ဘာသံပါလိမ့်....

ညီမလေးတော့ အလုပ်ထွက်ရတော့မလိုဖြစ်နေပြီး...

အင်း ခက်တော့ခက်တော့တာပဲ။ အမေ့ရောဂါကလည်း နာတာရှည်ရောဂါဆိုတော့ တစ်ယောက်ယောက် အနားကို ရှိမှဖြစ်မယ်၊...

လူတစ်ယောက်ငှားပေးရင်ကော...

ဘယ်ဖြစ်မလဲဟယ်... ဘယ်သူကနေချင်မှာလဲ ချေးသေးကိစ္စက ရှိသေးတယ်၊ ...

စဉ်းစားကြအမတို့ရာ ညီမတော့ ဦးနှောက်ခြောက်လာပြီး အလုပ်ကလဲ ခွင့်ယူရလွန်းလို့ ပြုတ်တော့မယ်။...

ညီမတတွေ ခေါင်းချင်းဆို၍ တိုင်ပင်နေကြသည်ကား မိခင်ဒေါ်ဆွေအတွက်ပါ၊ မိခင်ကြီးသည် ကင်ဆာရောဂါ ဖြင့် ဆေးရုံတင်ထားရရာမှ ဆရာဝန်လက်လွှတ်လိုက်လေပြီ။ ဆေးရုံသို့ပင်သွားမပြနိုင်တော့ဘဲ အိပ်ယာထဲ မှာ တုံးလုံးလဲနေသည်မှာ ငါးလခန့်ရှိပြီ။

သားသမီးခြောက်ယောရှိရာ အားလုံးအိမ်ထောင်သည်များ ဖြစ်ကြသည်၊ အကြီးငါးဦးက သီးခြားနေကြကာ သမီးအငယ်ဆုံးကာမှု အိမ်ထောင်ကျသော်လည်း မိခင်အိမ်မှ ခွဲမသွားဘဲ အတူနေခဲ့သည်။ ဒေါ်ဆွေဆွေနေ မကောင်းတော့ ကျန်သားသမီးများက မိခင်နေရာအိမ်သို့ အလျဉ်းသင့်သလို လာရောက်ပြုစုကြသည်။ ဒိုင်ခံ ပြုစုနေသူကား အတူနေသမီးငယ်သာတည်း။

ယခုတော့ အငယ်ဆုံး အေးမို့မှာ အလုပ်ထွက်ရတော့မလိုဖြစ်နေ၍ ညီမများဆုံခိုက် တိုင်ပင်နေကြခြင်းပါ၊ သို့သော်အဖြေကတော်တော်နှင့် မထွက်။ အကြိတ်အနယ်ဖြစ်နေကြသည်။

ညီမလေးပြုစုတာကြာပါပြီး အခုအလုပ်က ထွက်မှ ဆက်ပြုစုလို့ရတော့မှာဆိုတော့ ထွက်လို့မဖြစ်သေးဘူး။ ဒီတော့ အမေ့ကိုတလှည့်စီ တာဝန်ယူကြပါအုံး...

မည်သူမျှအသံထွက်မလာကြ။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အဖြေစောင့်နေကြသည်။ မည့်သူ ထံကမှ အဖြေထွက်မလာ။ သက်ပြင်းချသံများသာ လွှမ်းမိုးနေသည်။

တကယ်ဆို သားသမီးခြောက်ဦးမှာ နှစ်ဦးက ချမ်းသာသည်။ ကုမ္ပနီလုပ်ငန်းရှိသည်။ တိုက်ရှိသည်။ သို့သော် သူတို့ခမျာ မအားရှာ။ သူတို့ကပင် မိခင်ထံပို၍ မလာနိုင်ဖြစ်နေခဲ့ကြ၏။ ကျန်သူတွေကလည်း သူတို့အကြောင်းနှင့် သူတို့မအားကြပြီမို့ အတူနေအေးမို့မို့ သာလျှင် အလုပတစ်ဘက်နှင့် မိခင်ကိုအနီးကပ် ပြုစုနေ ရသည်။

အတူနေမို့ အထူးပြုစုရသည်မှာ မှန်ပါ၏။ သို့သော်သူမလည်း သူမ ယခုညည်းရှာပြီ။ အလုပ်ပြုတ်မည်ဟုပင် ပြောနေပါပြီ။ အားလုံးငြိမ်သက်နေဆဲ။ အမေ့အရေးကိုယ့်အတွေးနှင့်ကိုယ် ။ တာဝန်ယူမည့် သူရဲကောင်းက မပေါ်သေး။

ထိုစဉ်အခိုက်...

အိပ်ခန်းတွင်မှ အေးမို့မို့၏ခင်ပွန်း ကိုချစ်ပန်းထွက်လာ၏။ ညီမတစ်သိုက်ကိုကြည့်၍ တိုးတိုးလေး ပြောသည်။

အမေဆုံး...တဲ့

ဟာ...ဟင်...အို...

အသံများနှင့် တစ်ဆက်တည်း အမယ်လေး...အမေရဲ့.အော်သံနှင့်အတူ တဟီးဟီးငိုသံများ ဆူညံသွား၏။ ငိုချလိုက်သည့် ညီမတသိုက်ကို ကြည့်ရင်း ကိုချစ်ပန်း တိုးတိုးလေး ရေရွတ်မိလိုက်သည်ကား

ဟင် အခုမှ အသံထွက်ကြ ...

ဟူလို့...

မောင်သွေးရင့်

ဘာမှတော့မဟုတ်ပါဘူး။ ကျမ လုံမလေး မဂ္ဂဇင်းစာအုပ်ကနေဖတ်ပြီး သဘောကျသွားလို့ပါ။ သမီးတွေအ များကြီးရှိတဲ့မိခင် တစ်ယောက်ဟာ သားသမီးများကို အရွယ်ရောက်လာတဲ့အထိ ပြုစုကျွေးမွေးခဲ့တယ်။ တကယ့်တကယ်စဉ်းစားကြည့်ရင် ကျမတို့မိဘတွေ ဟာ ကျမတို့ပေါ်တာဝန်ကျေမွန်ခဲ့တယ်၊ ဒါပေမယ့် သားသမီးတွေဟာ မိဘအပေါ်ဘယ်လောက်ပဲ ပြုစုနေပါစေ။ တာဝန်ကျေနိုင်မှာ မဟုတ်ဘူး။ အခုလည်း သူတို့ ညီမအတွေဟာ အသင့်အတင့်နေနိုင်ကြလျက်နဲ့ မိခင်ကို ပြစ်ထားရက်တယ်၊ သမီးထွေးလေးကလည်း မိခင် ထက် အလုပ်ကို ပိုချစ်တာကို တွေ့ရတယ်။ နောက်ဆုံးကျတော့ မိခင်သေဆုံးသွားတာကို သိမှ အသံတွေ ထွက်လာကြတယ်။ ဘယ်လောက်ကြေကွဲစရာကောင်းသလဲ။ အခုတော့ သူတို့တွေ မိခင်ကို ပြုစုချင်ပါတယ်။ ကျွေးချင်ပါသော်လည်း ဘယ်မှာသွား ကျွေးမှာလဲ။ မိဘဆိုတာ ကျမတို့ ဗုဒွဘာသာနဲ့ကြည့်ရင် ဘုရားတဆူလို ပဲ ရိုသေကြတယ်။ ကျမဒီစာကို ဖတ်ပြီးခံစားရလို့ပါ။ သူငယ်ချင်း တို့လဲ တခုခုခံစားရမှာပဲလို့ ထင်ပါတယ်။.....

ယုန်ကလေး

2 comments:

ဒီဇင်ဘာနှင်း said...

ဒီစာလေးကိုဖတ်ပြီး စိတ်ထဲမှာ စွဲကျန်ခဲ့တယ်။ မိဘကသားသမီးအတွက်ဆိုရင်ဘာမဆိုပေးဆပ်ရဲပေမယ့် သားသမီးတွေက မိဘအတွက်ဆိုရင် တွေဝေနေတတ်ကြတယ်

GreenGirl said...

တကယ်ကောင်းတဲ့ ပို့စ်လေးပါ သူငယ်ချင်း။ မိဘဆိုတာ မသေခင်ပဲ ပြုစုခွင့် ရတာပါ။

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates