ကရင်ပြည်နယ်တခုတည်းအတွက် တိုက်နေခြင်းမဟုတ် အဖိနှိပ်ခံအားလုံး အတွက်တိုက်ပွဲဝင်နေခြင်းဟု ကေအန် အယ်လ်အေအရာရှိပြော

NEJ/ ၁၂ စက်တင်ဘာ ၂၀၀၈

နိုင်ငံရေးကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းသည် ယာယီသာဖြစ်သည့်အတွက် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်း သာ အကောင်း ဆုံးဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် (ကေအန် အယ်လ် အေ) တပ်မဟာ (၇) တာဝန်ခံက ခေတ်ပြိုင်သို့ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) တာဝန်ခံ ဗိုလ်မှူးချုပ်ဂျော်နီနှင့် ခေတ်ပြိုင် သီးသန့်တွေ့ဆုံ မေးမြန်းရာတွင် ဗိုလ်မှူး ချုပ်ဂျော်နီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်အစိုးရတပ်များက ဆက်သွယ်လာသည့်အခါတိုင်း နှစ်ဖက်တိုက် နေ၍ အကျိုးမထူးကြောင်း ပြန်လည်ဖြေကြားသည်ဟု ဗိုလ်မှူးချုပ်ဂျော်နီက ပြောသည်။

၎င်းက “အခုရှေ့တန်းမှာ ရောက်တဲ့ တပ်မတွေ၊ တပ်ရင်းတွေ၊ ဗမာကိုတိုက်တာ မဟုတ်ဘူး။ အာဏာရှင်ကို တိုက်တာ။ ကရင်လည်း ဗမာ ပဲ။ တိုင်းရင်းသား ညီအစ်ကိုတွေပဲ။ ဟိုးအရင်တုန်းက ပြီးခဲ့တာတွေကိုလည်း ကျနော်တို့က သင်ပုန်းချေ လိုက်ပြီ။ ခွင့်လွှတ်လိုက်ပြီပေါ့။ မေ့တော့မမေ့ဘူး ပေါ့။ အဓိကက ကျနော်တို့ အလံကိုင်တိုက်တာ ကရင်အတွက်၊ ကရင်ပြည်နယ်အတွက်ချည်း မဟုတ်ဘူး။ ကရင်ပြည် နယ်တခုတည်း အေးမယ်ဆို ဗမာပြည် ဘယ်တော့မှမအေးဘူး။ ဒါကြောင့်မို့ ကျနော်တို့ လက်နက်ကိုင်တိုက်တာ အဖိနှိပ်ခံတိုင်းရင်းသား အားလုံးအတွက် ပါတယ်။ လူတန်းစား အားလုံးအတွက်ပဲ” ဟု ပြောသည်။

သို့သော် စစ်အစိုးရသည် ငြိမ်းချမ်းစွာဆန္ဒပြသည့် သံဃာတော်များကိုပါ ရက်ရက်စက်စက် နှိမ်နင်း သတ်ဖြတ် သည့်အတွက် အကြမ်း မဖက်မူကို ပြန်စဉ်းစားရန်လိုသည်။ စစ်အစိုးရသည် ဖက်ဆစ်အစိုး ရကဲ့သို့ ရက်စက်သည့်အတွက် လူထုကို လက်နက်တပ်ဆင်ပေးပြီး ဖက်ဆစ်တော်လှန်ရေးအသွင် စရန်လိုပြီဟုယူဆသည့် တိုင်းရင်းသား ခေါင်း ဆောင်အချို့လည်းရှိသည်။ သို့သော် တော်လှန်ရေး အဖွဲ့အစည်း ကြီးညီပါက ဘုံရန်သူ အာဏာရှင် ပြုတ်ကျရမည်၊ ဒီမိုကရေစီအဖွဲ့များ လက်တွဲရန် လိုပြီဟု ကေအန်အယ်လ်အေ တပ်မဟာ (၇) တာဝန်ခံ ဗိုလ်မှူးချုပ်ဂျော်နီက ထောက်ပြ သည်။

ကေအန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကလည်း စစ်အစိုးရက လက်နက်မဲ့ ပြည်သူကို ရက်ရက်စက် စက် သတ်သည့် အချက်ကို ကန့်ကွက်သည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကေအန်ယူ မိခင်အဖွဲ့အစည်းက ကြိုးပမ်းနေသည့်တိုင် မိမိကိုယ်မိမိ ခုခံကာကွယ်ရေး အတွက် လက်နက်ကိုင်ထားရန်လိုသည်ဟု ခေတ်ပြိုင်နှင့်တွေ့ ဆုံရာတွင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကပြောသည်။

ကရင်အမျိုးသားအစည်းအရုံးသည် လက်နက်ကိုင် တိုက်ပွဲဆင်နွှဲခဲ့သည်မှာ ၂၀၀၉ ဇန်န၀ါရီ (၃၁) ရက်ဆိုလျှင် နှစ် (၆၀) တင်းတင်း ပြည့်ပြီဖြစ်သည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates