နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ ၁၀,၀၀၀ အထိရှိနိုင်ဟု စစ်အစိုးရခန့်မှန်း

05 May 2008

စနေနေ့က မြန်မာနိုင်ငံကိုတိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးရတဲ့ ပြည်သူပေါင်း ၁၀,၀၀၀ ထိရှိသွားပြီဖြစ်ပြီး လူဦးရေ သိန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတယ်လို့ သိရပါတယ်။ ဟိုင်းကြီးကျွန်း တခုထဲမှာပဲ လူ ၉၈,၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ် သွားရတယ်လို့ အစိုးရက ကြေညာပါတယ်။

ဒီနေ့ တနင်္လာနေ့ တနေ့လုံးလိုလိုမှာလည်းရန်ကုန်မှာ နေရာတိုင်းလိုလို မီးမရဘဲ ရှိနေပါတယ်။ လမ်းမတွေ ပေါ်မှာကျနေတဲ့ သစ်ပင်တွေ၊ ဓာတ်တိုင်တွေကို ထောင်နဲ့ချီတဲ့ အလုပ်သမားတွေက ရှင်းလင်းဆဲပဲဖြစ်ပါတယ်။

ဒါပေမယ့် စနေနေ့ကပိတ်ခဲ့တဲ့ ရန်ကုန်လေဆိပ်ကိုတော့ ပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။ စစ်အစိုးရက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသများ အဖြစ် တနင်္ဂနွေနေ့ကတည်းက စတင် ကြေညာထားပါတယ်။

စစ်အစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေက နှေးကွေးနေတဲ့အတွက် မြို့ခံလူထုက စိတ်ပျက်နေကြပါတယ်။ ကုလသမဂ္ဂက အကူအညီပေးဖို့ ကမ်းလှမ်းထားပြီးဖြစ်ပေမယ့် မြန်မာစစ်အစိုးရက အခုအထိနိုင်ငံတကာ အကူ အညီကို မတောင်းခံသေးဘူးလို့လည်း သိရှိရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာပြည်သူတွေ အသက်အိုးအိမ် ဆုံးရှုံးရတဲ့အတွက် သူ့အနေနဲ့ အင်မတန်မှ စိတ်မကောင်းဖြစ်မိတယ်၊ ၀မ်းနည်းမိတယ်လို့ ပြောပါတယ်။ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အခုလို သေဆုံးသွားရတဲ့ မိသားစုဝင်တွေ၊ အိုးအိမ်ပျက်စီးသွားသူတွေ၊ ဒဏ်ရာရသူတွေအတွက် ဘန်ကီမွန်းက လှိုက်လှိုက်လှဲလှဲ
ဝမ်းနည်းမိတဲ့အကြောင်း စာနာမိတဲ့သတင်းစကားကို ပါးလိုက်ပါတယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကုလသမဂ္ဂက နိုင်ငံတကာအကူအညီအားလုံး အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ညှိနှိုင်းရေးအသင်းကလည်း ပေးဖို့ အရန်သင့်ဖြစ်နေပြီလို့ ပြောကြားပါတယ်။ ဒါပေမယ့်မြန်မာနိုင်ငံရဲ့ ခွင့်ပြုချက်မရဘဲနဲ့ သူတို့အနေနဲ့ မကူညီနိုင်ဘူးလို့ ကုလသမဂ္ဂ အထောက် အကူပြုလုပ်သားတွေက ပြောပါတယ်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates