ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီကို ပြောင်းလဲဖွဲ့စည်း

အမျိုးသား တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးဖို့အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ ( UNFC) ကို အဓိက တိုင်းရင်းသား အဖွဲ့အစည်း (၆)ဖွဲ့ နဲ့ ပြန်လည် ဖွဲ့စည်းလိုက်ပါတယ်။

“အခြေခံ အဖွဲ့အစည်းဟာ ရှေ့ဆောင် နိုင်ငံရေးပါတီ အခိုင်အမာရှိတဲ့ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် တပ်မတော် အခိုင်အမာရှိတဲ့ အဖွဲ့အစည်းတွေ၊ အခြေခံ နယ်မြေရှိတဲ့ အဖွဲ့အစည်းတွေ၊ အခြေခံ ပြည်သူလူထုရှိတဲ့ အဖွဲ့အစည်းတွေဆို ကျနော်တို့က အခိုင်အမာထားတယ်”လို့ UNFC အတွင်းရေးမှူး ဦးနိုင်ဟံသာက ပြောပါတယ်။

အဲ့ဒီ အဖွဲ့(၆)ဖွဲ့တွေကတော့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီပြည် တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ဖြစ်ပါတယ်။

အခုလ ၉ ရက်နေ့ကနေ ၁၂ ရက်အထိ ကျင်းပတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အခြေခံ အချက်(၄)ချက်နဲ့ မပြည့်စုံတဲ့ အဖွဲ့အစည်းတွေကိုတော့ UNFC နဲ့ ဆက်စပ်ပူးပေါင်းတဲ့ အဖွဲ့အစည်းမှာ ပူးပေါင်းဆောင်ရွက်သွားဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့က အလုပ်မှာ နည်းနည်း ထိရောက်အောင်မြင်လုပ်စေချင်လို့ပါ။ လုပ်ငန်းကို ပူးပေါင်း လုပ်ဆောင် အကောင်အထည်ဖော်တဲ့နေရာမှာ နိုင်ငံရေးအရရော၊ စစ်တပ်အရရော အဲ့ဒါတွေရှိမှ အခြေခံအချက်အလက်တွေနဲ့ရှိမှ လုပ်ဆောင်ကြရင် ဒါနည်းနည်း အလုပ်တွင်မယ်ဆိုတဲ့သဘောပေါ့ဗျ။ တချို့က အဲ့ဒါတွေနဲ့ မပြည့်စုံတော့ လုပ်ငန်းမှာ မတွင်ကျယ်ဘူးဆိုတဲ့ သဘောမျိုးနဲ့ အဲ့ဒါ နည်းနည်းအခြေခံကျတဲ့ အင်းအားစုတွေကို စုလိုက်တဲ့သဘောပေါ့ဗျ” လို့ သူက ဆက်ပြောပါတယ်။

အခြေခံအချက်တွေနဲ့ မပြည့်စုံတဲ့အဖွဲ့အစည်းတွေက ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး PSLF၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ္ဂ LDU၊ ညီညွတ်သောရခိုင်အမျိုးသားပါတီ NUPA၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝ' အမျိုးသားအဖွဲ့ချုပ် WNO၊ ညီညွတ်သောရခိုင်အမျိုးသားပါတီ NUPA တို့ ဖြစ်ပါတယ်။

အခုချိန်မှာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက ဥက္ကဌဖြစ်ပြီး ကာကွယ်ရေးဌာနတာဝန်ခံနဲ့ ဖက်ဒယ်ပြည်ထောင်စု တပ်မတော်ရဲ့ စစ်ဦးစီးချုပ်အဖြစ်တာဝန်တွေကို ပြောင်းလဲထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့ ပါဝင်တဲ့ ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီ CEFU ဖွဲ့စည်းခဲ့ပြီး နောက်ထပ် တိုင်းရင်းသား ၆ ဖွဲ့ ထပ်ပေါင်းကာ UNFC ပြောင်းလဲဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။



0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates