မြန်မာ့မုန်တိုင်း ကမ္ဘာ့သတင်းဌာနများက အလေးပေးဖော်ပြ
အင်္ဂလန်အခြေစိုက် တယ်လီဂရပ်၊ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်၊ အိန္ဒိယထုတ် The Hindu, The Statesman, The Pioneer နှင့် အယ်ဂျာဇီးရား အစရှိသည့် ကမ္ဘာ့ထိပ်တန်းဝင် သတင်းစာများနှင့် ရုပ်သံလွှင့်ဌာနများက အထူးသတင်း စာမျက်နှာနှင့် အခန်းကဏ္ဍများတွင် ယခုလို အရေးထား ဖော်ပြနေခြင်း ဖြစ်သည်။
ယနေ့ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာ ခေါင်းကြီးပိုင်းတွင်မူ ရန်ကုန်မြို့ကြီး အကြီးအကျယ် ထိခိုက် ပျက်စီးခြင်း "Rangoon Devastated" ဟု ခေါင်းစဉ်တပ်ဖော်ပြကာ မုန်တိုင်းကြောင့် လူ ၃၅ဝ ကျော် သေဆုံးပြီး၊ ထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့်အပြင် လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုများ တွေ့ကြုံနေရကြောင်း နအဖ စစ်အစိုးရ ကြေညာချက်ကို ကိုးကား ဖော်ပြထားသည်။
တယ်လီဂရပ်က ရန်ကုန်ရှိ သံတမန်တဦးက ရိုက်တာ သတင်းဌာနကို ရန်ကုန်မြို့ မုန်တိုင်း ထိခိုက်မှုအကြောင်း အီးမေးဖြင့် ရေးသားပေးပို့ချက်ကို ထည့်သွင်း ဖော်ပြသည်။ သစ်ပင်များ လမ်းမပေါ် လဲကျခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများ ရပ်တန့်သွားခြင်း၊ ဆေးရုံများပါ ထိခိုက်ပျက်စီးခြင်း၊ သောက်ရေသန့်များ ပြတ်လပ်ခြင်းတို့ကြောင့် လူဦးရေ ၅သန်း နေထိုင်သည့် ရန်ကုန်မြို့ကြီးအား စစ်ပွဲဇုံ တစပြင် မြင်ကွင်းနှင့် နှိုင်းယှဉ်ရေးသား ဖော်ပြထား သည်။
အေပီ၊ စီအန်အန်နှင့် အယ်ဂျာဇီးရာကမူ နာဂစ် မုန်တိုင်း မွှေနောက်နေစဉ် ရိုက်ကူးခဲ့သည့် ဗွီဒီယို မှတ်တမ်းများ ကို နိုင်ငံတကာ ပရိတ်သတ်များ ကြည့်ရှုနိုင်ရန် အင်တာနက် အွန်လိုင်း စာမျက်နှာများတွင် တင်ထားသည်။
ထို့အပြင် မုန်တိုင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်ခြင်းကို ပြန်လည်ပြုပြင်ရန် ရက်သတ္တပတ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း ရန်ကုန် သံတမန်ရပ်ကွက် ပြေဆိုချက်ကို ဆက်လက်၍ ဖော်ပြထားသည်။
အေပီသတင်းဌာနမှ ရိုက်ကူးထားသော ၅၃ စက္ကန့်ခန့် ကြာမြင့်သည့် ဗွီဒီယို မှတ်တမ်းတို တခု၌ စနေနေ့နံနက် တွင် အင်အားပြင်းထန်သည့် နာဂစ်မုန်တိုင်း ကျရောက်နေချိန်တွင် ကောင်းကင်တခွင် မဲမှောင်နေကာ ရန်ကုန်မြို့ရှိ လူနေအိမ်ခြေနှင့် အဆောက်အဦခေါင်မိုးများ လန်ကျနေပုံ၊ ဓာတ်ကြိုးများ တွဲလဲကျနေပုံ၊ မိုးလေထဲ တွင် မိခင်တဦးက လသားအရွယ် ကလေးငယ်ကို ပွေ့ချီကာ ပြေးလွားနေပုံတို့ကို ရိုက်ကူးပြသထား သည်။
0 comments:
Post a Comment