ကြားဖြတ်သတင်း မေလ ၃ ရက်

မဇ္ဈိမသတင်းဌာန

မှန်တွေကွဲ၊ မီးတွေပျက်ဆဲ

လှည်းတန်းလမ်းဆုံအနီး နေသူတဦးက "တိုက်ခန်းတွေက မှန်တွေ ကွဲကုန်တယ်။ မီးကလည်း ပျက်နေတုံးပဲ။ လေတိုက်နှုန်းကလည်း ပြင်းဆဲပဲ၊ စည်ပင်လည်း လာမရှင်းသေးဘူး၊ မိုးကတော့ နည်းသွားတယ်" ဟု ပြောသည်။ ဖုန်းအများအပြားကတော့ ပြတ်တောက်ဆဲ ဖြစ်သည်။

သောကြာနေ့က ဒလဘက် ကူးတို့ဆိပ်ကို ဖြတ်ကူးသော လှေမှောက်၍ အမျိုးသမီး ၃ ဦး ရေနစ် သေဆုံးသွားပြီးနောက် ဒလဘက် ကူးတို့ ကူးခြင်းများ ညနေ ၆ နာရီကတည်းက တားမြစ်လိုက်သည်။ ပုံမှန်အားဖြင့် ည ၁၀ နာရီ ကူးတို့ ကူးခွင့် ရှိသည်။

ဘားအံမှာလည်း မိုးကြီး

မုန်တိုင်းကြောင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ နံနက်မှစ၍ မိုးများ သည်းထန်နေပြီး လေတိုက်နှုန်း ပြင်းထန်နေသည်ဟု သိရသည်။ "လမ်းပေါ်တောင် လူမထွက်ရဲဘူး" ဟု ဒေသခံတဦးက ပြောသည်။

လူအသေအပျောက် ရှိနိုင်ဟု မိုးလေ၀သနှင့် ဇလဗေဒ အရာရှိ ခန့်မှန်းဟု အေပီ သတင်းရပ်က ပြော

အမည်မဖော်လိုသူ မိုးလေ၀သနှင့် ဇလဗေဒဌာန အရာရှိတဦးက အေပီသတင်းသို့ ပြောကြားရာတွင် စနေနေ့က တိုက်ခိုက်သော မုန်တိုင်းကြောင့် လူအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိနိုင်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။

ရန်ကုန်သားတဦး ပြောပြချက်

"စလောင်းတွေဆိုတာ တခုမှ အကောင်း မရှိတော့ဘူး၊ သွပ်ပြားတွေ လမ်းပေါ်မှာ ပြန့်ကြဲနေတာ" ဟု ဖုံးလိုင်း ပြန်ကောင်းလာသည့် ရန်ကုန်မြို့ခံတဦးက မဇ္ဈိမသို့ ပြောပြသည်။

"အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲ၊ သက်ရှိ သတ္တ၀ါဆိုရင် လမ်းပေါ်မှာ ခွေးတကောင် ကြောင်တမြီးမှ မရှိဘူး"

"ရေနွေးအိုးကနေ ရေငွေ့တွေ လွတ်လိုက်သလို မိုးက ဘေးတိုက် လွင့်ထွက်လာနေတာ"

"အိမ်တွေက အမိုးတွေပျက်တော့ အိမ်တံခါးကို အပြင်ကနေ သံနဲ့ရိုက်၊ သော့ခတ်ပြီး အထဲမှာ ကုတ်နေကြရတာ"

"ဒီလောက်လဲ ထင်မထားတော့ စားဖို့သောက်ဖို့ ၀ယ်ခြမ်းထားတာ မရှိဘူး။ စားရေး အခက်အခဲ ဖြစ်နေတယ်"

ရန်ကုန် မြို့လယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းမှ ဒေသခံရုံးဝန်ထမ်းတဦးက "ဆူးလေတ၀ိုက်မှာ ခေါင်မိုးတွေ လန်ကုန်တာ ရှိတယ်။" ဟု ပြောသည်။

ဆူးလေရှိ ဗဟိုမီးသတ်ဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပြောပိုင်ခွင့် မရှိလို့ မပြောရပါစေနဲ့" ဟု ပြန်လည်ဖြေကြားသည်။

ရန်ကုန်တွင် မီးပျက်၊ တယ်လီဖုံးပျက်၊ အင်တာနက်ပျက်၊ အပင်တွေလဲ၊ လျှပ်စစ်ကြိုး များ ပြတ်တောက်

ရန်ကုန်မြို့ ဟံသာဝတီ အ၀ိုင်းအနီး သစ်ပင်ကြီးများ အမြစ်ကပင် ကျွတ်ထွက် လဲကျကုန်သည်။ ကြော်ငြာ ဆိုင်းဘုတ်ကြီးများ ပျက်စီးကုန်သည်။ အခုထိ လေက အရမ်းတိုက်နေသေးတော့ ကျနော်တောင် အပြင် မထွက်ရဲဘူး၊ စည်ပင်ကလည်း မရှင်းနိုင်သေးဘူးဟု ဒေသခံတဦးက ပြောသည်။

ထိုအနီးတ၀ိုက် ဓာတ်တိုင်အချို့ ပြိုလဲကုန်ပြီး မီးကြိုးများ ပြတ်တောက်နေသည်ကို တွေ့ရသည်ဟု ပြောသည်။

အားကောင်းလှသော ဆိုင်ကလုံးမုန်တိုင်း ရန်ကုန်တွင် ကျရောက်၊ သွပ်မိုးများ လွင့်ပျံ နေ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ဒေသခံတဦးက "အမိုးပြားတွေ ကောင်းကင်မှာ ပျံဝဲနေခဲ့တာ" ဟုပြောပြီး "အခုတော့ ကောင်းကင်ကြီးက နီတောက်နေတာ" ဟု ဆက်ပြောသည်။

ည ၁၂ နာရီထိုးကတည်းက ရန်ကုန်မြို့သို့ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ကျရောက်နေရာ ယခုအချိန်အထိ အားကောင်းဆဲ ဖြစ်သည်။ ရန်ကုန်မြို့တွင် တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်နေပြီး လျှပ်စစ်မီးလည်း ပြတ်နေသည်။ ရှားရှားပါးပါး ရရှိသော သတင်းတခုအရ ဒေသခံတဦးက သူဘဝတလျောက် အကြီးမားဆုံး မုန်တိုင်းဖြစ်မည်ဟု ပြောသည်။ ထူးဆန်းလှသော ဆူညံမှုကြီး ထွက်ပေါ်နေပြီး မြို့အနှံ့အပြား သွပ်မိုးများ လွင့်ပျံထွက်နေသည်ဟု ဆိုသည်။

သို့သော် ဆက်သွယ်ရသမျှ ရန်ကုန်ဒေသခံများ၏ ဤပြောအရ ဧရာဝတီတိုင်းသည် ပျက်စီးမှု ပိုမိုများနိုင်မည်ဟု ခန့်မှန်းရပြီး လူပေါင်းများစွာ အသေအပျောက်များပင် ရှိနေသည်ဆိုသော ကောလာဟလတခု ထွက်ပေါ်လာသည်။

တယ်လီဖုံးလိုင်းများ ပြတ်တောက်နေသည့် အခက်အခဲကြောင့် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရနိုင်သေးပါ။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates