
နယူးဒေလီ။ ။ ရန်ကုန်အခြေစိုက် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave (GW) မှ အဖွဲ့ဝင်တဦးနှင့် အမည်မသိ လူငယ်တဦးအား ယမန်နေ့ နံနက်ပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
GW အဖွဲ့ဝင် ကိုတင်မျိုးထွတ် (ခ) ကိုကျော်ဦးနှင့် အမည်မသိ အခြား လူငယ်တဦးအား ယမန်နေ့က နံနက် ၇ နာရီခွဲခန့်က ကမာရွတ်မြို့နယ် ဘုရင့်နောင်ပွဲရုံလမ်းဆုံမှ အမေ့ရွာ လ္ဘက်ရည်ဆိုင်အနီးတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။
“သူက သူငယ်ချင်းတယောက်နဲ့ ချိန်ထားတယ် ဆိုတာကို သူ အဖမ်းမခံရမီ တနေ့က ကျနော်တို့ကို ဖုန်းဆက် အကြောင်းကြားထားတယ်။ မနေ့က ဖုန်းဆက်တဲ့ အခါကျတော့ ဖုန်းက စကား ပြန်မပြောတော့ဘူး။ ကိုင်တော့ ကိုင်တယ်၊ အသံတချို့လည်း ကြားရတယ်။ သူ့ကို စစ်ဆေးမေးမြန်းတဲ့ အသံတွေကို ကြားရတယ်” ဟု GW အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုမိုဃ်းသွေးက မဇ္ဈိမကို ပြောသည်။
မျက်မြင်သက်သေ တဦးကလည်း “မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ကိုတင်မျိုးထွတ်ကို မနေ့ မနက်က ဖမ်းသွားတာပါ။ သူတို့ကို အရပ်ဝတ်ရဲ ၃ ယောက်က ဖမ်းခေါ်သွားတာ ဖြစ်တယ်” ဟု ပြောသည်။
သူတို့နှစ်ဦးအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားခြင်းကိုမူ မသိရသေးကြောင်း သူက ဆက်ပြောသည်။
ကိုတင်မျိုးထွတ် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP) မှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဟုတ်မှန်ကြောင်း ယခုလို အတည်ပြု ပြောဆိုသည်။
“ကိုတင်မျိုးထွတ် (ခ) ကိုကျော်ဦး အဖမ်းခံရတယ်။ နောက်ထပ် သူတို့နဲ့ ဆက်နွယ်ပြီးတော့ ဘယ်သူတွေ ဆက်အဖမ်းခံရအုံးမယ် ဆိုတာ မပြောနိုင်သေးပါဘူး” ဟု ပြောသည်။
ကိုတင်မျိုးထွတ်သည် ၁၉၈၈ ခုနှစ် အထက်တန်း ကျောင်းသားဘဝတွင် ရှစ်လေးလုံး လူထု လှုပ်ရှားမှုကြီး၌ တက်ကြွစွာ ပါဝင်ခဲ့သလို၊ ၁၉၉၂ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသူ ဖြစ်သည်။
ယမန်နေ့က ထုတ်ပြန်သည့် GW ၏ အထူးထုတ်ပြန် ကျေညာချက်တွင် နအဖ အနေဖြင့် နိုင်ငံရေး ပဋိပက္ခများကို အကြမ်းမဖက် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဝိုင်းဝန်းဖြေရှင်းရန် ကြိုးပမ်းနေသော မျိုးဆက်သစ် ကျောင်းသား လူငယ်များအား ယခုလို မတရား ဖမ်းဆီးနေခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။
ထို့အပြင် ယခင်ကတည်းက ဖမ်းဆီးထားသူများကိုပါ အမြန်ဆုံး ပြန်လွှတ်ပေးပြီး နိုင်ငံရေး ပြဿနာကို လူကြီး လူကောင်းဆန်စွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းပေးရန် အလေးအနက် တောင်းဆိုကြောင်း ပြောဆိုခဲ့သည်။
အကြမ်းမဖက် လှုပ်ရှားမှုများသည် ရပ်တန့်သွားမည် မဟုတ်ဘဲ စစ်အာဏာရှင်စနစ်အား ဆက်လက်၍ အရှိန်မြှင့်ကာ တော်လှန်ရေးတရပ် ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ကြေညာတွင် ရေးသားထားသည်။
GW ကို ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားလူငယ်များ စုစည်း၍ အောက်တိုဘာလ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ အကြမ်းမဖက် နည်းလမ်းများဖြင့် အာဏာရှင်စနစ်အား တော်လှန်ဆန့်ကျင်သည့် လှုပ်ရှားမှုများ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လှုပ်ရှားမှုများ ဆောင်ရွက်နေရင်း ယခုနှစ် မတ်လတွင် ဇေယျာသော် (ခ) ကျော်ကျော် (အက်စစ်အဖွဲ့ အဆိုတော်)၊ အောင်ဇေဖြိုး (အင်ဂျင်နီယာ မဟာဘွဲ့ကျောင်းသား)၊ အာကာဗိုလ် (ဆေးတက္ကသိုလ် ကျောင်းသားဟောင်း) နှင့် သီဟ၀င်းတင် (ဒုတိယနှစ် ဥပဒေကျောင်းသား) တို့ ဖမ်းဆီးခံခဲ့ရသည်။
ယခုလို ဖမ်းဆီးခံရမှုများ ရှိခဲ့သော်လည်း ကျန်ရှိသော အဖွဲ့ဝင်များမှ ဆက်လက်၍ လှုပ်ရှားမှုများ ဖော်ဆောင်ခဲ့ကြသည်။
လစဉ်လတိုင်း လှုပ်ရှားမှုအငယ်များ ဖော်ဆောင်ခဲ့ပြီး၊ ရှစ်လေးလုံး နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ဆေးနီပက်ဖြန်းခြင်း လှုပ်ရှားမှုကို နိုင်ငံတ၀န်းရှိ မြို့အချို့တွင် အခြားသော တော်လှန်သော အင်အားစုများဖြင့် ချိတ်ဆက် လှုပ်ရှားခဲ့ကြသည်။
0 comments:
Post a Comment