နယ်လှည့်ကျောပိုးအိတ် အဖွဲ့သားများ အဖမ်းခံရ




ကရင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ ဖုတ်ဖရမြို့မှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့ဝင် (၃) ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ကရင်စစ်ပြေးဒုက္ခသည် ၂ ထောင်ခန့်ဟာ မြ၀တီမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင်အကွာမှာ ရှိတဲ့ ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ်က လောဂေါဝ့်ကျေးရွာတ၀ိုက်မှာ ခိုလှုံနေကြ တာဖြစ်ပါတယ်။

သူတို့ဆီကို နယ်လှည့်ကျောပိုးအိတ်အဖွဲ့ဝင်တွေက ဆန်၊ ပဲနဲ့ ငပိ စတဲ့ ရိက္ခာတွေ ပေးဖို့ တနင်္ဂနွေနေ့က လာရောက်စဉ်မှာ မြန်မာနိုင်ငံဖက်မှာ တိုက်ပွဲဖြစ်နေတဲ့ အတွက် မသင်္ကာလို့ ထိုင်းစစ်တပ်က ဖမ်းဆီးထားတာဖြစ်တဲ့ အကြောင်း နယ်လှည့် ကျောပိုးအိတ်အဖွဲ့ တာဝန်ခံ ဆရာမန်းမန်းက ပြောပါတယ်။

“ဒုက္ခသည်တွေအတွက် ရိက္ခာ သွားပို့တယ်လေ။ အဲ့ဒီချိန်မှာလည်း မြန်မာဘက်ခြမ်းမှာ ဒီကေဘီအေနဲ့ နဖအတို့ တိုက်ပွဲတွေဖြစ်တယ်။ အဲ့ဒါကြောင့် သူတို့ကို မသင်္ကာလို့ ဖမ်းထားတာ။”

နယ်လှည့်ကျောပိုး အိတ်အဖွဲ့ဟာ ထိုင်နိုင်ငံမှာ တရားဝင်အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းမဟုတ်ဘဲ ထိုင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေကို လိုက်လံ ကူညီနေတာ ဖြစ်ပါတယ်။ သူတို့ထဲက အများစုဟာ ကရင်တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။

အခုလောလောဆယ် ကားသမားတစ်ဦး အပါအ၀င် နယ်လှည့်ကျောပိုးအိတ်အဖွဲ့ဝင် (၃) ဦးကို တရားမ၀င်ခိုးဝင်မှုနဲ့ ချုပ်ရက် (၃) ချုပ်ထားတယ်လို့ ဆရာမန်းမန်းက ဆက်ပြောပါတယ်။

“ဒီနေ့ နှစ်ယောက်ကတော့ မဲဆောက်က လူဝင်မှုကြီးကြပ်ရုံးကို ပို့ပြီးရင်တော့ လွှတ်ဖို့ရှိတယ်။ သူတို့ကို တရားမ၀င်ခိုးဝင်မှုနဲ့ဆိုပြီးတော့မှ ချုပ်ရက် (၃) ရက်ပြီးရင် ပြန်လွှတ်ရတာပေါ့။ ကျန်တဲ့ ကားသမားတစ်ယောက် ကတော့ လိုင်စဉ်မဲ့ကားမောင်းမှုနဲ့ သူတို့စွဲချက် တင်ထားတယ်။ ဒါလည်းပဲ တစ်ပတ်လောက်ကြာရင် လွှတ်နိုင်ပါတယ်။”

သိမ်းဆည်းထားတဲ့ စားနပ်ရိက္ခာတွေကိုလည်း ထိုင်းအာဏာပိုင်တွေက ဒီကနေ့ပဲ နယ်လှည့်ကျောပိုးအိတ် အဖွဲ့ကို ပြန်ပေးလိုက်တယ်လို့ သိရပါတယ်။

စစ်ပြေးဒုက္ခသည်တွေရဲ့ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာတွေကို ကူညီပေးနေတဲ့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့ကို ၁၉၉၈ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ကရင်၊ မွန် နဲ့ ကရင်နီ ပြည်နယ်တွေမှာ အဓိက လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates