ဆက်တိုက်ဖမ်းဆီးမှုများကို ၈၈ ကျောင်းသားများရှုံ့ချ
ကိုသက်| စက်တင်ဘာ ၁၅၊ ၂၀၀၈


၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းအပါအ၀င် ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှား သူများအား မတရားဖမ်းဆီးမှုများသည် အမျိုး သားပြန်လည်သင့်မြတ်ရေး မရနိုင်သည့် အပြင် ပိုမိုရှုပ်ထွေးသည့် ပြဿနာများ ပေါ်ပေါက်စေနိုင်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားအ ဖွဲ့က ယနေ့ပြောဆိုလိုက်သည်။

၈၈မျိုးဆက်ကျောင်းသားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမြင့်အောင်က “ဒီမိုကရေစီ စနစ်တခုကိုသွားတဲ့နေရာမှာ ကိုယ်နဲ့သဘော ထားကွဲလွဲသူတွေကို ထောင်ထဲမှာ အတင်းသော့ခတ်ထားလို့ မရပါဘူး။ ဒီမိုကရေစီ ခရီးလမ်းဆိုတာ တွေ့ဆုံဆွေး နွေးရေး စားပွဲဝိုင်းက တဆင့် ငြိမ်းချမ်းစွာလျှောက်လှမ်းရမယ့် လမ်းဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မနီလာသိန်းအပါအ၀င် ယုံကြည်ချက်ကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အာဏာပိုင်များက မတရားဖမ်းဆီးမှုများ ဆက်လက် လုပ်ဆောင်နေသော် လည်း မိမိတို့၏ယုံကြည် ချက်ဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှား ကြိုးပမ်းမှုများမှာ နောက်ဆုတ်သွား မည်မဟုတ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။ မနီလာသိန်းအ ပါအ၀င် နိုင်ငံရေးအကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်မှုများ မပြုလုပ်ရန် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့က တောင်းဆိုထားပြီး အဖမ်းခံ ထားရသူများ၏ အသက်နှင့် ခန္ဓာ တစုံတရာထိခိုက်ခဲ့ပါက စစ်အစိုးရတွင် လုံးဝတာဝန်ရှိသည်ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြ ထားသည်။

မနီလာသိန်းသည် လွန်ခဲ့သည့်နှစ်သြဂုတ်လက ရန်ကုန်မြို့တွင်ပေါ်ပေါက်ခဲ့သည့် လောင် စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးလမ်း လျှောက်ဆန္ဒဖော်ထုတ်ပွဲများကို ဦးဆောင်ခဲ့ သဖြင့် စစ်အစိုးရ၏ လိုက်လံ ဖမ်းဆီးမှုမှ ရှောင်တိမ်းနေခဲ့သူ ဖြစ်သည်။ မနီလာသိန်း၏ ခင် ပွန်းဖြစ်သူ ကိုဂျင်မီ(ခ)ကိုကျော်မင်းယုသည်လည်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး လွန်ခဲ့သည့်နှစ် သြဂုတ်လက တည်းက တခြားကျောင်းသားခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။ အသက် တနှစ်လေးလသာ ရှိသေးသည့် မနီလာသိန်းနှင့် ကို ဂျင်မီတို့၏သမီးငယ် ဖြူနေကြည်မင်းယုသည် လေးလ သမီးအရွယ် ကတည်းက မိဘများနှင့် နေထိုင်ခွင့်မရခဲ့ပေ။

“
မနီလာသိန်းဟာ အတော့်ကို ခံနိုင်ရည်ရှိတဲ့ အမျိုးသမီးတယောက် … ဒါပေမယ့် ကျနော်တို့မြင်ရတဲ့ အခြေအနေကတော့ စိတ်မချမ်းမြေ့ စရာပါ။ ကျနော်တို့လို လူလွတ်တွေ တောင် အခုလိုအခြေအနေမှာ လုပ်ကိုင်ရတာ လွယ်တာမဟုတ်ဘူးလေ … သူ့လိုမိခင်တယောက်၊ လင်ယောက်ျားကလည်း ထောင်ထဲမှာ၊ သမီးလေးနဲ့ကလည်း တကွဲ တပြားဆိုတော့ သူ့ဒုက္ခက တော်တော်ကြီးပါတယ်”ဟု ကိုထွန်းမြင့် အောင်ကပြောသည်။

ကိုထွန်းမြင့်အောင်သည်လည်း လွန်ခဲ့သည့် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုများ စတင် သည့်ကာလကတည်းက စစ်အစိုးရ၏ မတရား လိုက်လံဖမ်းဆီးမှုကြောင့် ပုန်းရှောင်နေရင်း လှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်နေသူ ဖြစ်သည်။

“
တခါတလေ သူနဲ့အဆက်အသွယ်ရတုန်း ကျနော်တို့ပြောဖြစ်ကြတာတွေရှိတယ်။ … လူသားတယောက် အနေနဲ့ မေးဖူးတာရှိတယ်။ သူ ပြောတာက မိသားစု တကွဲတပြား ဖြစ်နေတာ ဘယ်လိုဖြစ်ချင်မှာလဲပေါ့၊ မိခင်ဘ၀နဲ့ ဒီလိုဒုက္ခတွေခံစားနေရတာ သူတ ယောက်တည်း မဟုတ်ဘူးပေါ့။ မိဘပေါင်းများစွာက ဒုက္ခတွေကိုခံစားခဲ့ကြတာ အနှစ် ၂၀ ရှိပြီ .. ဒီလိုအဖြစ်ဆိုးတွေနိဂုံး ချုပ်နိုင်ဖို့ ကျမတို့ဆက်ပြီး ဒုက္ခ ခံရမှာလို့ သူကျနော့်ကို ပြောဖူးတယ်” ဟု ကိုထွန်းမြင့်အောင်က မနီလာသိန်းပြောသည်ကို ပြန်ပြောသည်။

၈၈မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုအံ့ဘွယ်ကျော်၏ အမေဖြစ်သူ ဒေါ်တင်တင်ဝင်းကို လည်း မနီလာသိန်းနှင့် ဆက်စပ်၍ လွန်ခဲ့သည့် ၁၁ရက်နေ့တွင် အာဏာပိုင်တို့က ခေါ်ယူစစ်ဆေးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ဧရာဝတီကို ပြောသည်။ ရန်ကုန် မြို့ ရန်ကင်းမြို့နယ်တွင်နေထိုင်သူ ဒေါ်တင်တင်ဝင်းသည် အသက် ၇၅ နှစ်ကျော် ရှိပြီဖြစ်ပြီး လွန်ခဲ့သည့်နှစ် သြဂုတ် လအတွင်းက သား ဖြစ်သူ ကိုအံ့ဘွယ်ကျော်သည် ကိုဂျင်မီအပါအ၀င် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates