ချားလ်စ်မင်းသား ဒလိုင်လားမားကို လန်ဒန်တွင် တွေ့ဆုံမည်

ဗြိတိန် အိမ်ရှေ့စံ ချားလ်စ် မင်းသားသည် တိဗက်လူမျိုးတို့၏ အကြီးအကဲ ဒလိုင်လားမား ဆရာတော်အား လာမည့် မေလတွင် လန်ဒန်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း နန်းတော် ပြောရေးဆိုခွင့် ရှိသူက မတ်လ ၁၉ ရက်က အတည်ပြုသည်။ ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဒလိုင်လားမားအား မေလတွင် မိမိ တွေ့ဆုံမည် ဖြစ်ကြောင်း ကြေညာပြီး နောက်တရက်တွင် ချားလ်စ်မင်းသား ကြေညာချက် ထွက်လာခြင်း ဖြစ်သည်။ ၀န်ကြီးချုပ် ဘရောင်း၏ ကြေညာချက်လိုပင် ဗြိတိန် အိမ်ရှေ့စံ၏ ကြေညာချက်သည် ပီကင်းအစိုးရ၏ အမျက်ဒေါသကို ထပ်ဆွပေးလိုက်ဖွယ် ရှိသည်။

ပီကင်း ကွန်မြူနစ်အစိုးရက ဒလိုင်လားမား ဗြိတိန်လာချိန်တွင် သူ တွေ့ဆုံမည် ဖြစ်ကြောင်း ဗြိတိန် ၀န်ကြီးချုပ်၏ ကြေညာချက်ကို ပီကင်းရှိ ကွန်မြူနစ်အစိုးရက အလွန်အမင်း ကြောင့်ကြမိကြောင်း ပြောကြားသည်။

ချားလ်စ်မင်းသားနှင့် ဒလိုင်လားမား တွေ့ဆုံမည်လားဟု အေအက်ဖ်ပီ သတင်းဌာနက မေးမြန်းရာ နန်းတော် ပြောရေးဆိုခွင့် ရှိသူက ဟုတ်ပါတယ်။ ဒါ အတိအကျပါပဲဟု ပြောကြားသည်။ အသေးစိတ် မှတ်ချက်ပေးရန်ကိုမူ အဆိုပါပုဂ္ဂိုလ်က ငြင်းဆန်သည်။

ချားလ်စ်မင်းသားသည် တိဗက်အရေးကို ထင်ထင်ရှားရှား ထောက်ခံသူတဦး ဖြစ်ပြီး ၂၀၀၄ မေလက စိန့်ဂျိမ်းစ် နန်းတော်တွင် တရုတ်အစိုးရက ခွဲထွက်ရေးဝါဒီဟု ပုတ်ခတ်နေသော ဒလိုင်လားမားအား ဂုဏ်ပြုဧည့်ခံပွဲတရပ် ကျင်းပပေးခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့် ဇန်န၀ါရီလကလည်း တိဗက်မှ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် တိုက်ပွဲဝင်နေသော အဖွဲ့တခုအား မင်းသားက လာမည့် သြဂုတ်လ ပီကင်း အိုလံပစ်ပွဲကို သူ တက်ရောက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ဖုန်းဆက်ကာ တိဗက်မှ အကြမ်းဖက်မှုများ ရပ်တန့်ရန် ဖိအားပေးခဲ့သည်။ ဖုန်းချပြီး မကြာမီ ၀န်ကြီးချုပ်က ဒလိုင်လားမားနှင့် တွေ့ဆံမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ ဒလိုင်လားမား လန်ဒန်လာရင် ကျနော် သူနဲ့တွေ့မယ်ဟု အတည်ပြုသည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates