ဒေါ်စုအိမ်အနီး လုံခြုံရေး အတားအဆီးများ ပိုချထား

မဇ္ဈိမသတင်းဌာန

Thursday, 01 May 2008 18:53 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ လူထုဆန္ဒ ခံယူပွဲ ကျင်းပရန် နီးကပ်လာသည်နှင့်အမျှ ရန်ကုန် လုံခြုံရေး တိုးမြှင့်ချထားရာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီးတွင်လည်း အတားအဆီးများ ပိုများလာသည်။

အတိုက်အခံ ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကိုက် ၂ဝဝ အတွင်း ကုက္ကိုင်းလမ်းဆုံ မီးပွိုင့်အနီးတွင် ယနေ့ နံနက်မှစတင်ကာ သံဆူးကြိုး ၃ ထပ် ကာရံလိုက်ပြီး အိမ်ရှေ့ဂိတ်ဝတွင် ယခင်က လုံခြုံရေးတပ်သား ၄-၅ ဦးသာ ရှိခဲ့သော်လည်း ယခုအခါ ဒိုင်ယာနာကား ၂ စီးနှင့် လုံခြုံရေးတာဝန်ကျ တပ်သားဦးရေ ၂ဝ ခန့် ရှိသည်။ အိမ်ရှေ့လမ်းကိုလည်း ယာဉ်အသွားအလာများ ပိတ်ပင်ထားလိုက်သည်။

ထို့အပြင် အချုပ်ကား အသစ်ချပ်ချွတ် ၂ စီးကိုလည်း နေ့ခင်းပိုင်းတွင် ရပ်နားထားသည်ကို မဇ္ဈိမ ပြည်တွင်း သတင်းထောက်က တွေ့မြင်ခဲ့သည်။

ယမန်နှစ် စက်တင်ဘာလက ဖြစ်ပွားသော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် ဆန္ဒပြအဖွဲ့ တခုက ဒေါ်စု၏ နေအိမ်ရှေ့သို့ ရောက်ရှိခဲ့ပြီးနောက် နေအိမ် အကျယ်ချုပ် ချခံထားရသော ဒေါ်စုက ဆန္ဒပြ သံဃာတော်များကို မျက်ရည်များဖြင့် ဖူးမျှော်ခဲ့မှု ဖြစ်ပွားခဲ့သည်။ ဆန္ဒပြမှုများ ပြန်လည်ဖြစ်ပွားရန် ကြိုးပမ်းအားထုတ်မှုများ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေ၍ အလားတူ ဖြစ်ရပ်မျိုးမဖြစ်အောင် အာဏာပိုင်များက ပြင်ဆင်နေဟန် ရှိသည်။

ပုဇွန်တောင်၊ ဒေါပုံ၊ သာကေတ၊ ဆိပ်ကမ်းမြို့နယ်များရှိ အရံမီးသတ် တပ်ဖွဲ့ဝင်များကို တမြို့နယ်လျှင် ၇၅ ဦးနှုန်းနှင့် လူပေါင်း ၃ဝဝ ကို အာဏာပိုင်များက ဆင့်ခေါ်ထားသည်။

ထို့အပြင် ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း မြို့နယ်များတွင်လည်း တမြို့နယ်လျှင် ၇၅ ဦးနှုန်းနှင့် လူပေါင်း ၂၂၅ ဦးကို စုစည်းပြီး လုံခြုံရေး အဖွဲ့ဝင်တဦးလျှင် စက်ဘီးတစီးစီ၊ အုပ်စုတစုအတွက် လက်ကိုင်ဖုန်း တလုံးစီလည်း ပေးထားသည်။

လူစည်ကားတဲ့ နေရာတွေမှာ လုံထိန်းနဲ့ ရဲတပ်ဖွဲ့တွေ ဒုတ်တွေ၊ ဒိုင်းတွေ ကိုင်ပြီး လုံခြုံရေး ချထားတယ်။ အထူးတပ်ဖွဲ့ကို တောင်ပိုင်းခရိုင်နဲ့ အရှေ့ပိုင်းခရိုင် မြို့နယ် ၇ မြို့နယ်မှာ ဖွဲ့စည်းတယ်လေ။ ရဲတွေနဲ့အတူ တာဝန် ထမ်းဆောင်နေရတယ်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားစဉ်က ရန်ကုန်တိုင်းအတွင်း တပ်မ ၇၇ နှင့် ၆၆ က လုံခြုံရေး ယူခဲ့သော်လည်း ယခုအခါ အဆိုပါ တပ်မများကို လျှို့ဝှက်စွာ တဖြေးဖြေး ရုပ်သိမ်းပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တိုးချဲ့ အရံတပ်ဖွဲ့၊ အထူးတပ်ဖွဲ့များ ဖွဲ့စည်းကာ လုံခြုံရေးအတွက် တာဝန်ပေးလာနေသည်။ သို့သော် ကွပ်ကွဲမှုကို စစ်ဒေသကပင် ဆက်လက် လုပ်ဆောင်နေသည်။

အခြေအနေကို စောင့်ကြည့် လေ့လာနေသူ သင်္ကန်းကျွန်း မြို့ခံတဦးက သင်္ကန်းကျွန်းမှာ တော်တော်များများ လုံခြုံရေး တင်းကျပ်ထားတယ်။ ကင်းလှည့်ကားတွေက တနေ့ထက်တနေ့ ပိုများလာတယ်။ FAW ကားတွေနဲ့အတူ ရဲယူနီဖောင်း ဝတ်ထားတဲ့ ရဲ အထူးတပ်ဖွဲ့တွေကနေ လူစည်ကားတဲ့ နေရာတွေမှာ ကင်းလှည့်နေတာ။ အထူးရဲတပ်ဖွဲ့က နေပြီးတော့ ကားတွေပေါ်မှာ ဒိုင်းတွေ၊ နံပါတ်ဒုတ်တွေကို ကိုင်ထားတဲ့ အထူးရဲ တပ်ဖွဲ့ဝင်တွေ၊ အထူးမီးသတ်နဲ့ အထူးစွမ်းအားရှင်တွေ ပါတယ်ဟု ပြောသည်။

ကင်းလှည့်ကား ၄-၅ စီးသည် နံနက်ပိုင်း ၈ နာရီ တကြိမ်၊ မနက် ၁၁ နာရီနှင့် ညနေ ၃ နာရီခန့်တွင် ပုံမှန် သွားလာကြသည်မှာ လွန်ခဲ့သည့် ၃ ရက်ခန့်က စတင်ခဲ့ကြောင်းနှင့် ရဲအချို့ကလည်း ယူနီဖောင်းဝတ်စုံ ဝတ်ဆင်ကာ စက်ဘီးများနှင့် ကင်းလှည့်နေသည်။

ဒဂုံမြို့သစ် ဒေသခံတဦးက ရန်ကုန်က မြို့နယ်တွေမှာ ဒိုင်နာကား ၅ ချိတ် မိချောင်းခေါင်းရှည်နဲ့ အထူးရဲတပ်ဖွဲ့ဝင် ၂ဝ ယောက်လောက် ပါတယ်။ ဆန္ဒခံယူပွဲ နီးကပ်လာလို့ လုံခြုံရေးအရ ပိုချထားတယ် ထင်တယ်လေ။ အခုတလော ကင်းလှည့်ကားတွေက ၂ နာရီခြားပဲ။ ရပ်ကွက်တွေထဲမှာ စက်မှုဇုံ၊ အလုပ်ရုံတွေများတဲ့ နေရာတွေမှာ အထူးရဲ တပ်ဖွဲ့နဲ့အတူ အထူး စွမ်းအားရှင်တွေလည်း ပါတယ်။ ဒဂုံမြို့သစ်မှာတော့ ဒိုင်နာကား ၃ စီးလောက်နဲ့ ကင်းလှည့်နေတယ်ဟု ပြောသည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates