ဆန္ဒခံယူပွဲနဲ့ပတ်သက်တဲ့ ပြည်သူတွေရဲ့ရင်ဖွင့်သံကို တင်ပြလိုက်ပါတယ်။

အထက်တန်းပြ ဆရာမ တဦး

"ဒါက ဘယ်လို ပြောရမလဲ ဆိုတော့၊ အရင် ၁၉၉၀ တုန်းကလိုပဲပေါ့။ သူတို့က ဘယ်လိုပဲ လုပ်လုပ် ကျမတို့အနေနဲ့ကတော့ ကန့်ကွက်မဲ ဘဲ ထည့်မှာပါ။ ၀န်ထမ်းတွေကို ဖိအား ပေးတာမျိုးတွေတော့ ခုလောလောဆယ်မှာ မရှိသေးပါဘူး။ ဘယ်လိုပဲ ဖိအားပေးပေး၊ ဘယ်လို ခြိမ်းခြောက်ခြောက် ကျမတို့ကတော့ ကျမတို့ စိတ်ထဲ ရှိတဲ့ အတိုင်းဘဲ လုပ်သွားမှာပါ။ ဒီမဲ ပေးတဲ့နေရာမှာ အားလုံးလွတ်လပ်စွာ ပေးခွင့် ရှိတယ်လေ။

လက်ထောက် ဆရာဝန်တဦး

ကျနော်တို့ မဲပေးတာက လွတ်လပ်မယ် ... စောင့်ကြည့်နေတာတွေ မရှိဘူး ...ကျနော်ပေးတဲ့မဲက ဘာလဲဆို တာ ကျနော့်ဘေးက လူတွေတောင် မမြင်ရအောင်အထိ လုံခြုံတယ်ဆိုရင်တော့ ကောင်းမှာဘဲဗျာ။ သူတို့က ယုတ်မာတယ်ဗျ။ ကျနော့် အနေနဲ့ကတော့ NOပဲ ပေးဖြစ်မှာပါ။

ကုမ္ပဏီ ၀န်ထမ်းတဦး

အန်တီတို့ သွားမပေးရင် အန်တီတို့ရဲ့ မဲတွေကို ဒီကောင်တွေက ယူသွားမှာ။ ဒီတော့ တို့တွေအားလုံး ကန့်ကွက် မဲ ထည့်ကြမယ်လို့ ဆုံးဖြတ်ပြီးသွားပြီ။ သူတို့ ခြိမ်းခြောက်မှာလဲ မကြောက်ပါဘူး။ ကိုယ်ထည့်တဲ့မဲ ဘယ်သူသိ ပိုင်ခွင့် ရှိလို့လဲ။

အိမ်ထောင်ရှင်မ တဦး

မဖြစ်မနေ ပေးရမယ်ဆိုတာမျိုး ဖြစ်ခဲ့ရင်တော့ ကန့်ကွက်မှာပါ။ သွားမပေးရင် အမရဲ့မဲတနေရာကို သူတို့ ယူသွားမှာကိုလဲ စိုးပါတယ်"

တက္ကစီသမား တဦး

"ဥပဒေမူကြမ်းကို သိပ်နားလည်တယ် ရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကြီးက သူတို့သက်ဆိုးရှည် အောင် လုပ်ထားတာက ပေါ်လွင်နေပါတယ်။ ကျနော်တို့တိုင်းပြည်အခြေအနေတွေ ဒီထက်မက ဆိုးသ ထက် မဆိုးလာအောင် သူတို့ တဖက်သတ်ရေးထားတဲ့မူကို ကန့်ကွက်မှာပါ။ ကျနော့် မိတ်ဆွေတွေကိုလဲ ကန့်ကွက်ဖို့ သာ တိုက်တွန်းသွားမှာပါ"

ကုန်သည်တဦး

အင်း ... ရေအရင်းအမြစ်တွေ ပေါပါရက်နဲ့ ရေကို ဖောဖောသီသီ မပေး။ မီးကိုလဲ ဖောဖောသီသီ မပေး။ သူဖောဖောသီသီ ပေးနိုင်တာ ကျည်ဆံပဲ ရှိတယ်။ ဒီလို အစိုးရက ရေးထားတဲ့မူက ဘာဖြစ်မှာလဲ။ ကန့်ကွက်မဲပဲ ပေးမှာ။

စီးပွားရေးလုပ်ငန်းရှင်တဦး

"ကျနော်အနေနဲ့ သွားပြီးတော့ ဆန့်ကျင်မဲပေးတဲ့ဟာက ပိုပြီးတော့ ဖြစ်နိုင်တယ်။ လုံးဝမသွားရေး ဆိုတာက တော့ လက်တွေ့ အနေအထားက မဖြစ်နိုင်ပါဘူး။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates