မိသားစု

မိသားစု

မိသားစုဆိုတာ
တယောက်ရှေ့ ရောက်ဖို့ 
တယောက်နောက်ဆုတ်ရတယ်။
သစ်ကိုင်းတကိုင်း တိုးထွက်ဖို့ 
သစ်ကိုင်းတကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူ ခြောက်ယောက်ရှိ လူခြောက်ယောက်
လက် ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိ လူအကုန်။
မိသားစုဆိုတာ
ရှင်သန်ဖို့ အတွက် အဆက်မပြတ်တိုက်ပွဲဝင်ရတယ်
ရန်ကုန်ဟာ စစ်မြေပြင်။
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေး ၀င်ခဲ့တယ်
ယိုင်နဲ့ သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။
ငါ့အတွေးအခေါ်က
သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တခု။
ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့ 
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်တွေ ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တပေါက်ရှိနေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတချပ် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေ ငါးသွင်းခဲ့တာ။ ။
စိုင်းဝင်းမြင့်

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates