လူသောမြို့ရွာသား ၉၀၀၀ နီးပါး စားနပ်ရိက္ခာပြတ်လပ်

ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ လူသောမြို့နယ်မှာ မြန်မာစစ်အစိုးရတပ်တွေ ထိုးစစ်ဆင်ပြီး စစ်အင်အား တိုးချဲ့လာတဲ့အတွက် ရွာသူရွာသား ကိုးထောင်နီးပါဟာ အစာရေဆာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် မြောက်ပိုင်းရှိ ဖာပွန်ခရိုင်ဟာ စစ်အစိုးရတပ်တွေ စခန်ချထားတဲ့ နေရာတနေရာ ဖြစ်ပြီး တိုက်ပွဲတွေကြောင့် မတည်မငြိမ်တဲ့ နေရာလည်းဖြစ်ပါတယ်။

စစ်တပ်တွေဟာ ဒေသခံရွာသားတွေရဲ့ စပါးကျီတွေကို မီးရှို့ဖျက်ဆီးတာ၊ ရွာတွေကို မီးရှို့တာတွေ လုပ်တာနဲ့အတူ ကျွဲ၊ နွားတွေကိုလည်း သတ်ဖြတ်တာတွေ ရှိတဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ Karen Human Right Group အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘယ်လောက်ထိကြုံရသလဲဆိုတော့ ဒီလူတွေဟာ မေလလောက်ကတည်းက အစားရေဆာ ပြတ်လပ်မှုနဲ့ ကြုံရတယ်။ မိသားစုတချို့တွေဆိုရင် လုံးဝမရှိတော့တာ။ မရှိတဲ့သူတွေကို ရှိတဲ့လူတွေက ဝေမျှစားမယ်။ ရှိတဲ့သူတွေမှာလည်း တဖြည်းဖြည်းနည်းလာတဲ့အခါကျတော့ ရှိတဲ့သူတွေမှာလည်း မရှိတော့ဘူး အဲလိုမျိုးဖြစ်လာနိုင်တယ်လေ။”

အခု လူသောမြို့နယ်ရှိ ကျေးရွာပေါင်း တစ်ရာကျော်ဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ရွာသားတွေဟာ စစ်တပ် စခန်းချတဲ့နေရာတွေ၊ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ တောင်ယာလုပ်ငန်းတွေကို သွားရောက်လုပ်ကိုင်တာတွေ မရှိတဲ့အပြင် ရွာပုန်းရွာရှောင်တွေ ပိုပြီးများလာတယ်လို့ စောအဲလ်ဘတ်ဆိုပါတယ်။

“အဓိကတော့ နအဖ စစ်အစိုးရတပ်က ရေရှည် ကရင်ပြည်နယ်အတွင်းမှာ စစ်ဆင်မှုကြောင့် စစ်တပ်စခန်းတွေ များပြားလာတယ်။ နောက်ပြီး ရွာပုန်းရွာရှောင် အရေအတွက်၊ အခြေအနေမဲ့တဲ့ ရွာသူရွာသားတွေ ပိုမို များပြားလာတယ်၊ တောင်ယာတွေလည်း သိပ်မလုပ်နိုင်တော့ဘူး။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာလည်း စစ်တပ်က လူသောမြို့နယ်ရှိ ရွာတရွာကို မီးရှို့ခဲ့တာနဲ့အတူ စပါးကျီတွေလည်း ဖျက်စီးတဲ့အပြင် ဆန်စက်တခုပါ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အခုလ ၁၀ ရက်နေ့မှာ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ဌာနေညွန့်ကြားရေးမှူးတို့က နယ်စပ် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားနပ်ရိက္ခာများ တိုးတက်ထုတ်လုပ်နိုင်ရေးကို ပူပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြပေမယ် လက်ရှိအခြေအနေမှာတော့ တိုင်းရင်းသားဒေသတွေမှာ စားနပ်ရိက္ခာ တိုးတက်လာမှုမရှိတဲ့အပြင် ပိုပြီး ဆင်းရဲ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates