မင်္ဂလာနှစ်သစ်ကိုကြိုဆိုတဲ့သင်္ကြန်





မြန်မာကောဇာသက္ကရာဇ်၏အဦးအစကာလသည်တန်ခူးလဖြစ်သည်။ တန်ခူးလကား နေပူရှိန်ပြင်းလှသည်။ သို့သော်မြန်မာတို့၏နှစ်သစ်ကူးရိုးရာပွဲတော်၊ သင်္ကြန်ကာလနီးသည် နှင့်မိုးတစ်ကြိမ် နှစ်ကြိမ်ရွာတတ်သည်။ “တန်ခူးလမည်မှတ်၊ ဖက်ဆွတ်ရေတိုးသင်္ကြန်မိုး” ဟူသည့်အတိုင်းထိုမိုး ကိုဖက်ဆွတ်မိုး(သို့မဟုတ်) သင်္ကြန်မိုးဟု ခေါ်ကြသည်။

စင်စစ်.... တန်ခူးလသည်ပုဂံခေတ်ကအရေးအသားဖြစ်သည်။ အင်းဝခေတ်မှာမူတန်ခူးဟုရေးသား ကြသည်။ မင်းဇေယျ၊ နန္တမိတ်၏ပုရစ်ဖြာစီရတုတွင်….“တန်ခူးရာသီတိုင်ခဲ့ပြီ၊ ဆန်းထူးဝါနီ လှိုင်ခဲ့ပြီ၊ သွန်းဖြူးဖြာ စီအိုင်ခဲ့ပြီ” ဟုစပ်ဆိုသည်။ နတ်ရှင်နောင်၏ရတုတွင်မူ “ဘယ်ဝေ့ညာကူး၊ ပုံမထူးသည်တန်ခူးလေနှင့်လျော်တော့၏” ဟုစပ် ဆိုသည်။

တန်ခူး၏ အဓိပ္ပာယ်ကိုထန်းသီးခူးသောလ၊ ထန်းသီးဆွတ်ခြွေသောကာလဟုဆိုလိုကြောင်းမြန်မာလ အမည်များ ကျမ်းကဆိုသည်။ ထိုတန်ခူးလတွင်မြန်မာတို့၏ နှစ်သစ်ကူးသင်္ကြန်ပွဲတော် ကျရောက်သည်။ စင်စစ်…သင်္ကြန် ဟူသည်မှာသင်္ကြန္တဟူသောသက္ကပုဒ်မှဆင်းသက်လာ သည်ဟုဆိုသည်။ အချို့ပညာရှင်များက သင်္ကန္တဟူသော ပါဠိဘာသာမှဆင်းသက်လာခြင်း ဖြစ်သည်ဟုဆိုသည်။

သင်္ကြန်ဟူသောဝေါဟာရသည်ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်းဖြစ်သဖြင့် နှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်း သည့်အဓိပ္ပာယ်ရသည်။ အချို့ပညာရှင်များက သင်္ကြန်သည်မြန်မာစကားသက်သက်ဖြစ်သည်။ “ခေါင်းဆေး သင်္ကြန်ကောင်းညွန့်လှန် မကျန်စေ့စုံစွာ”ဟူသောက၀ိလက္ခဏာ၊ သတ်ပုံလင်္ကာနှင့်အညီကောင်းခြင်းမင်္ဂလာ ကြန်အင်လက္ခဏာ တို့တိုးပွားစေရန်သုတ်သင်ဆေး ကြောခြင်း(တစ်နည်း)ခေါင်းဆေး မင်္ဂလာပြုခြင်းကိုသင်္ကြန် ဟုခေါ်ကြောင်းဆိုကြသည်။

ထို့ပြင်“မဟာသင်္ကြန်၊ တာသင်္ကြန်၊ သင်္ကြန်ဆယ့်နှစ်ချက်၊ ဖုသျှသင်္ကြန်၊ ခေါ်ဝေါ်ဟန်၊ သင်္ကြန်ခေါင်းဆေးထွက် ဟူသောသတ်ပုံ လင်္ကာအရအတာာသင်္ကြန်၊ မဟာသင်္ကြန်၊ ဖုသျှသင်္ကြန်၊ ဆယ့်နှစ်ပါး”စသည်ဖြင့်သင်္ကြန် အမျိုးမျိုးရှိလေသည်။ (၂၀၀၈ခုနှစ်ဧပြီလ၃ရက်နေ့ထုတ် News Watchဂျာနယ်မှကိုးကားဖော်ပြပါသည်)

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates