စစ်အစိုးရ၏ပွင့်လင်းရာသီထိုးစစ်ကရင်ပြည်နယ်အတွင်းစတင်
ဒီဇင်ဘာ ၃ ၊ ၂၀၀၇

မြန်မာစစ်အစိုးးရက ပွင့်လင်းရာသီတွင် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ကို ထိုးစစ်ဆင်ရန် အတွက် ကရင်ပြည်နယ်အတွင်း တပ်များတိုးချဲ့ပို့ဆောင်နေကြောင်းသိရသည်။ ကရင်ပြည်နယ် တောင်ပိုင်း နှင့်မြောက်ပိုင်းသို့ အင်အား ၂၀၀၀၀ ခန့်ရှိ အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ ခြေလျင်တပ်မ ၁၀ခုခန့်ကို နိုဝင်ဘာလအတွင်း တိုးချဲ့ချထားခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သူများ ၏ ပြောကြားချက်အရ သိရသည်။စကခ အမှတ် ၄က ကရင်ပြည်နယ်မြောက်ပိုင်း ပဲခူးတိုင်း ကျောက်ကြီးမြို့ နယ်နှင့် ဖာပွန်ခရိုင် အပါအ၀င် မွန်ပြည်နယ်အတွင်းသို့တပ်များကိုတိုးချဲ့ချထားပြီး ကရင်ပြည်နယ်တောင်ပိုင်း ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ် မြို့နယ်များသို့လည်း တပ်မ ၈၈ မှ အင်အား ၁၅၀၀ ခန့်ကို ပို့ဆောင်ထားသည်ဟု အထက်ပါ စစ်တပ်နှင့် နီးစပ်သူ များက ဆိုသည်။

ကရင်ပြည်နယ်မြောက်ပိုင်း ပဲခူးတိုင်း မုန်းမြို့နယ်သို့ နိုဝင်ဘာ ၂၀ ရက်တွင် စစ်အစိုးရက ခြေလျင်တပ်မ ၃၃ မှ စစ်သား ၃၀၀၀ ခန့်ကို ပို့ဆောင်ရာတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(ဒီကေဘီအေ) တပ်သား ၂၀ခန့် နှင့် အရပ်သား ပေါ်တာ အထမ်းသမား ၁၀၀ ခန့်ပါဝင်ကြောင်း ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် များကို ဆေးဝါး ကုသမှု အကူအညီပေးနေသည့် Free Burma Rangers (FBR) အဖွဲ့ကပြောသည်။

နိုဝင်ဘာ နောက်ဆုံး အပတ်ကစပြီး စစ်အစိုးရ စစ်သားတွေ မုန်းမြို့နယ်ထဲကို ၀င်လာတယ်၊ ဒေသခံ ရွာသား တွေက ထမင်းစားပြီးတာနဲ့ အိုးခွက် ပန်းကန်တွေသိမ်းပြီး ပြေးကြပုန်းကြဖို့ အဆင်သင့်ပြင်ထား ရတယ်ဟု ကရင် ဒုက္ခသည်ကော်မတီ အဖွဲ့ဝင် တဦးဖြစ်သူ စောစတိဗ် က ဧရာဝတီသို့ပြောသည်။

ကရင်အမျိုးသား အစည်းအရုးံ(ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာကလည်း စစ်အစိုးရက စစ်ဆင်ရေး နယ်မြေခွဲခြားသတ်မှတ် ပြင်ဆင်ပြီးလုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ပြောသည်။

နအဖ ရဲ့ စစ်ဆင်ရေးက အထူးသဖြင့် ကေအန်ယူကို ထိုးစစ်ဆင်ဖို့ ရည်ရွယ်တာလို့ ကျနော်တို့ကြားထားပါ တယ်၊ ကေအန်ယူနဲ့ နအဖ တိုက်ပွဲ အသေးတွေကတော့ နေ့တိုင်းရှိနေတယ်၊ တနင်္သာရီတိုင်း၊ တောင်ငူခရိုင်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူကား လမ်းရဲ့မြောက်ဘက်၊ ကော့ကရိတ်၊ မြ၀တီ၊ ဘားအံ ၊ ဖာပွန် ၊ သထုံ၊ အဲဒီဒေသတိုင်းမှာကို ဖြစ်နေတယ်ဟု ၎င်းက ပြောသည်။

မိုးရာသီအတွင်းမှာပင် နအဖ တပ်ရင်း ၁၅၀ ခန့်ကို တနင်္သာရီတိုင်းမှ တောင်ငူခရိုင်အထိ ကေအန်ယူ နယ်မြေများ တွင် ထပ်မံဖြည့်စွက်ထားကြောင်း၊ ထို့အပြင် နအဖ စစ်သားများက ဒေသခံရွာသားများ ၏တောင်ယာစပါး စိုက်ခင်းများကိုဖျက်ဆီးပြီး ယင်းရွာသားများကို ကရင်ပြည်နယ် နှင့်ကရင်နီဒေသသို့ဆက်သွယ်သော လမ်းသစ်ဖောက်လုပ် သည့်နေရာတွင် အဓမ္မလုပ်အားပေး ခိုင်းစေမှုများ ပြုလုပ်ကြောင်း လည်း ဖဒိုမန်းရှာကပြောဆိုသည်။

နိုဝင်ဘာ ၁၅ ရက်က နအဖ ခြေလျင်တပ်မ ၁၁က ကရင်ပြည်နယ် မြောက်ပိုင်းရှိရွာများကို စတင်တိုက် ခိုက်ရာတွင် တာဟိုးအောင်နှင့် လာဝ ရွာသား အနည်းဆုံး ကလေးငယ် ၁၀၀ ခန့်ပါဝင်သော ရွာသား ၃၀၀ ခန့်ထွက်ပြေး ကြရသည်ဟု FBR ၏ ထုတ်ပြန်ချက်အရ သိရသည်။ နအဖ ခြေလျင်တပ်ရင်း (ခလရ) ၂၁၈ နှင့် ၂၁၉ တို့၏ တိုက်ခိုက်မှု ကြောင့် ရွာသား ၂ ဦးသေဆုံးခဲ့သည်ဟုလည်း ယင်းထုတ်ပြန်ချက် က ဆိုသည်။

မွန်ပြည်သစ်ပါတီ၏ ပြောကြားချက်အရ ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်တွင် မွန်ပြည်နယ်တောင်ပိုင်း ဘုရားသုံးဆူ တောင်ကြား နယ်စပ်ဒေသသို့ စကခ () နှင့် ၁၉ မှ တပ်များ ရောက်ရှိလာကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ နယ်မြေအနီးတွင် နအဖက တပ်အင်အားများ ထပ်မံဖြည့်တင်းထားကြောင်းနှင့် ကေအန်ယူကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးတာဝန်ခံ နိုင်အောင်မငေး က ပြော သည်။

ထို့အပြင် နအဖ စစ်တပ်က တိုက်ခိုက်လာမည်ကို မွန်ပြည်သစ်ပါတီအနေနှင့်လည်း ပြင်ဆင်မှုများ ပြုလုပ်နေရ ကြောင်းလည်း ၎င်းက ပြောဆိုသည်။

တဘက်မှာ တွေ့ဆုံဆွေးနွေးရေးအတွက် ဆိုပြီး အခုလို တိုင်းရင်းသားဒေသတွေမှာ တပ်တွေတိုးချဲ့ချနေ တာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး၊ တွေ့ဆုံဆွေးနွေးရေးကို ပျက်ပြားစေတဲ့ အဟန့်အတားဖြစ်စေ တဲ့ပုံစံ ဖြစ်ပါတယ်၊ ဒါကြောင့် တပ်တွေ ပြန်ရုတ် သိမ်းရင်ကောင်းမယ်လို့ ထင်ပါတယ်ဟု နိုင်အောင်မငေး က ပြော သည်။

ဘုရားသုံးဆူဒေသကို နအဖ တပ်များ တိုးချဲ့ချထားနေမှုအား စိုးရိမ်မှုများရှိနေပြီး မကြာသေးခင်က ဘုရားသုံးဆူ နှင့် သံဖြူဇရပ်လမ်းကို နအဖတပ်များက ထိုးစစ်အတွက် အသုံးပြုနိုင်သည်ဟူသော ယူဆချက် ဖြင့် ကေအန်ယူ က ပိတ်ထားကြောင်း သိရသည်။

နိုဝင်ဘာ ၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်အတွင်း နအဖတပ် ခလရ ၅၇၇ နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း တို့အကြား၂ နာရီကြာတိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ယင်းတိုက်ပွဲတွင် နအဖတပ်သား ၄ ဦး ကျဆုံး၍ ၄ ဦး ဒဏ်ရာ ရရှိပြီး ၎င်းတို့ဘက်မှ ဒဏ်ရာရ အသေအပျောက် မရှိကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း ပြောခွင့်ရ စိုင်းလောင်ဆိုင်က ပြောသည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)နှင့် နအဖ တပ်များအကြားတွင်လည်း တင်းမာလျက်ရှိပြီး ၂ ဘက်စလုံးက တပ်အင်အားများ တိုးမြှင့်နေကြကြောင်း၊ နအဖ တပ်များက ကေအိုင်အို စီးပွားရေးလုပ်ငန်း များကို နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်အစိုးရ စစ်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် ကရင်ပြည် နယ် မြောက်ပိုင်းရှိ ကရင်ရွာသား ၃၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ၃၇၀ခန့် သတ်ဖြတ်ခံခဲ့ရ ကာ လူ ၅၀၀၀ ကျော် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာကြောင်း သိရှိရသည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates