာတို့ ဆိုရင် ကိုယ် လေးစားရမယ့် Guide တစ်ယောက်တော့ လိုပါတယ်။ တကယ်လို့ သမီးက Guide ခေါ်မယ် ဆိုရင်လည်း သမီးခေါ်တဲ့ Guide က လေးဘာသာ အထက်ဂုဏ်ထူး ထွက်ရမယ်။ စာကိုမေးရင် အကုန်လုံး လုံးစေ့ပတ်စေ့ ရှင်းပြတတ်ရမယ်။ကိုယ်သင်တဲ့ တပည့်ကို တည့်တည့်မတ်မတ် လမ်းကြောင်း ပြပေးရမယ်။

Study Guide ဆိုတာက စာသင် ပေးတာမျိုး မဟုတ်ဘဲ နားမလည်တဲ့စာ၊ မမှတ်နိုင်တဲ့ စာတွေကို ရှင်းပြ ပေးရတာပါ။ ကျောင်းသားရဲ့ စာကျက်မှတ် နိုင်မှု၊ စာရနိုင်မှု ဘယ်လောက် ရှိတယ် ဆိုတာကိုလည်း ဆန်းစစ် ပေးနိုင်ရ ပါတယ်။ Study Guide အတွက် သီးသန့် အချိန်ဆိုတာတွေ ကျောင်းသားတွေက ပေးရတာပါ။

နီလာဝင်း။ ။ အခု ၁၀ တန်းတွေက မိဘတွေက သင်ပေးလို့သာ သင်နေရတယ်။ သူတို့ဘာသာ သူတို့ စာမကျက်ချင်ကြဘူး။ စာမကျက်ချင်တဲ့ အတွက် Guide ကကျက်ပေးမှ၊ Guide နဲ့ အတူတူ လုပ်တာ ဆိုရတယ်။ ကိုယ့်ဘာသာ ကိုယ် စာမကျက်ချင်ရင်တော့ Guide က လိုအပ်ပါတယ်။ ဘာသာစုံ ဂုဏ်ထူး ထွက်ချင်တဲ့ သူတွေ ဆိုရင်လည်း Guide ကောင်း တစ်ယောက် လိုအပ်ပါတယ်။

လင်းသူ။ ။ ကျောင်းသားတွေက Guide ခေါ်ပေးပါလို့ ပြောတာ ၁၀၀ မှာ ၁၀ ယောက်လောက်ပဲ ရှိမယ်။ မိဘတွေက Guide ခေါ်ပေးကြတာ များတယ်။ စာမေးပွဲမှာ ၅၀ ဖိုး ဖြေရတယ်၊ ကလေးတွေက ၃၀ လောက်ရတယ် ဆိုရင် အဲဒီ အမှတ်ထက် ပိုလိုချင်လို့ Guide တွေ ခေါ်ကြတာ ပါတယ်။

ယုသဇင်သိန်း
။ ။ တချို့ သူတွေက စာမလုပ်ကြတော့ သားသမီးတွေကို အောင်စေချင်တဲ့ ဆန္ဒကြောင့် Study Guide ခေါ်တာများတယ်။ Study Guide ကောင်းကောင်း ဘယ်လောက်ခေါ်ခေါ် အမှတ်မကောင်း၊ စာမေးပွဲကျတဲ့ သူတွေလည်း ရှိတတ်ပါတယ်။

လင်းသူ။ ။ အဲဒီလို Study Guide ခေါ်ပေမယ့် စာမေးပွဲ ကျတာမျိုး ဆိုရင် Guide ကြောင့်ရော၊ ကျောင်းသားရဲ့ စာမကြိုးစားမှုကြောင့်လည်း ဖြစ်နိုင်တယ်။ ကျောင်းသားက ကြိုးစားပေမယ့် Guide ကလည်း ဖြစ်မြောက်အောင် မရှင်း ပြနိုင်ရင်လည်း ဖြစ်တတ်တယ်။ အဲဒီလို Guide ငှားထားမိရင် ဖြုတ်လိုက်တာ ကောင်းတယ်။ Guide ကောင်းပြီး ကျောင်းသား မကြိုးစားတာလည်း ရှိတယ်။ အဲဒါ ကျောင်းသားနဲ့ ဆိုင်တယ်။

နီလာဝင်း။ ။ Guide က အရမ်းကောင်းပြီး ကျောင်းသားက လိုက်မလုပ်ဘူး ဆိုရင် Guide နဲ့ တစ်ခါ ပြန်သင်တာပဲ ရှိတယ်။ အိမ်စာတွေ ဘာတွေ မလုပ်ရင် အမှတ်က တက်လာမှာ မဟုတ်ဘူး။ ကျောင်းသားက လိုချင်ပေမယ့် Guide က မကောင်းရင် တိုးတက်မှာ မဟုတ်ဘူး။ Guide လုပ်တဲ့သူ အများစုကတော့ သူတို့ကိုယ် သူတို့ ယုံကြည်ကြပါတယ်။ ၁၀ တန်းစာမေးပွဲက ခက်တယ်။ စာကို သူ့အချိန်နဲ့သူ ဆွဲပြီး ကျက်ရတယ် ဆိုတာတွေလည်း ရှိပါတယ်။

လင်းသူ။ ။ ကျွန်တော်က စာကို အချိန်ဇယား ချပြီး ကျက်ခဲ့တာ မဟုတ်ဘူး။ Guide ကလည်း ဘယ်အချိန်ကျက်လို့ မပြောဘူး။ ကျွန်တော်ကလည်း အဲဒီလို ပြောလည်း မကျက်တတ်ဘူး။ တချို့တွေ ပြောတယ်။ ငါးဘာသာ၊ ခြောက်ဘာသာ ဂုဏ်ထူး ထွက်တဲ့သူတွေ တစ်နေ့ကို ငါးနာရီ၊ ခြောက်နာရီ စာကျက်ကြတယ်တဲ့။ ကျွန်တော် အဲဒီလို မကျက်ချင်ဘူး။ ကျွန်တော် စိတ်ပါတဲ့ အခါကျရင်တော့ ကျက်လိုက်တယ်။ တစ်ခါတလေ ၇ နာရီလောက်က စကျက်ရင် ၂ နာရီ၊ ၃ နာရီ ထိုးသွားတာတွေ ရှိတယ်။

အချိန်ဇယား သီးသန့် မရှိဘူး။ ကျူရှင်၊ Guide ရယ်နဲ့ အချိန်က လည်နေတာကိုး။ Guide ခေါ်တာကလည်း သူပြန် ရှင်းပြတာကို နားထောင်ချင်လို့ မဟုတ်ဘူး။ နည်းနည်းပဲ ရှင်းပြ၊ ကျွန်တော် ကျက်ထားတာကို သူ့ဆီ ပြန်ဆိုပြချင်တာ။ စာကျက်ချိန်က သီးသန့် မရှိဘူး။ Guide ကလည်း ညွှန်ပေးတာ မရှိဘူး။ သူကျက်ခိုင်းတာ ရရင် ပြီးရော။ ကျောင်းမှာ စာမေးပွဲ ရှိတယ်၊ ကျက်ဖို့ လိုပြီဆို ကျက်တယ်။ တစ်နေ့စာ တစ်နေ့ ကျက်ဖို့ကလည်း မလွယ်ဘူး။ ယောက်ျားလေး ဆိုတော့ သောင်းကျန်း ချင်တာက များတာကိုး။

နီလာဝင်း။ ။ သမီးလည်း အချိန် ဇယားနဲ့ မလုပ်ဖြစ်ဘူး။ ပုံမှန်တော့ လုပ်ဖြစ်တယ်။ တစ်နေ့စာ တစ်နေ့ပေါ့။ ကျောင်းဖွင့်ရက်ဆို ၆ နာရီ ထပြီး ၆ နာရီကနေ ၈ နာရီ အထိ စာလုပ်တယ်။ ပြီးရင် ကျောင်းသွားတယ်။ ကျောင်းမှာလည်း စာလုပ်ဖြစ်တယ်။ ကျူရှင်က ပြန်လာရင် ည ၉ နာရီ ထိုးပြီဆိုတော့ ၁၁ နာရီ၊ ၁၂ နာရီလောက် အထိ စာလုပ်တယ်။ အဓိကကတော့ ကျောင်းမှာ စာလုပ်တယ်။

ယုသဇင်သိန်း။ ။ သမီးလည်း အချိန်စာရင်း သတ်မှတ်ပြီး မကျက်ဘူး။ ရတဲ့ အချိန်မှာ ရသလောက် တစ်နေ့စာ တစ်နေ့ကျက်တယ်။ ဆရာတွေသင် တဲ့အချိန် အာရုံစူးစိုက် နားထောင်တယ်။ ကျောင်းမှာ တချို့ဆရာမတွေ အတန်း မ၀င်ဘူးဆို အဲဒီအချိန် စာလုပ်ဖြစ်တယ်။ ကျူရှင်၊ ကျောင်း၊ Study Guide ဆိုပြီး ၃ ခုအတွက် အချိန် ပေးနေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ရှိသလို ကျူရှင်နဲ့ ကျောင်းအတွက် အချိန် ပေးရတဲ့ သူတွေလည်း ရှိပါတယ်။

ယုသဇင်သိန်း။ ။ သမီးက Guide မခေါ်တဲ့ အတွက် အချိန်နည်းနည်း ပိုတယ်လို့ ပြောရမှာပေါ့နော်။ အဲဒီ အချိန်မှာ ရုပ်ရှင်တို့ ဘာတို့ အချိန်နည်းနည်း ပေးပြီး ကြည့်ဖြစ်တယ်။

နီလာဝင်း။ ။ သမီးကလည်း အဲဒီအတွက် အချိန်ပို ရတယ်။ ကျောင်းက ပြန်လာတာနဲ့ သီချင်း နားထောင်ဖြစ်တယ်။ ကျူရှင် မရှိရင် စာလုပ်တယ်။ အားတဲ့ အချိန်က Guide မရှိတဲ့ အတွက် နည်းနည်း ပိုရပြီး အပန်း ဖြေနိုင်တာပေါ့။

လင်းသူ။ ။ ကျွန်တော်ကတော့ အဲဒီ ၃ ခုနဲ့တော့ လည်နေပါတယ်။ Guide က စာကျက်ပေးတာလည်း မြန်မာစာလောက်ပဲရှိတယ်။ ရှေ့ကနေ သူက ရွတ်ပြတယ်။ ကျွန်တော်က ခေါင်းထဲက လိုက်မှတ် အဲဒီလိုပေါ့။ Guide ရှိ လို့ အချိန် ပုပ်သွားတာရယ်မျိုးတော့ မဟုတ်ဘူး။ Guide မရှိရင် ကျွန်တော် စာအလွတ် ချရေးတာတွေကို ကျောင်းက ဆရာမတွေကို ပြတယ်။ ကျောင်းက ဆရာ၊ ကျူရှင်က ဆရာတွေက အားမှ စစ်ပေးနိုင်မှာလေ။ Guide ရှိတော့ စာအုပ်ထဲနဲ့ တိုက်စစ်ပေးတယ်။ အဲဒီတော့ ကိုယ့်ရဲ့အမှတ် ဘယ်လောက် အထိ တက်လာနိုင်လဲဆိုတာသိရတာပေါ့။ Guide က ကိုယ့်အမှားကို သိတော့ ကိုယ့်ကို အားမနာတမ်း ခိုင်းတယ်ပေါ့။ ဂုဏ်ထူးထွက်၊ စာမေးပွဲတွေ အောင်တာ ကိုယ်တိုင် ကြိုးစားတာရယ်၊ ဆရာတွေရဲ့သင်ပြမှုကြောင့်တွေ ပါပါတယ်။

လင်းသူ။ ။ ကျွန်တော် စာမေးပွဲ အောင်တာ၊ ဂုဏ်ထူး ထွက်တာက ကျွန်တော့်ရဲ့ ကြိုးစားမှုကြောင့်လို့ ပြောရမှာပေါ့။ ကျန်တဲ့ကျူရှင်၊ ကျောင်း၊ Study Guide တွေက ရာခိုင်နှုန်းအား များတာ မရှိပါဘူး။ ကျောင်းက တချို့ဆရာ၊ ဆရာမတွေက ကောင်းတယ်။ ကျူရှင်မှာလည်း မကြိုက်တဲ့ ဆရာ၊ ဆရာမတွေ ရှိပါတယ်။

နီလာဝင်း။ ။ သမီး အခုလို ဂုဏ်ထူးထွက်တာ အကုန်လုံးကြောင့်ပါ။ ကျောင်းက ၃၀ ရာခိုင်နှုန်း၊ ကျူရှင်ကလည်း ၃၀ ရာခိုင်နှုန်း၊ အကုန်လုံး မျှလို့ပါ။ သမီးလည်း ကြိုးစားတာကြောင့် အောင်မြင်တာ။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒရှိမှ ဘာမဆို ဖြစ်မှာပါ။ ကိုယ်ကြိုးစားမှ ရမှာ။

ယုသဇင်သိန်း။ ။ ဆရာတွေရဲ့ သွန်သင် ဆုံးမမှု၊ သမီးရဲ့ ကြိုးစားမှုတွေကြောင့်ပါ။ ကျူရှင်က ဆရာတွေ၊ ဆရာမတွေ၊ ကျောင်းက ဆရာ၊ ဆရာမတွေ သင်ပြပေးမှု ကောင်းမှ ကိုယ်ကလည်း ကြိုးစားလို့ ရမှာပါ။ အဲဒီအပေါ် မူတည်ပြီး ကိုယ်က ကြိုးစားမှ အောင်မြင်မှာပေါ့။

၁၀ တန်းမှာ ကျူရှင်တက်တာ၊ Study Guide ခေါ်တာတွေက ရှေ့မှာရှိတဲ့ အစ်ကိုတွေ၊ အစ်မတွေကြောင့် ခေါ်တာ၊ တက်ကြတာတွေ ရှိတယ်။ အစ်ကို က ဒီကျူရှင်တက်လို့အောင်တာ၊ ဒီမှာပဲတက်မှ ဖြစ်မယ် ဆိုတာမျိုးတွေပါ။ ဒီစကားဝိုင်းမှာ ပါဝင်တဲ့ လူငယ် ၃ ယောက်ကလည်း အစ်ကို၊ အစ်မကြောင့် တက်ခဲ့ရတာ ရှိသလို မိဘတွေကလည်း ပညာတတ် တစ်ယောက်၊ ထူးချွန်တဲ့ သူတစ်ယောက် ဖြစ်စေချင်ကြတဲ့ အတွက် ကျူရှင် တက်ခဲ့ကြတာ ဖြစ်ပါတယ်။ တက်တဲ့ကျောင်းတွေမှာ စာတော်ကြတဲ့ သူတွေများလို့ သူတို့ထက် တော်အောင် ကျူရှင် တက်ရမယ်၊ Study Guide ခေါ်ရမယ် ဆိုတာတွေလည်း ရှိပါတယ်။ ပုံစံ အမျိုးမျိုးနဲ့တော့ ကျူရှင်တက်ကြ၊ Study Guide ခေါ်ကြတာတွေပါပဲ။

Study Guide တွေခေါ်တာ၊ ကျူရှင် တက်တာတွေ အခု အချိန်မှာ ပိုများ လာတာက ပြောင်းလဲလာတဲ့ ပညာရေး စနစ်ကြောင့်လို့ ပြောရင် ရနိုင်ပါတယ်။ Day Special ၀ိုင်းတို့ ဆိုတဲ့ ကျူရှင်တွေ များစွာ ပေါ်လာသလို၊ Study Guide ဆိုတာတွေလည်း များစွာ ပေါ်လာပါတယ်။

ယုသဇင်သိန်း။ ။ မိဘတွေက ကိုယ့်သားသမီးကို ဖြစ်စေချင်လွန်းလို့ Guide ခေါ်တာ၊ ကျူရှင် ထားတာတွေ ဖြစ်လာတာပါ။ အခု ခေတ်မှာတော့ ကျောင်းသားတွေက ကြိုးစား လာကြပါပြီ။ ပညာရေးစနစ် ပြောင်းလဲ လာသလို ကျောင်းသားတွေကလည်း ကြိုးစားလာတယ်။ မိဘတွေကလည်း လိုချင် လာကြတယ်။ အဲဒါတွေကြောင့်ပါ။

နီလာဝင်း။ ။ Guide တွေ ခေါ်တာကလည်း မိဘတွေက ကိုယ့်သားသမီး တွေကို ဖြစ်စေချင်ကြတာ၊ Guide မထားပေး ဘူးဆိုရင် ကိုယ့်သားသမီး မျက်နှာ ငယ်သွားမလား၊ အားငယ်စိတ် ဖြစ်မှာစိုးတာရယ်၊ စာပို လုပ်ချင် လာအောင်ရယ်၊ နောက်ပြီး သူတို့ ရည်မှန်းတဲ့ အတိုင်း ဖြစ်အောင် ထားပေးကြတာ။ အမှတ်တွေလည်း မြင့်လာတယ်၊ ပညာရေးစနစ် ပြောင်းလာ တာတွေကြောင့် ကျူရှင်၊ Study Guide တွေ ပိုဖြစ်လာတာပါ။ အခုကျောင်းသား အများစုက အလွတ်ကျက်ကြတာများတယ်။ အရာရာကို Concert သိမှ ရမှာလေ။ ပညာရေး စနစ် ဘယ်လိုပဲ ပြောင်းလာ၊ ပြောင်းလာ ကျူရှင်၊ Guide တွေပဲ ရှိရှိ အဓိကက သဘောတရား နားလည်ရင် ရမယ်။

လင်းသူ။ ။ အဓိကကတော့ ပညာရေး စနစ်ပဲ။ အရင်တုန်းက ပညာရေး စနစ်ဆိုရင် အရမ်းလည်း ကောင်းတယ်၊ မြင့်လည်းမြင့်တယ်။ အခု နောက်ပိုင်းကျတော့ ပညာရေး စနစ်က ပြောင်းတော့ ပြောင်းလိုက်တာပဲ၊ အရင်ကထက် စာရင် နိမ့်သွားတယ်။ ပညာရေးကို မြင့်တယ်လို့တော့ ပြောထားတာပဲ။ အဲဒီလို ပညာရေး စနစ်မှာမှ လူငယ်တွေက Guide မရှိရင် မဖြစ်သလိုမျိုး၊ ပေါ်ပင် သဘောမျိုးလို ဖြစ်လာတယ်။

အရမ်း ခေတ်စားလာတယ်။ Study Guide ခေတ်စားလာတဲ့ အဓိက အချက်က ပညာရေး စနစ်ကြောင့်ပါ။ ၈ တန်း၊ ၉ တန်းမှာ အရင်က မြန်မာလို သင်တာတွေ အင်္ဂလိပ်လို ပြောင်းသွားတယ်။ ၂၀၀၂ က စပြောင်းတယ် ဆိုရင်၂၀၀၂ က ၁၀ တန်းတွေက ပြောတယ် သူတို့ တစ်တွေတော်တော် ခံရတယ်လို့၊ ဆရာတွေကလည်း သင်တန်းမ တက်ရသေးဘူး။ အဲဒါကြောင့် Guide တွေက အရမ်း လေ့လာ၊အရမ်း ဖြစ်လာတယ်။ ၂၀၀၂ ခုနှစ် ကစလိုက်တာ Guide က ပေါ်ပင်လို ဖြစ်နေတုန်းပဲ။ Study Guide ကျူရှင်ကို နောက်တက်မယ့် ၁၀ တန်း ကျောင်းသားတွေ အနေနဲ့ ခေါ်သင့်တယ်၊ မခေါ်သင့်ဘူး ဆိုတာနဲ့ ပတ်သက်ပြီး လင်းသူ၊ နီလာဝင်းနဲ့ ယုသဇင်သိန်းတို့က သူတို့ အမြင်လေးတွေကို ပြောပြပါသေးတယ်။

လင်းသူ။ ။ကျောင်းသားရဲ့အပေါ်မှာပဲ မူတည်တယ်။ ကျောင်းသား ကိုယ်တိုင်က စာလုပ်တယ်၊ ကိုယ့်ဉာဏ်ရည်ကိုယ် မှန်းတတ်တယ်ဆို Guide ယူစရာ မလိုဘူး။ တစ်နေ့စာ တစ်နေ့ ကျက်သွားရုံ၊ အိမ်က နည်းနည်းလေး ပံ့ပိုး ပေးလိုက်ရုံနဲ့ လေးဘာသာ၊ ငါးဘာသာ ထွက်နိုင်တယ်။ ကိုယ့်ဘာသာ ကျက်လည်း မကျက်နိုင်ဘူး၊ ကျက်ချင်စိတ်လည်း မရှိဘူး၊ စာဘက်မှာ သိပ်စိတ်ဝင်စားမှု မရှိဘူး၊ ကျူရှင် တွေနဲ့ချည်း အချိန် ပြည့်နေတယ် ဆိုရင်တော့ Guide ယူသင့်တယ်။ Guide က ကိုယ့်အတွက် အထောက်အကူ ပြုနိုင်တယ်လေ။ စာကျက်တာ ပျင်းတဲ့ ယောက်ျားလေးတွေ၊ အားရင် အင်တာနက်ဆိုင်၊ ဂိမ်းဆိုင်သွားတဲ့ သူတွေဆို စာကျက် ချိန်မရှိဘူးလေ။ Guide ယူရင် စာကျက် ဖြစ်တာပေါ့။

နီလာဝင်း။ ။ ကျူရှင်ကတော့ မယူမဖြစ် ယူရမှာ ပဲ။ Guide လည်း ယူသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Old Question တွေ၊ ဘာတွေကျရင် မသိရင် Guide နဲ့ အတူတူ တွက်တာတို့၊ ၁ မှတ်တန် မေးခွန်းတို့၊ ဘာတို့ဆိုရင် Guide နဲ့ အတူတူ လုပ်ရမှာတွေ ရှိတယ်။ စာကျက်ပျင်းတဲ့ သူတွေဆိုရင် Guide ထားမှ စာများများ ကျက်ဖြစ်တာတို့ ဖြစ်မှာပေါ့။

ယုသဇင်သိန်း။ ။ကိုယ့်ဘာသာ ကြိုးစားနိုင်တယ် ဆိုရင် Guide မလိုပါဘူး။ ကိုယ်ကလည်း ဥာဏ်ကောင်းတယ်၊ စာလည်း ကြိုးစားတယ်၊ ကျူရှင်တို့၊ ကျောင်းတို့က ပံ့ပိုးမှု ကောင်းတယ်ဆို Guide ယူစရာ မလိုဘူး။ ဥာဏ်ရည်က စာကျက်ရတာ နည်းနည်း ကြာတာတို့၊ ဘာတို့၊ တချို့ မေးခွန်းတွေ မဖြေတတ်တာဆို Guied ထားတာ ကောင်းတယ်။ ကိုယ့်ရဲ့အခြေအနေပေါ် မူတည်ပြီး Guide ခေါ်သင့်တယ်။ Guide ကလည်း ကိုယ့်အတွက် အထောက်အပံ့ ဖြစ်ပါတယ်။

ဒါတွေကတော့ တက္ကသိုလ် ၀င်တန်း စာမေးပွဲကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ခဲ့ကြတဲ့ သူတွေက နောက်တက်လာမယ့် ၁၀ တန်း ကလေးတွေ အနေနဲ့ ကျူရှင်တက်သင့်၊ မတက်သင့်၊ Study Guide ထားသင့်၊ မထားသင့် ဆိုတာတွေနဲ့ ပတ်သက်ပြီး ပြောပြ သွားကြတာပါ။ ဒီနေ့ခေတ်မှာ ပြောင်းလဲလာတဲ့ ပညာရေးစနစ်ကို အမီလိုက်နေ ကြတဲ့ ကျောင်းသား၊ ကျောင်းသူများ ထူးချွန် ထက်မြက် နိုင်ကြပါစေ။ teen စကားဝိုင်းမှာ ပါဝင် ကြတဲ့ လင်းသူ၊ နီလာဝင်း၊ ယုသဇင်သိန်းတို့နဲ့ စီစဉ်ပေးတဲ့ ဟန်စုတင်ကိုလည်း ကျေးဇူး တင်ပါတယ်လို့ ဆိုပါရစေ။



0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates