ဆရာဖေမြင့် နှလုံးသားအာဟာရ ရသစာများ(ပထမအကြိမ်၊ နိုဝင်ဘာလ၊ ၁၉၉၇)မှ တဆင့် ကူုးယူဖော်ပြလိုက်သည်
ကောင်လေးနဲ့ခွေးလေး
စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တခု ထပ်ချိတ်သည်။ `ခွေးပေါက်က လေးမျှားရောင်းရန် ရှိသည်´တဲ့။ သည်ကျော်ကြော်ငြာမျိုးကို ကလေးတွေက အလွန်စိတ်ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည်။ `ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲ ခင်ဗျာ´ သူကမေးသည်။ `ဒေါ်လာ ၃၀ က ၅၀ အထိဈေး အ စားစားရှိတယ်´ ဆိုင်ရှင်က ဖြေသည်။ ကောင်လေးက သူ့အိတ်ထဲမှာ ရှိသည့် ပိုက်ဆံ အကြွေတွေ နှိုက်ထုတ်သည်။ `ကျွန်တော်မှာ ၂ ဒေါ်လာ နဲ့ ၃၇ ဆင့်ရှိတယ်။ ခွေးလေးတွေ ကျွန်တော် ကြည့်လို့ရမလားခင်ဗျာ´။ဆိုင်ရှင်က ပြုံးသည်။ထိုနောက် ခွေးအိမ်ထဲမှာ ရှိသည့် ခွေးမကြီးကို လေးချွန်ပြီး ခေါ်လိုက်သည်။ ခွေးမကြီး ဆိုင်ခန်းထဲ ပြေးဝင်လာတော့ သူ့နော်က ခွေးပေါက်ကလေး ငါးကောင် တန်းဆီ၍ လိုက်လာပါသည်။ ပိစိကွေးလေးတွေ ၊ အမွေးက သိပ်ရှည်တော့ တစ်ကိုယ်လုံးအမွေးတွေ ဖုံးကာ လုံးနေသည်။ အဲဒီအထဲမှာ တစ်ကောင်က ဟိုးနားမှာ ပြတ်ကျန်ခဲ့တယ်။ သူက ထော့တီးထော့နဲ့ လမ်းမလျှောက်တတ် သလို ။ ကောင်လေးက သည်ဟာလေးကို မြင်းတော့ ချက်ခြင်းစိတ်ဝင်စားသွားတယ်။ `ဒီခွေးက ဘာဖြစ်တာလဲဟင်´။ ခွေးကလေးက မွေးကတည်းက တင်ပါဆုံ အရိုးခွက် ပါမ လာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရိစ္ဆာန်ဆေးကု ဆရာဝန်က ပြောဆို သည့်အကြောင်း ဆိုင်ရှင်ကြီးက ရှင်းပြသည်။ ကောင်လေးက ပို၍ စိတ်ဝင်စားသွားသည်။ `ဒီခွေးလေး ကျွန်တော်ဝယ်ချင်တယ်ဗျာ´ သူကဆိုသည်။ `ဟာ…မ၀ယ်ပါနဲ့ကွ၊ မင်းလိုချင်ရင် ငါပေးပါ့မယ်´။ ဒီစကား ကြားတော့ ကောင်လေးက မျက်နှာပျက်သွားသည်။ သူက မကျေနပ်သည့် အမှုအရာမျိုးနှင့်  ဆိုင်ရှင်ကြီးကို ပြန်ပြောသည်။ ` အလကားပေးတာ ကျွန်တော်မလိုချင်ဘူး ခင်ဗျာ ၊ဒီခွေးလေးလည်း ကျန်တဲ့ခွေးလေးတွေနဲ့ တန်းတူတန်ဖိုးရှိတာပဲ၊တစ်ပြားသားမှ မလျော့ပါဘူး ကျွန်တော် တန်ဖိုးအပြည့်ပဲပေးမယ်။ ဒါပေမဲ့ ကျွန်တော်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲ ပါတယ်၊ အခုအဲဒါ ယူထားပါ ၊ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော်ပေးဆပ် ပါမယ်´။ သို့သော် စတိုးဆိုင်ရှင်က အလျော့မပေး။ `မ၀ယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်းစိတ် ပျက်သွားလိမ့်မယ်။ ဒီခွေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး။ မင်းနဲ့ခုန်ပေါက် ကစားနိုင်မှာ မဟုတ်ဘူး´။ သည်အခါကျတော့ ကောင်လေးက ဆိုင်ရှင်ကြီးကို မော့ကြည့်ကာ သူ့ဘောင်ဘီး အောက်နားစကို လှန်၍ပြရင်း လေသံတိုးတိုးနှင့် ပြောသည်။ ´ကျွန်တော်လဲ ကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမြာမှာ သူ့ကို ကိုယ်ချင်းစာမယ့် လူတစ်ယောက်တော့ ရှိဖို့လိုမှာပေါ့´ တဲ့။ ကောင်းလေး ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေကောက်နေကာ လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ် တံများဖြင့် အားဖြင့်ပေးထားရလေသည်။
ဒီစာဖော်ပြရခြင်း ရည်ရွယ်ချက်မှာ တစ်ချို့သောသူများသည် ကိုယ့်အားနည်းချက်ကို မတွေ့ဘဲ သူများအားနည်းချက်ကိုသာ မြင်တတ်သည်။ အဲဒီအတွက် ဒီဘာသာပြန်လေးကို ဖတ်ပြီး ကိုယ်ကိုယ့်ပြန်သုံးသပ် ကြည့်ရင် အများကြီးတွေ့ရပါလိမ့်မယ်။
ဆရာဖေမြင့်
0 comments:
Post a Comment