ကော်သူးလေနှစ်၆၀ စစ်ပွဲ

ဒီအောင်ခင်

ဇူလိုင် ၃၊ ၂၀၀၈

KNU ဘာလဲ
ကရင်အမျိုးအသားအစည်းအရုံး(KNU)ဟာ စစ်အစိုးရနဲ့ အပစ်အခတ်မရပ်သေးတဲ့ သူပုန်အဖွဲ့တွေထဲမှာ အကြီး ဆုံးအဖွဲ့ပဲ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက မဟာမိတ်ကြီးအဖြစ် လေးစားရတဲ့၊ အားကိုးရတဲ့ အဖွဲ့ကြီးလည်း ဖြစ်ပါတယ်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေဟာ မြန်မာစစ်အစိုးရကိုပုန်ကန်ခဲ့တာ နှစ်ပေါင်း၆၀ရှိပါပြီ။ သိပ်မကြာ သေးခင်ကပဲ စောဘိုမြ၊ ပဒိုမန်းရှာ၊ စောဘသင်စိန် စတဲ့ KNU ခေါင်းဆောင်တွေ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန် သွားပါတယ်။ လက်ရှိအခြေအနေမှာ အင်အား ကြီးမားလှတဲ့ ဒီအဖွဲ့ကြီး တဖြည်းဖြည်း ချိနဲ့လာတာ တွေ့ရမှာပါ။ ဒီလို အားနည်းလာရတာဟာ နာမည်ကျော် ခေါင်းဆောင်ကြီးတွေ ကွယ်လွန်သွားလို့ မဟုတ်ပါဘူး။ စစ်အစိုးရက KNU နယ်မြေတွေကို နည်းမျိုးစုံနဲ့ သိမ်းပိုက်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၇ နှစ်အတွင်း KNUရဲ့ အောက်ခြေ နဲ့ အလယ်အလတ်အဆင့် စစ်ရေးခေါင်းဆောင် အများအပြားကို စစ်အစိုးရက စီးပွားရေးလုပ်ပိုင်ခွင့်မက်လုံးတွေ ပေးပြီး လက်နက်ချခိုင်းခဲ့ပါတယ်။

ဒီလိုနဲ့ KNUရဲ့နယ်မြေတွေ၊ အင်အားတွေ ပဲ့ထွက်ခဲ့တာပါ။

DKBA ဘာလဲ
KNUရဲဘော်တွေထဲမှာ ခရစ်ယာန်ဘာသာဝင်က အများစုပါ။ ၁၉၉၅ ဒီဇင်ဘာလမှာ KNU ထဲက တပ်သား အင် အား ၅၀၀ ခန့် ပုန်ကန်ခွဲထွက်သွားပါတယ်။ ခွဲထွက်သူတွေဟာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ တပ်ဖွဲ့ဝင်တွေပါ။ သူတို့ က ဒီကေဘီအေ(DKBA) ဆိုပြီး အဖွဲ့တခုကိုတည်ထောင်လိုက်ပါတယ်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် (DKBA) လို့ အမည်ပေးပါတယ်။

ဒီ ကရင်အဖွဲ့နှစ်ဖွဲ့ ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် မိတ်ဆွေတချို့က ကြားဝင်ဖြေရှင်းပေးဖို့ ကြိုးစားပါသေး တယ်။ မအောင်မြင်ပါ။

စစ်အစိုးရက ဒီအခွင့်အရေးကို လက်လွတ်မခံပါဘူး။ DKBA ကို ၀င်ပူးလိုက်ပါတယ်။ ဒါနဲ့ပဲ DKBAဟာ စစ်အစိုး ရရဲ့ မဟာမိတ်ဖြစ်သွားပါတယ်။ အကျိုးဆက်ကတော့ KNUရဲ့နာမည်ကျော် မာနယ်ပလော ဌာနချုပ်စခန်းကြီး ကျဆုံးသွားတာပါပဲ။

ဟိုတုန်းက မာနယ်ပလောကို မြန်မာ့တပ်မတော်က တပ်ရင်းတပ်ဖွဲ့အလုံးအရင်းနဲ့ ၀င်တိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ နယ်မြေကျွမ်းကျင်တဲ့၊ မာနယ်ပလော ဒေသခံတွေဖြစ်တဲ့ DKBA ကရင်တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ၀င်တိုက်ခိုင်းမှပဲ မြန်မာ့တပ်မတော်က အောင်မြင်ခဲ့ပါတယ်။

မာနယ်ပလောကို ၀င်တိုက်တဲ့အချိန်မှာ DKBA တွေကို ရှေ့ကနေသွားခိုင်းတယ်၊ စစ်တပ်က နောက်က လိုက် တယ်။ မာနယ်ပလောမှာရှိတဲ့ KNUတွေက မခုခံတော့ဘူး။ ဆုတ်တော့တာပဲ။ ကရင်အချင်းချင်းဆိုတော့ မပစ်တော့ဘူးပေါ့။ ဒါနဲ့ စခန်းလည်း ကျသွားတာပဲ။လို့ မာနယ်ပလောမှာ နေထိုင်ခဲ့ဖူးသူတဦးက ဆိုပါတယ်။
အဲဒီအချိန်ကစပြီး မြန်မာ့တပ်မတော်က DKBA နဲ့ ပေါင်းပြီး KNUတပ်တွေကို ၀င်တိုက်တယ် ဆိုတဲ့သတင်းတွေ ဒီနေ့အချိန်ထိ ကြားနေရတော့တာပါပဲ။ DKBA က အဖွဲ့ဝင်သစ်တွေ ပုံမှန် စုဆောင်းနေပါတယ်။ လက်ရှိ အခြေ အနေမှာတော့ DKBA ရဲ့အင်အား ၂၀၀၀ နဲ့ ၃၀၀၀ ကြားမှာရှိမယ်လို့ www.janes.com က ခန့်မှန်းပါတယ်။

စစ်အစိုးရနဲ့ DKBA
DKBA
ဖွဲ့ပြီး ၂လအကြာမှာ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုကို ၀င်ရောက်ပြီး ပဒိုမန်းရင်စိန်ဆိုတဲ့ KNU ခေါင်းဆောင်တယောက်ကို ၀င်ဖမ်းသွားခဲ့ပါတယ်။ DKBAမှာ ခေါင်းဆောင်အဖြစ်တာဝန်ယူပေးဖို့ ကမ်းလှမ်းပါတယ်။ ပဒိုမန်းရင်စိန်က လက်မခံပါဘူး။ ဒါနဲ့ စစ်အစိုးရလက်ထဲ ရောက်သွားပါတော့တယ်။ အစိုးရ က ပဒိုမန်းရင်စိန် (ယခု အသက် ၇၇နှစ်)ကို ထောင် အနှစ် ၂၀ ချလိုက်ပါတယ်။ ၅ နှစ်အကြာမှာ DKBAရဲ့ ဦးဆောင်ပုဂ္ဂိုလ်ဖြစ်တဲ့ မြိုင်ကြီးငူဆရာတော်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် အစိုးရက သူ့ကို လွတ်ပေးပါတယ်။ (မကြာခင်မှာပဲ KNUထိန်းချုပ်နယ်မြေထဲ တိမ်းရှောင်နိုင်ခဲ့ပါတယ်။)

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ မြန်မာ့တပ်မတော်က DKBAရဲဘော် ၅ယောက်ကို ပစ်သတ်ခဲ့ပါတယ်။ စစ်မြေပြင် တနေရာ မှာ DKBAရဲဘော်တွေကို ရှေ့က ချီတက်ခိုင်းတယ်၊ ဒီရဲဘော်တွေက မသွားနိုင်ဘူး၊ ကရင် အချင်းချင်း မပစ်နိုင် ဘူးလို့ ပြောတာကြောင့် ပစ်သတ်ခံရကြောင်း ခေတ်ပြိုင်ဂျာနယ် သတင်းတပုဒ်က ဆိုပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီပြဿနာတွေကို ကျနော်တို့ကြားမှာ ဖြေရှင်းလို့ရပါတယ်။ ကျနော်တို့ဟာ တပ်မတော်အစိုးရနဲ့ လက်တွဲပြီး ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေတာဖြစ်တယ်ဆိုတဲ့ DKBAအရာရှိတဦးရဲ့တုန့်ပြန်ချက်ကိုလည်း ဖော်ပြထားပါတယ်။

အပစ်အခတ် ရပ်မလား
ကော်သူးလေပြည်နယ် (ကရင်ပြည်နယ်)မှာ နှစ် ၆၀ လုံးလုံး တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ဒေသခံ ပြည်သူတွေ ကမ္ဘာပျက်ခဲ့ရပါတယ်။ အကျိုးဆက်အားဖြင့် ထိုင်းနိုင်ငံဘက်အထိ စစ်ဘေးတိမ်းရှောင်ရတဲ့အတွက် ဒုက္ခသည် စခန်းကြီးတွေ ပေါ်ပေါက်လာတယ်။ တိမ်းရှောင်ရတဲ့အရေအတွက်က သိန်းနဲ့ချီ ရှိတယ်။ ထိုင်းနိုင်ငံအထိ မ ရောက်ဘဲ တောထဲမှာ ရွာလုံးကျွတ် ပတ်ပြေးနေတာတွေလည်း လူဦးရေ သိန်းနဲ့ချီ ရှိနေဆဲပါ။ သူတို့ကိုတော့ IDP တွေ ရွာပုန်းရွာရှောင်တွေ ဆိုပြီး သတင်းတွေထဲမှာ ကြားရမှာပါ။

(ရန်ကုန်သား မန္တလေးသားတွေက သူတို့လို အသက်လုပြေးနေ ပုန်းနေရသူတွေကို သိကြမှာမဟုတ်သလို၊ သူတို့ကလည်း ရန်ကုန်မန္တလေးမှာ ပစ်ခတ်တာတွေ ရှိတတ်တာကို သိကြမှာမဟုတ်ပါဘူး။)

ပြည်တွင်းစစ်ဆိုးကျိုးကို သဘောပေါက်တဲ့ KNUက အပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ လက်နက်တော့ မချနိုင်ဘူး၊ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ လုပ်ချင်ပါတယ် တဲ့။ စစ်အစိုးရအဖို့ နိုင်ငံရေးအရ ဆွေးနွေးပွဲ ဆိုတဲ့ စကားလုံးက နားခါးစရာပါ။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း စစ်အစိုးရနဲ့ KNU အကြား စေ့စပ်ဆွေးနွေးပွဲပေါင်း ရာနဲ့ချီပြီး ပြုလုပ်ခဲ့ပါတယ်။
၂၀၀၄ ဇန်န၀ါရီလမှာတော့ စာချုပ်မချုပ်နိုင်ခဲ့ပေမဲ့ နှစ်ဦးနှစ်ဘက်နှုတ်ကတိ (gentleman's agreement)တော့ ပြုခဲ့ကြပါတယ်။ ဒီနှုက်ကတိက လအနည်းငယ်တော့ အလုပ်ဖြစ်ခဲ့ဟန် တူပါတယ်။ အခုတော့ တိုက်ပွဲတွေ ပိုပြီး တိုးပွားလာပါပြီ။

KNU
စစ်ရုံးချုပ် ထုတ်ပြန်ချက်တွေအရ တနှစ်ကို ထောင်နဲ့ချီပြီး တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၀၆ အတွင်း ၁၃၈၃ ကြိမ်၊ ပြီးခဲ့တဲ့နှစ်မှာတော့ ၁၃၉၁ ကြိမ် လို့ ဆိုပါတယ်။

နောက်ဆုံးအခြေအနေ
ဒီရက်ပိုင်းအတွင်း KNU စခန်းတခုကို DKBA က ၀င်တိုက်တာ တိုက်ပွဲက ၂ ရက်ကြာခဲ့ပါတယ်။ စခန်းက ထိုင်းနိုင်ငံကို ကျောပေးထားတဲ့ စခန်း ဖြစ်ပါတယ်။ ထုံးစံအတိုင်း DKBAနဲ့အတူ မြန်မာ့တပ်မတော် ပါပါတယ်။ ၂ ရက် တိုက်ပွဲ အပြီးမှာတော့ ဒဏ်ရာရ မြန်မာ့တပ်မတော်သား တဦးကို ဖမ်းဆီးမိခဲ့ကြောင်း KNU ဗိုလ်မှူးစောလှငွေက RFA သတင်းဌာနကို ပြောပြပါတယ်။ သူ့ကို ထိုင်းနိုင်ငံ စစ်တပ်လက်ထဲ လွဲပြောင်းပေးလိုက်တယ် လို့လည်း ဆိုပါတယ်။ အစဉ်အလာအရဆိုရင် ထိုင်းနိုင်ငံက ဒီ ဒဏ်ရာရစစ်သားကို မြန်မာနိုင်ငံဘက် တရားဝင် ပို့ဆောင်ပေးမှာပါ။

ထိုင်းတပ်မတော်ကလည်း တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာ အင်အားတိုးချဲ့ပြီး တပ်လှန့်ထားပါတယ်။ တိုက်ပွဲဖြစ်ချိန်မှာ KNU DKBA မြန်မာ့တပ်မတော်သား ဘယ်သူ့ကိုမဆို ထိုင်းနယ်မြေထဲ ၀င်မလာအောင် ကာကွယ်ဖို့၊ သူ့နိုင်ငံသားတွေကို ကာကွယ်ဖို့ အင်အားတိုးထားတာလို့ ယူဆရပါတယ်။

KNUက သူ့တပ်တွေအတွက် လက်နက်နဲ့ ရိက္ခာဖြည့်တင်းဖို့ ထိုင်းနယ်မြေကို သုံးခွင့်ရချင်မှာပါ။ DKBA မြန်မာ့တပ်မတော် တို့ကလည်း ထိုင်းက ခွင့်ပြုမယ်ဆိုရင် ထိုင်းနယ်မြေထဲဝင်ပြီး KNUစခန်းကို နောက်ကျော ကနေ လွယ်လွယ်ကူကူ ၀င်တိုက်နိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအိပ်မက်
ကရင်ပြည်နယ်မှာ စစ်ဖြစ်နေတဲ့အတွက် နှစ်ဘက်စလုံး သေကြေကြပါတယ်။ ဘယ်သူပဲသေသေ မြန်မာ ပြည်သားတွေပါပဲ။ ဒေသခံတွေအတွက်လည်း မသက်သာပါဘူး။ စစ်အစိုးရဘက်ကို ဘက်လိုက်တဲ့သူ သတင်း ပေးတဲ့သူဟာ KNUရဲ့ ရန်ဘက်ဖြစ်ပါတယ်။ KNUကို ကူညီတဲ့ ဒေသခံဟာလည်း စစ်မြေပြင်အစဉ်အလာအရ ဆွေ၇ဆက် မျိုး၇ဆက် သေဒဏ်သင့်နေပါတယ်။

ဒါကြောင့် ကရင်ပြည်နယ်ထဲမှာ လုပ်အားပေး၊ နှိပ်စက်၊ ပေါ်တာဆွဲ၊ အနိုင်ကျင့်၊ သတ်ဖြတ်၊ မုဒိမ်းကျင့်၊ ဆက်ကြေးကောက်၊ မီးရှို့ဆိုတာတွေဟာ အဆက်မပြတ် ပေါ်ပေါက်နေတာပါ။ စာနယ်ဇင်းစည်းမျဉ်း တခုအရ ဆိုရင်တော့ ဖြစ်ရိုးဖြစ်စဉ်တွေ၊ နေ့တိုင်းဖြစ်နေတာတွေဟာ သတင်းမဟုတ်တဲ့အတွက်၊ သတင်းအဖြစ် ရေးသား ဖော်ပြစရာမလိုပါဘူး။ ဒီဖြစ်ရိုးဖြစ်စဉ်တွေကြောင့် ဘယ်လိုခံစားရတယ်ဆိုတာကို ထုတ်ဖော်ပြောဖို့ စကားလုံး လည်း ရွေးရခက်လှပါတယ်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates