တစ်ခုတည်းသော ရှမ်းပြည်တပ်မတော် “ညီညွတ်ရေး ပြယုဂ်”


ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း (SSA-S) တို့ ပြန်လည် ပေါင်းစည်းလိုက်တာဟာ ညီညွှတ်ရေးရဲ့ ပြယုဂ်ဖြစ်ကြောင်း မဟာမိတ် အဖွဲ့တွေက သုံးသပ်ပြောဆို ကြပါတယ်။

SSA တောင်ပိုင်းဌာနချုပ် ထိုင်းမြန်မာနယ်စပ် လွိုင်တန်လျန်းမှာ မေလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ (၅၃) ကြိမ်မြောက် ရှမ်းပြည် တော်လှန်ရေးနေ့မှာ SSA-S ရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်က နှစ်ဖွဲ့ ပြန်လည် ပူးပေါင်းမယ်လို့ ပြောဆိုကြောင်း သတင်း မီဒီယာတွေရဲ့ ဖေါ်ပြချက်တွေကို တုံ့ပြန်ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အစိုးရကို ဆန့်ကျင်ပြီး အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေတဲ့ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ ပူးပေါင်းမယ့် အရေးကို ကရင်အမျိုးသား အစည်းအရုံး (KNU) အနေနဲ့ ထောက်ခံ ကြိုဆို တယ်လို့ အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

“ရှမ်းအမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း (၂) ခုဟာ တစည်းတလုံးထဲ ဆိုတော့ ဒါ စည်းလုံး ညီညွတ်ခြင်းရဲ့ ပြယုဂ်တစ်ခု ဖြစ်ပြီး ရှမ်းပြည်အရေး၊ အမျိုးအရေး ကိစ္စတွေကို စဉ်းစားဆုံးဖြတ် ဆောင်ရွက်ကြတဲ့အခါ တဘောထဲ တစ်သံထဲ ဖြစ်တော့ ပိုကောင်းတာပေါ့”


(SSPP) ဟာ တိုင်းရင်းသား လက်နက်ကိုင် အမာခံအဖွဲ့ (၆) ဖွဲ့နဲ့ ပေါင်းစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

UNFC မှာ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီပြည်တိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့လည်း ဖြစ်ပါတယ်။

UNFC ရဲ့ အတွင်းရေးမှူးလည်းဖြစ်၊ မွန်ပြည်သစ်ပါတီရဲ့ အထွေအထွေအတွင်းရေးမှူးဖြစ်သူ နိုင်ဟံသာကတော့ မဟာမိတ်အင်အားတရပ် တိုးလာတယ်လို့ ယူဆပါတယ်။

“တော်လှန်ရေးအဖွဲတွေ အချင်းချင်း နီးစပ်လာတာ ပိုကောင်းတာပေါ့လေ။ ကျနော်တို့ အခြေခံမူ ထဲမှာ လူမျိုးတမျိုးထဲမှာ အဖွဲ့ နှစ်ခုသုံးခုရှိနေရင် သူတို့အချင်းချင်းနီးစပ်ဖို့နဲ့ နောက်ဆုံးပေါင်းစည်း ရေး ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်”

ဒါပေမယ့်လည်း ရှမ်းပြည် တပ်မတော် တောင်ပိုင်းဟာ (UNFC) ရဲ့ အဖွဲ့ဝင် ဖြစ်လာမှာကိုတော့ မသေချာသေးဘူးလို့ နိုင်ဟံသာက ဆက်ပြောပါတယ်။

ဗိုလ်မှူးစောလှငွေကတော့ မြန်မာအစိုးရက နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုတွေမှာ အပစ်ရပ်အဖွဲ့နဲ့ အပစ်မရပ်သေးတဲ့အဖွဲ့အကြား ကွဲပြားနေမှုအပေါ် အသုံးချနိုင် တော့မှာ မဟုတ်ဘူးလို့ သုံးသပ်ပါ တယ်။

“တစုတစည်းထဲ တိုက်တဲ့အခါကျတော့ စစ်အစိုးရအနေနဲ့ မတိုက်တဲ့ကောင်နဲ့ နားလည်မှု လုပ်ထား ပြီး တိုက်တဲ့ကောင် အတင်းဖိဆိုတဲ့ စစ်ရေးကစားတာတို့၊ နိုင်ငံရေးကစားတာတို့ မလုပ်နိုင်တော့ဘဲ တကယ့်ကို တိုင်းရင်းသားညီညွတ်ရေးနဲ့ တိုင်းပြည်အတွက် နိုင်ငံရေးအဖြေရှာမှုနဲ့ စစ်မှန်တဲ့ အင်အားကို ထိရောက်နိုင်တာပေါ့”

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ခေါ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ဟာ ၁၉၈၉ ခုနှစ်က မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီအဖွဲ့ကို ဗိုလ်ချုပ် ပန်ဖက ဦးဆောင်ပြီး ယခင် မြန်မာစစ်အစိုးရက တောင်းဆိုတဲ့ ပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံခဲ့တဲ့အတွက် ဒီနှစ် မတ်လကစပြီး အစိုးရ တပ်တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ် နေခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) ကတော့ အစဉ်တစိုက် တိုက်ပွဲဝင်နေခဲ့တာ ဖြစ်ပါတယ်။

SSA မြောက်ပိုင်း တပ်ဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃,၀၀၀ လောက်နဲ့ SSA တောင်ပိုင်း တပ်ဖွဲ့ ကတော့ လက်နက်ကိုင်အင်အား ၇,၀၀၀ ခန့် ရှိမယ်လို့ စစ်ရေးလေ့လာသူတွေက ခန့်မှန်းကြပါ တယ်။

ယုန်ကလေး


0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates