အကြပ်အတည်းကြားက ကေအန်ယူ


Friday, 20 March 2009 19:58 ဧရာဝတီ

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသည့် ကရင် အမျိုးသား အစည်းအရုံး (KNU) သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ မာနယ်ပလော ဌာနချုပ် ကို လက်လွှတ်ရပြီး နောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။ ပြီးခဲ့သည့် နှစ်များအတွင်း KNU ခေါင်းဆောင် ဗိုလ်ချုပ် စောဘိုမြကွယ်လွန်ခြင်း၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ ထိုင်းနိုင်ငံတွင် လုပ်ကြံခံရခြင်းတို့နှင့်အတူ KNU၏ ထိန်းချုပ် နယ်မြေ အများအပြား ဆုံးရှုံးခြင်း၊ အောက်ခြေတပ်တချို့ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခြင်းတို့ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ KNU သည် ပြည်ပရောက် အတိုက်အခံများနှင့် ရင်းနှီးမှုအရှိဆုံးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်သည်။ ဧရာဝတီက KNU ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုဒေးဗစ်ထော နှင့် တွေ့ဆုံပြီး KNU၏ လက်ရှိအခြေအနေများကို မေးမြန်းခဲ့သည်။ ဖဒိုဒေးဗစ်ထောသည် ယခင်က KNU၏ နိုင်ငံခြားရေး တာဝန်ခံ အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူဖြစ်သည်။
မေး။ ။ ထိုင်းနိုင်ငံထဲက KNU စစ်ခေါင်းဆောင်တွေ မကြာသေးခင်က မြန်မာနိုင်ငံဘက်မှာ ရှိတဲ့ KNU ထိန်းချုပ်နယ်မြေထဲကို ပြန်ရတဲ့အကြောင်းတွေ ပြောပြပါဦး။

ဖြေ။ ။ ၂ဝဝ၈ ခုနှစ် KNU ညီလာခံ အပြီးမှာ အပြောင်းအလဲက ဘာလဲဆိုတော့ နအဖ က တွေ့ဆုံ ဆွေးနွေးရေးကို မသွားချင်တော့ဘူး ဆိုတော့ တချို့ ဌာနတွေ ဖျက်ပစ်လိုက်တာရှိတယ်။ ဥပမာ အရင်က နအဖနဲ့ ဆက်ဆံတဲ့ ဗိုလ်မှူးစိုးစိုးရဲ့ ဌာနမျိုးပေါ့။ အဲဒါကို ထိုင်းဘက်က အမြင်မရှင်းတာမျိုး ရှိတယ်။ နအဖက ကမ်းလှမ်းမှုတွေကို ကျနော်တို့ဘက်က စ ဖျက်တယ်လို့ ထိုင်းက မြင်တယ်။

ညီလာခံအပြီး တပ်မဟာ ၆ ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်တယ်။ အဲဒီဘက်က တပ်ရင်း ၂ဝ၁၊ ၂ဝ၃ ရှိတယ်။ မြန်မာ စစ်အစိုးရဘက်က တောင်းဆိုမှုကြောင့် ထိုင်းက လမ်းတွေကို တတ်နိုင်သလောက် လိုက်ဖြတ်တောက်တာ တွေ့ရတယ်။ ဒါကြောင့် တချို့ နယ်မြေတွေ ရှုံးရတာ၊ ဆုတ်ပေးရတာ အဲဒါတွေ ပါတယ်။ ရိက္ခာ မပို့နိုင်သလို နောက်ကျောကနေ ဝင် အပစ်ခံရတာတွေ ရှိတယ်။

အဲဒီမှာ ဆက်ဆံရေးက ကျဲလာတဲ့ အခါကျတော့ ဖေဖော်ဝါရီမှာ ထိုင်းဘက်ကနေ ကျနော်တို့ဆီ စာဝင်လာတယ်။ သူတို့နယ်မြေထဲကနေ ကိုယ့်တပ်တွေကို လှမ်းပြီး အမိန့်မပေးဖို့ပေါ့။ ဒါပေမယ့် ကျနော်တို့ ထိုင်းနယ်မြေထဲမှာ ဆက်ပြီး နေနေတယ်။ အဲဒီမှာ စာရလာတယ်။ စာအရ တော့ အမိန့်ပေးနိုင်တဲ့ တပ်မှူးတွေအနေနဲ့ ဖေဖော်ဝါရီ ၂၅ မှာ နောက်ဆုံး ဟိုဘက်ကမ်း ပြန်သွားပေးဖို့ပေါ့။

နောက် … ပို့ရတဲ့ အကြောင်းရင်းတချက်က ပြီးခဲ့တဲ့လက ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တာနာ လာတဲ့ အချိန်မှာ (ကရင်ပြည်နယ်) မြဝတီမှာ ပေါက်ကွဲမှု ဖြစ်သေးတယ်၊ အဲဒါ ကျနော်တို့ လုပ်တာလို့ ပြောတယ်။ အရှေ့တောင်တိုင်း တိုင်းမှူး ကိုယ်တိုင် လာကြည့်တယ်။ ဆိုတော့ ပိုပြီး ထိုင်းဘက်က ပိုစိုးရိမ်လာတယ်၊ ဖိအား ပိုများလာတယ်။ မြန်မာ စစ်အစိုးရဘက်ကလည်း KNU, KNU ဆိုပြီး ဝါဒဖြန့်တာတွေ ပို ကြီးလာတဲ့ အခါကျတော့ ထိုင်းအနေနဲ့ ဖဒိုမန်းရှာလို နောက်တယောက် ဖြစ်မှာ စိုးရိမ်လာတယ်။

မေး။ ။ တကယ်လို့ KNU က ငြိမ်းချမ်းရေးယူမယ်ဆိုရင် ကိုယ်ပိုင်နယ်မြေ ရနိုင်မလား။

ဖြေ။ ။ နယ်မြေပေးမယ် ဆိုတာ ဘုရားသုံးဆူရဲ့ မြောက်ဘက်ပိုင်းပေါ့။ အရင် ကျနော်တို့ ၂ဝဝ၅ ခုနှစ် သွားပြီး ဆွေးနွေးတုန်းက အရှေ့တောင်တိုင်း တိုင်းမှူးက သုံးနေရာပေးတယ်။ အဲဒီ နေရာက ကရင်ပြည်နယ်ထဲမှာ ဆိုတော့ ဘယ်တပ်မဆို အဲဒီကို ပြန်လာနေဖို့ ပြောတာ။

အဲဒီမှာ DKBA (KNU၏ ခွဲထွက်အဖွဲ့တခု) လည်း ရှိတယ်၊ နောက်တခုက မွန်ပြည်သစ်ပါတီရဲ့နေရာ ဖြစ်နေတယ်။ ဘယ်သူ ပြန်ပြန် နေပြည်တော်ကတော့ ခေါင်းအေးမယ်၊ ဒါပေမယ့် အဲဒီနေရာမှာ ရှိတဲ့သူတွေကတော့ ခွက်စောင်းခုတ်မှာပဲ။ အခုကလည်း တနိုင်ငံလုံး အတိုင်းအတာကို မကြည့်ကြဘူးလေ။ အားလုံးလိုလိုက နယ်မြေလေး တခုလောက် ရပြီး ရပ်တည်နိုင်တဲ့ အနေအထားရှိရင် တော်ပြီ ဆိုတာမျိုး။

မေး။ ။ KNU ရဲ့ အောက်ခြေ တပ်တချို့က သူတို့သဘောနဲ့ သူတို့ အစိုးရနဲ့ သွားပြီး ပူးပေါင်းမယ် ဆိုရင် ခွင့်ပြုမလား၊ ဘယ်လို သဘောထားရှိလဲ။

ဖြေ။ ။ တခြားတပ်မဟာတွေကတော့ ပြဿနာ မရှိလောက်ဘူး။ ဖြစ်မယ်ဆိုရင်တော့ အထူးတပ်ရင်း ဗိုလ်ချုပ်မြရဲ့ လူတွေ ဘက်က ဖြစ်စရာ အကြောင်းရှိတယ်။ အမှန်က ကျနော်တို့က ကိုယ့်လူကိုယ်လည်း မထိန်းနိုင်ဘူး၊ ဗိုလ်ချုပ်မြ ရှိတုန်းက သူပျိုးထောင်ခဲ့တာတွေက ဗိုလ်ချုပ်မြလူ ဆိုပြီး သဘောထားကြတယ်။ တကယ်က တပ်ဆိုတာက အားလုံး တစုတစည်းတည်း တပ်ဗိုလ် တပ်မှူးရဲ့ အောက်မှာပဲ ရှိသင့်တာကို ခုလို ခွဲခြားလိုက်တော့ ပြဿနာက ဖြစ်လာရော။

တပ်မဟာ ၆ က ထုတ်ပယ်ထားတဲ့သူတွေ ဥပမာ - တဲခီး ဆိုရင် ဗိုလ်ချုပ်မြက ပြန်ခေါ်သုံးထားတယ်။ သူက DKBAနဲ့လည်း အဆက်အစပ် ရှိတယ်။ ဗိုလ်မဟာဆွေ ဆိုရင်လည်း ဗိုလ်ချုပ်မြဆီမှာ တောက်လျှောက် နေလာခဲ့တယ်။ ဒါပေမယ့် သူ့ကို ဦးစီးချုပ်က တခါမှ ပြောဆို ဆွေးနွေး တိုင်ပင်တာ မရှိခဲ့တော့ သူက လွတ်နေတယ်။ သူတို့ကို ရွာသားပြောမလား၊ ဗိုလ်ချုပ်မြလူလို့ ပြောမလား။

ဒီဟာတွေက မရှင်းမရှင်း ရှိနေတော့ ကျနော်တို့ တပ်က ဖွဲ့စည်းပုံကိုက အားနည်းတယ်။ ကျနော်တို့ကလည်း တပ်မဟာ ၃၊ ၄၊ ၅၊ ၆ စသည်ဖြင့် တပ်မဟာတွေကို အာရုံစိုက်ပေမယ့် အထူးတပ်ရင်းတွေကိုကျတော့ အာရုံမစိုက်တော့ အထူးတပ်ရင်းကို ဗိုလ်ချုပ်မြတပ် ဆိုပြီး ဘေးဖယ်သလို ဖြစ်နေတယ်။ တခါ အထူးတပ်ရင်းကလည်း ဗိုလ်ချုပ်မြက သူ့သားတွေကိုပဲ ဦးဆောင်ခိုင်းထားတယ်။ မိသားစုကနေ ပျိုးထောင် ထားတဲ့ တပ်လိုဖြစ်နေတော့ တချို့က သိပ် အမြင် မကြည်ကြဘူး။ နောက်တခါ မာနယ်ပလောတို့ တခြား တပ်ရင်းတွေ ကျတုန်းက ပြေးခဲ့တဲ့ တပ်သားတချို့ကို ဗိုလ်ချုပ်မြက ပြန်ခေါ်သုံးထားတာမျိုးလည်း ရှိတယ်။

အဝေးတပ်ရယ်၊ ဗဟိုတပ်ရယ် ဆိုတဲ့ ဇာတ်လမ်းက ရှိနေတော့ အရေးယူရမလား၊ လိုက်လျောရမလား ဘာမှန်းကို မသိဘဲ ဖြစ်နေတယ်။ အဲလိုမျိုး တခြား တပ်ရင်းတွေကပါ လုပ်မယ် ဆိုရင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ ပဲ့ ပဲ့ ပြီး ထွက်သွားဖို့က များနေတယ်။ DKBA တုန်းကတော့ ပုံစံတမျိုးနဲ့ ဖြစ်ခဲ့တာပဲ။ ဗိုလ်ထိန်မောင် ဖြစ်တော့လည်း ပုံစံတမျိုးပဲ။ ကျနော်တို့ဆီမှာ အကွဲကွဲ အပြားပြား ဖြစ်နေတယ်။

မေး။ ။ KNU မှာ စစ်တပ် အင်အားက ဘယ်လောက် ရှိသလဲ။

ဖြေ။ ။ ၃ဝဝဝ ထက် မပိုဘူး။ တပ်မဟာ ၅ ကတော့ အများဆုံးပဲ။ မြိတ်၊ ထားဝယ်ဘက်မှာလည်း လူရှိရင်တောင် လှုပ်ရှားမှုက တော်တော်နည်းတယ်။ တပ်ရင်းအရ ပြောမယ်ဆိုရင်တော့ တပ်ရင်း ၉၊ ၁ဝ၊ ၁၁ ရှိတယ်။ စာရင်းအရတော့ များတယ်။ ဒါပေမယ့် တကယ့်လူဦးရေက မပြောနိုင်ဘူး။

မေး။ ။ KNUက အင်အား အတော်နည်းနေတော့ နအဖက မဖြိုနိုင်ဘူးလား။

ဖြေ။ ။ ကျနော့်အထင်တော့ မွေးထားတယ်လို့ ထင်တယ်ဗျ။ ဒီကောင်တွေရှိနေတယ်၊ တိုင်းပြည်ကို ကမောက်ကမ လုပ်နေတဲ့ ကောင်တွေ ဆိုပြီး ပြစားလို့ ရတာပေါ့။ တဘက်ကလည်း ကျနော်တို့ လူတွေဘက်ကလည်း စိတ်ဓာတ်တော့ မကျဘူးဗျ။ ကျနော်တို့က ပြောက်ကျားပစ်တယ်၊ ဗုံးထောင်တယ်။ ကျနော်တို့လည်း ဒါပဲ တတ်နိုင်တာကိုးဗျ။

မေး။ ။ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့နဲ့ မယူတဲ့အဖွဲ့ နိုင်ငံရေးအရ ဘာကွာမလဲ။

ဖြေ။ ။ အမှန်ကတော့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေ အနေနဲ့ကတော့ နိုင်ငံရေးအရ မျှော်လင့်ချက်လေး နည်းနည်း ရှိသေးတယ်ပေါ့ဗျာ။ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့၊ နိုင်ငံတကာရဲ့ ဖိအားနဲ့ ပေါင်းပြီး အပြောင်းအလဲကို မျှော်နေတယ်ဗျ။

ငြိမ်းချမ်းရေး အဖွဲ့တွေကျတော့ တချို့က ကျေနပ်လို့တော့ မဟုတ်ဘူး။ အဲဒီလို ငြိမ်းချမ်းရေး ယူလိုက်တဲ့ အခါကျတော့ သူတို့နယ်မြေထဲမှာ သတ်တာတွေ အများကြီးလျော့သွားတယ်၊ နည်းနည်းလျော့တာ မဟုတ်ဘူးနော် .. အများကြီး လျော့သွားတာ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေတော့ ရှိကောင်းရှိမယ်၊ ဒါပေမယ့် သတ်တာကတော့ လျော့သွားတယ်။ နောက်တခု အားသာချက်က လူတွေနဲ့ အနီးစပ်ဆုံး ထိတွေ့ခွင့် ပိုရှိတယ်။ အဲဒါကတော့ အရမ်းကို အကျိုးရှိတယ်ဗျ။ သူ့လူထုကို သူတို့ရဲ့ သဘောတရားကို ပြောပြလို့ရတယ်။

ဒီက လက်နက်ကိုင် အဖွဲ့တွေကျတော့ ဟိုဘက်က ထိုးခွဲလိုက်တဲ့အခါမှာ သွားလည်း မရှင်းနိုင်၊ မီဒီယာမှာ ရှင်းပြန်တော့လည်း သတင်းထုတ်ပြန်ချက် ဆိုတာနဲ့ပဲ ပြီးသွားရော။ ကျနော်တို့ လူတွေကို ရွာတွေမှာ ခေါ်စုပြီး စကားပြောနိုင်တာမျိုး မလုပ်နိုင်တော့ဘူး။ နေရာတိုင်းမှာ နအဖရဲ့ စခန်းတွေ တပ်တွေက ရှိနေတယ်။ ဒီတော့ ရွာတွေကလည်း မင်းတို့ ဘာလိုချင်လဲပြော လုပ်ပေးမယ်၊ ခေါ်ပြီး လူစုတာမျိုးတော့ မလုပ်ပေး နိုင်တော့ဘူး ဆိုတာမျိုး ဖြစ်လာတယ်။ အရင်က ဆိုရင်တော့ ခေါ်စုပြီး ရှင်းလင်းပွဲလေး ဘာလေး လုပ်နိုင်သေးတယ်။

မေး။ ။ ပြန်ဝင်သွားတဲ့ ငြိမ်းချမ်းရေး အဖွဲ့တချို့ ဆိုရင် နိုင်ငံရေး ရည်ရွယ်ချက်တွေလည်း ရှိနေတာပဲ။ KNU ကရော ဘာလို့ ငြိမ်းချမ်းရေး ကိစ္စကို မစဉ်းစားတာလဲ။

ဖြေ။ ။ ကျနော်တို့ နောက်ဆုံး သွားတွေ့တုန်းကဆိုရင် ဗိုလ်ချုပ်ခင်ညွှန့်ရှိတုန်းက ကျနော်တို့ရဲ့ အခြေခံ လိုအပ်ချက် တွေကို ဆွေးနွေးလို့ ရသေးတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ခင်ညွန့် ပြုတ်သွားပြီး နောက်လူတွေကျတော့ အဲလို ဆွေးနွေးလို့ မရတော့ဘူး။ ပြန်လာနေရင်နေ၊ မပျော်ရင်ပြန် ဆိုတာမျိုးပဲ သူတို့ဘက်က ပြောတယ်။

နောက်တခါ အဖွဲ့ငယ်လေးတွေကို ခွဲပြီး ခေါ်နိုင်ပြီ ဆိုတာမျိုး ဖြစ်နေတယ်။ ကျနော် ရန်သူဆိုလည်း ဒီတိုင်းလုပ်မှာပဲလေ။ ခွဲနိုင်သမျှ ခွဲထုတ်မယ်၊ အဆောက်အအုံကြီးကိုတော့ ဒီတိုင်း ထားမယ်။ ကျနော်တို့ မပြန်နိုင်ဘူး ဆိုတာကလည်း နိုင်ငံရေး အရ ယုံကြည်ချက်တွေ ရှိကြတယ်။ ညီလာခံကလည်း ဆုံးဖြတ်ထားတာ ရှိတော့ ခေါင်းဆောင်ပိုင်းက ဆုံးဖြတ် ထားတာကို အောက်ခြေက ဖောက်ပြီး မလုပ်နိုင်တာ ရှိတယ်။ တချို့အောက်ခြေကတော့ ပြန်ချင်တဲ့ စိတ်မျိုး ရှိကောင်းရှိမယ်။

နောက်တခုက ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ ဆုံးဖြတ်ချက် ချထားတာ ဖဒိုမန်းရှာ ရှိကတည်းကပဲ။ အဲဒါက ကျနော်တို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြန်နေဖို့။ ကျနော်တို့ကို ကျနော်တို့ တပ်တွေနဲ့ လူထုက လေးစားမှုရှိဖို့။ အနည်းဆုံးတော့ ဆုံးဖြတ်ချက် ချနိုင်တဲ့ သူတွေ ကရင်ပြည်နယ်ဘက်ကို ပြန်နေကြဖို့ပဲ။ ဒါပေမယ့် ဖဒိုမန်းရှာသာ ဆုံးသွားရော အဲဒီ အစီအစဉ်က ဖြစ်မလာဘူး။

ခုဟာက ဗဟိုက မဲဆောက်ဆိုတော့ လူက အထင်သေးတာပေါ့။ ကရင်ပြည်နယ်မှာ ရွာသားတွေက KNU ခေါင်းဆောင်ကို တခါမှ မတွေ့ဖူးဘူး။ ပြက္ခဒိန် ရောက်လာမှ မြင်ဖူးကြတာမျိုး ဖြစ်နေတာ။ တကယ်ဖြစ်သင့်တာက ညီလာခံက ဆုံးဖြတ် ပြီးရင် ဟိုဘက်ကမ်း ပြန်ကြပေါ့၊ တပ်တွေဆီလည်း ကိုယ်သွားနိုင်သလောက် သွားပြီး အားပေးပေါ့ ..။ တပ်နဲ့ တူတူနေတဲ့ ဒုက္ခသည်တွေကို တွေ့သင့်တာပေါ့။ ဒါပေမယ့် ကျနော်တို့ကအစ ဒီဘက်ကမ်း (ထိုင်းနိုင်ငံဘက်အခြမ်း)ကနေ လုပ်နေကြတယ်။ အဲဒီတော့ အထဲက တကယ်လုပ်နေတဲ့ တပ်မှူးတွေကလည်း ကျနော်တို့ကို အားကျတာပေါ့။ အဲဒီတော့ ဒီဘက်ကို လာနေချင်ကြကော။ ဟိုထဲမှာ မလွှဲသာမရှောင်သာလို့ နေနေရတဲ့သူတွေက ဒီလူတွေကို ကြည့်ပြီး စိတ်ဓာတ်ကျတာပေါ့ဗျာ။

မေး။ ။ ကျန်တဲ့ ငြိမ်းချမ်းရေး တပ်တွေကကော လက်နက်ပြန်ကိုင်ပြီး တိုက်မယ်လို့ ထင်သလား။

ဖြေ။ ။ ရိုးရိုး ပြောရရင်တော့ ဒီလူတွေ စစ်ပြန်တိုက်ကြဖို့ မရှိဘူးဗျ။ သူတို့ လူထုနည်းအရ၊ နိုင်ငံရေး အရပဲ ဆန့်ကျင်နိုင်မယ်။ ဝ ဒေသဆိုရင်လည်း စစ်ရေးအရ တရုတ်ကသာ ပံ့ပိုးပေးနေမယ်ဆိုရင် .. ပံ့လည်း ပံ့ပိုး ပေးနေတာပဲ ဆိုတော့ နအဖက သွား တိုက်ဖို့ တော်တော် စဉ်းစားရမယ်။ ဝ ကိုက တရုတ်က တော်တော်လေး ချုပ်ကိုင်ထားနိုင်တယ်၊ ဝ ရဲ့ ထွက်ပေါက်ကလည်း တရုတ်ပဲကိုး။ ကချင် ဆိုရင်ကော အရင်က တော၊ ခြုံဆိုတဲ့ နေရာတွေ ခု လူနေအိမ်ခြေ တိုက်တာနဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ဆိုတော့ စစ်ပြန်ဖြစ်ဖို့ ဘယ်သူမှ စဉ်းစားမှာ မဟုတ်တော့ဘူး။

သူတို့ထဲမှာ စစ်သားဦးရေက နည်းတာ မဟုတ်ဘူး။ ဒါက စစ်မတိုက်ရလို့ကိုး။ စစ်တိုက်ရရင် ဘယ်သူမှ စစ်ထဲ လိုက်မှာ မဟုတ်တော့ဘူးလေ။

မေး။ ။ KNU နဲ့ လက်ရှိ ဒီမိုကရေစီအင်အားစုတွေ၊ တပ်ပေါင်းစုတွေအပေါ် အမြင် ပြောပြပါဦး။

ဖြေ။ ။ ခုအချိန်မှာတော့ တပ်ပေါင်းစုတွေမှာတော့ KNU ကို ဗန်းပြအနေနဲ့ နေရာပေးထားတာတော့ ရှိတယ်။ NCUB တပ်ပေါင်းစုအဖွဲ့က စင်ပြိုင်အစိုးရ ဖွဲ့မယ် ဆိုတာမျိုး ဖြစ်လာတယ်။ KNU ကလည်း ရန်သူကို တိုက်မယ် ဆိုရင် ကြိုက်တာပဲ၊ ဘယ်လိုပဲ တိုက်တိုက်လေ။

ဒါပေမယ့် နောက်ဆက်တွဲ ပြဿနာတွေကို မစဉ်းစားတဲ့ အပိုင်းတွေ ရှိတာလည်း တွေ့လာရတယ်။ အဲလို ပုံစံဆိုတော့ အထဲမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာတယ်ပေါ့။ ငြိမ်းချမ်းရေး အဖွဲ့တွေကော ပါနိုင်မလား။ မလွယ်ဘူး။ သူတို့ သွားချင်တဲ့ ပုံစံက တမျိုးပဲ။ အိပ်မက်ကြီးလို ဖြစ်နေတယ်။ လက်ရှိ သူတို့ ရှိတဲ့ အခွင့်အရေးကို လွှတ်ပြီး ကျနော်တို့ ပေးတဲ့ လေထဲက အခွင့်အရေးကို ယူမလားဗျ။

မေး။ ။ လုပ်ကြံခံရတဲ့ KNU ခေါင်းဆောင် ဖဒိုမန်းရှာက ရန်သူ တော်တော်များခဲ့လား။

ဖြေ။ ။ KNU တခုလုံးရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ အထွေထွေ အတွင်းရေးမှူး ဆိုတော့ သူက မူပေါ်မှာ ရပ်တည်ပြီး အကောင်အထည်ဖော် ပြောဆိုတဲ့အခါမှာ သူ့ကို မကြိုက်တာမျိုးတွေ ရှိကောင်း ရှိနိုင်မယ်။ သူ့ကို မသတ်ခင်မှာ DKBAတို့၊ နအဖတို့က ဖြန့်တဲ့စာတွေ တွေ့ကြမှာပါ။ ကားဗုံးခွဲတဲ့နေရာမှာ အပြစ်မဲ့ပြည်သူတွေ သေတာ မန်းရှာလက်ရာ၊ ကိုကြည်လင်း (စစ်အစိုးရနှင့်သွားရောက်ဆွေးနွေးသူ KNU ဒု ဗိုလ်မှူးကြီး) သေတာ မန်းရှာလက်ရာ အဲလိုတွေ မြှောက်ပေးတော့၊ စွပ်စွဲတော့ သူက ပိုကြီးထွားလာရော။ အဲဒီမှာ ထိုင်းဘက်က လမ်းဖောက်ဖို့တို့၊ ရေလှောင်တမန် ကိစ္စတို့မှာ သူက မူအရ ငြင်းရတော့ တချို့က မန်းရှာနဲ့ စကားပြောရတာ ခက်တယ် ဆိုတာမျိုးတွေ ဖြစ်လာတာပေါ့။ ကျနော့်အထင် သူ့မှာ ရန်သူ များတယ်လို့ ပြောရလောက်အောင်တော့ မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ အဖွဲ့အစည်းတခုလုံးရဲ့ဒဏ်ကို ခံလိုက်ရတာပါ။

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ဘာဖြစ်လာမယ်လို့ ထင်သလဲ။

ဖြေ။ ။ စစ်တပ်ကို သုံးပြီး အပစ်ရပ် အဖွဲ့တွေကို လက်နက် လုံးဝ ဖြုတ်ခိုင်းမလား .. ဒါမှမဟုတ် အပစ်မရပ်သေးတဲ့ အဖွဲ့တွေကို အပြတ် ချခိုင်းမလား၊ ဒါကတော့ နောက်တက်မယ့် အစိုးရပေါ်မှာ မူတည်တာ။

ကျနော်တို့ကတော့ ဒီတိုင်း ဆက်နေသွားမယ် ဆိုတာ ရှင်းပေမယ့် နောက်တက်မယ့် အစိုးရ ဘာလုပ်မယ်ဆိုတာ ခုထိမရှင်းဘူး။ ၂ဝ၁ဝ ပြီးသွားလို့ ရှေ့လျှောက်မှာ နအဖလည်း အခက်အခဲ ပိုများလာမယ်။ ကျနော်တို့ကတော့ ဒီထက် ပိုခက်စရာ အကြောင်း မရှိတော့ဘူးလို့ ထင်တယ်။ ကျနော်တို့အတွက်က အခုကာလက တကယ့်အကြပ်အတည်း ဆုံးပဲ။ ဘဏ္ဍာငွေအားဖြင့် အခက်အခဲရှိတယ်၊ လူစုရတာလည်း အခက်အခဲရှိတယ်။ အခက်အခဲက မျိုးစုံတယ်။

မေး။ ။ KNU ရဲ့ တပ်တွေကို ထောက်ပံ့ဖို့ မလွယ်တော့ဘူး ဆိုတဲ့ သဘောလား။

ဖြေ။ ။ အဲဒါပေါ့ .. ခုလောလောဆယ် ကျနော်တို့ လူထုကလည်း အကုန်လုံး ဒုက္ခသည်ဖြစ်ကုန်ပြီ .. အရင်ကလို ကျနော်တို့ ဝန်ကို မထမ်းနိုင်တော့ဘူး။ ရုန်းကန်တဲ့နေရာမှာ မိသားစုတွေက ကိုယ့်ဘာသာ စားနိုင်ပေမယ့် တပ်တွေအနေနဲ့ က အနည်းအကျဉ်းတော့ လိုတယ်။ အဲဒီအတွက် နိုင်ငံတကာမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေက ဝိုင်းဝန်း ပံ့ပိုးတာလောက်တော့ ရှိပါတယ်။

လက်နက်ဆိုရင်လည်း ရှိရင်တောင် ဝယ်ဖို့ အတော်ခက်ခဲနေပြီ။ ကျနော်တို့ကို ထိုင်းက လက်နက် စ ဖြတ်တောက်တာ ဆိုရင် ၁၉၉ဝ လောက်က စတာပဲ။ အစောပိုင်းက ကျန်နေတာတွေ ရှိနေလို့သာ ခုနောက်ပိုင်း တော်တော်လေးခံသာတာ။

မေး။ ။ ဖိအားတွေ များနေတယ်၊ ပြဿနာ ပေါင်းစုံရှိတယ်၊ KNU ထဲက နောက်ထပ် ခွဲထွက်နိုင်မယ့်သူတွေကလည်း ရှိနေတယ် ဆိုတော့ KNUရဲ့ နိုင်ငံရေး ရပ်တည်ချက် ပြောင်းသွားနိုင်လား။

ဖြေ။ ။ ပြောင်းသွားနိုင်တယ်ဗျ။ အဲဒါတွေ ပြန်ထိန်းတဲ့အနေနဲ့ ပေါ်လစီ ပြောင်းနိုင်တယ်။ ပြောင်းမယ့် ပေါ်လစီကလည်း ပြန်မယ့်သူပြန်၊ နေမယ့်သူနေ .. ဒါပေမယ့် ရန်မဖြစ်နဲ့ ဆိုတာမျိုးဖြစ်နိုင်တယ်။ သဘောက DKBA ပြန်တယ်။ ရန်ဖြစ်တယ်။ ထိန်မောင် ပြန်တယ် ရန်ဖြစ်တယ်ဆိုတာရှိတယ်လေ .. အဲဒါက ပေါ်လစီ မကျဘဲ ပြန်ကြတာကိုး။

နောက်တခုရှိတာကတော့ ပြန်ရင်တောင် အရင်ကလို အစုလိုက် အဖွဲ့လိုက် ပြန်တာမျိုး မဖြစ်နိုင်တော့ဘူး၊ နယ်မြေတွေကလည်း ကွဲပြားကုန်ပြီကိုး။ ဒီတော့ ပြန်ရင်လည်း နီးစပ်တဲ့အဖွဲ့လေးတွေ ပြန်ကြလိမ့်မယ်။ ဒါကလည်း ထိုင်းရဲ့ ပေါ်လစီပေါ်မှာ မူတည်တယ်။ အရင်ကတော့ ထိုင်းက တစုံလုံး အစုနဲ့ အဖွဲ့နဲ့ ပြန်တာမျိုး လုပ်စေချင် တယ်။ တစစီပြန်ရင် သူတို့ မထိန်းနိုင်ဘူးလေ။ ခုတော့ သူတို့လည်း တစုံလုံးပြန် ဆိုတာမျိုး မလုပ်နိုင်တော့ဘူး။ တစစီ ပြန်ချင်လည်း ပြန်။ ပြန်ဖို့ပဲ လိုရင်း ဆိုတာမျိုး ဖြစ်နေပြီ။

မေး။ ။ အထဲပြန်ဝင်ရေး၊ မဝင်ရေးနဲ့ ပတ်သက်ပြီး ဦးဒေးဗစ်ထောရဲ့ သုံးသပ်ချက် ပြောပြပေးပါ။

ဖြေ။ ။ တင်းခံတယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်မှာ တင်းခံနိုင်လောက်တဲ့ အနေအထားတော့ ရှိဖို့ လိုတယ်။ ဟိုအရင်ကတော့ ဖြစ်နိုင်တယ်၊ (စစ်အစိုးရနဲ့) မတွေ့လည်း ရတယ်။ အခု အခြေအနေမှာ တွေ့ချင်ပါတယ် ဆိုရင်တောင် တွေ့ဖို့လွယ်တဲ့ အနေအထား မဟုတ်ဘူး။

မေး။ ။ တကယ်လို့ KNU က အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ယူခဲ့မယ် ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ဖို့ စိတ်ကူးထားသလား။

ဖြေ။ ။ မဟုတ်ဘူးဗျ။ ၂ဝ၁ဝ ကတော့ ဝင်လည်း မထူးဘူး။ လူထုစည်းရုံးမှုတွေ အများကြီး ပြန်လုပ်ရဦးမယ်။ ဒီတော့ အရှိကို အရှိအတိုင်း ပြောရရင် KNU အနေနဲ့ မဲပုံး ထောင်လို့ကို မရသေးဘူး။ နိုင်ငံရေး ပြန်လုပ်ချင်ရင် အများကြီးကို ပြန်လုပ်၊ ပြန်တည်ဆောက်ရဦးမယ်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates