စစ်အစိုးရစွပ်စွဲချက်ကို (KNU) ငြင်းဆို

စစ်အစိုးရစွပ်စွဲချက်ကို (KNU) ငြင်းဆို


ရိုးမ ၃။ စက်တင်ဘာ ၁၆၊ ၂၀၀၈
စက်တင်ဘာလ(၁၁) ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့တွင် ဗုံးဖောက်ခွဲခဲ့သူ တရားခံမှာ (KNU)အဖွဲ့မှ ဖြစ်သည် ဆိုသည့် စွပ်စွဲ ချက်ကို အဆိုပါအဖွဲ့မှ ငြင်းဆိုလိုက်သည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကျောက်ကြီးမြို့ သိန်းတန်ရပ်ကွက် ဗွီဒီယိရုံအတွင်း ဗုံးဖောက်ခွဲခဲ့သည့် တရားခံအား ဖမ်းဆီးရမိထားကြောင်း ဖော်ပြထားသည့်အပေါ် (KNU)ယာယီ တွဲဘက်အထွေထွေအတွင်းရေးမှူးက တုန့်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“
ဒါတွေက (KNU)က ဗုံးခွဲတာတို့အရပ်သားတွေ မတော်တဆထိခိုက်တာတို့ မလုပ်ရဘူး ဆိုတာ ကျနော်တို့ ပေါ်လစီအရ ချထားတာ တွေရှိပါတယ်၊ ဒီအဖြစ်အပျက်တွေဟာ နအဖ ဘဲ မတရားလုပ်ပြီး ကျနော်တို့ကို စွပ်စွဲတာပါ၊ သူတို့အနေနဲ့က (NLD)အပါအဝင် အားလုံး ကို လက်ညှိုးထိုး နိုင်အောင်လို့လုပ်နေတာ၊ ဖောက်ခွဲတာက နအဖဘဲဖောက်ခွဲတာ”ဟု (KNU) ယာယီတွဲဘက် အထွေထွေအတွင်းရေးမှူး ဒေးဗစ်တာကဘောက ပြောသည်။

စောယာကို(ခ) စောရန်ကုန်သည် (KNU) တပ်ရင်း(၂၀)တွင် လေးနှစ်ခန့်တာဝန်ထမ်း ဆောင် ခဲ့သူဖြစ်ပြီး ၂၀၀၈ ခုသြဂုတ်လအတွင်းက (KNU) တပ်ရင်း(၈)အတွက် ရိက္ခာတာဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်သည်ဟု စစ်အစိုးရ ထုတ်သတင်းစာက ဖော်ပြထား သည်။

အဆိုပါဖော်ပြချက်နှင့်ပတ်သက်၍ ဖဒိုဒေးဗစ်တာကဘောက “အဲလိုလုပ်တာ နအဖက ဖက်ဆစ်ဆိုတော့ ကလိမ်ဉာဏ် တွေသိပ်များတာ၊ အဲလိုပြည်သူလူထုကြားထဲမှာ နားလည်မှုအမှားတွေဖြစ်အောင်၊ နောက်နိုင်ငံတကာမှာလဲ အမြင်မရှင်း အောင် အဲလိုတွေ လုပ်နေတာပါ” ဟု ပြောသည်။

အခြားကိစ္စများဖြင့် (KNU)အဖွဲ့ဝင်များခရီးသွားစဉ် ဖမ်းမိသူများ၊ ယခင်လက်နက်ချသွားသည့် သူများကိုပြန်လည် ထုတ်ပြပြီး ယခုကဲ့သို့ စွပ်စွဲခြင်းများလည်းရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ (KNU)၊ (ABSDF) နှင့် စွမ်းအားမြှင့် ကျောင်းသားစစ်သည်တော်များအဖွဲ့ (VBSW)အဖွဲ့များ ပူးပေါင်း၍ ပြည်တွင်း ဖောက်ခွဲမှုများပြုလုပ်ရန် ယခုလ(၁၀)ရက် နေ့တွင် ဖောက်ခွဲရေး သမား(၅)ဦး စေလွှတ်ထားသည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဆက်လက်ဖော်ပြ ထားသည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates