ရေလွှာလျှောစီးရင်း လူငယ်တစ်ဦး သေဆုံး၊

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြည်တွင်း ကုမ္ပဏီ တစ်ခုထံသို့ ကန်ထရိုက် ငှားရမ်း လုပ်ကိုင်ခွင့် ပေး ထားသော ပြည်သူ့ရင်ပြင်၊ ရေလွှာဥယျာဉ်တွင် ဇွန်လ ၁ ရက်နေ့က ရေလွှာလျှောစီးရင်း လူငယ်တစ်ဦး သေဆုံးပြီး အခြား လူငယ်တစ်ဦး လက်ချောင်းသုံးချောင်း ပြတ်သွားခဲ့ကြောင်း ကာယကံရှင်များ၏ ပြောကြားချက်၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနမှ စုံစမ်း ရရှိချက်၊ မျက်မြင် တွေ့ရှိသူများ၏ ပြောကြားချက်များအရ သိရှိရသည်။

ဇွန်လ ၁ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်ခန့်က အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး ရေလွှာလျှော စီးရင်း ရေပေါ် တွင် ပေါ်နေကြောင်း၊ ထို့ကြောင့် ထိုလူငယ်၏ သူငယ်ချင်းများနှင့် ရေလွှာဥယျာဉ်မှ ဝန်ထမ်းများက ဆယ်ယူပြီး အသက်ကယ် လုပ်ငန်းများ လုပ်ဆောင်ပြီး ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း မျက်မြင် ကြုံတွေ့သူများက ပြောကြားသည်။

"ဘေးနားက လူတွေက အဲဒီ ကောင်လေးကို ရေထဲက ဆယ်ပြီး အသက်ကယ် ပြုစုနည်းတွေ လုပ်ပြီး ဆေးရုံပို့တယ်။ ဒါပေမဲ့ သေသွားတယ်" ဟု ကိုယ်တိုင် မျက်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောကြားသည်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ သွားရောက် စုံစမ်းခဲ့ရာတွင်လည်း ဇွန်လ ၁ ရက်နေ့က ရေလွှာလျှောစီးရင်း သေဆုံးခဲ့သော လူငယ်တစ်ဦး ရှိခဲ့ကြောင်း အတည်ပြုသည်။



ဒဂုံမြိုနယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းချက်အရ ဇွန်လ ၁ ရက်နေ့က သေဆုံးသွားသောသူမှာ ဖိုးခွားခွား (ခ) စန်းထွန်းဝင်း၊ အသက် (၂၄) နှစ် ၊ အမှတ် (၉၆) ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ (၃) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ် တွင် နေထိုင်သူဖြစ်ပြီး ရေ လွှာလျှောစီးရင်း ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယင်း သေမှုသေခင်းကို ဒဂုံရဲစခန်းတွင် သေမှုသေခင်းအမှတ် ၅/ ၂၀၁၁ ဖြင့် အမှုဖွင့်ထားသည်။ ယင်းနေ့ ညနေ ၄နာရီခွဲခန့် တွင် ဝေဘာဂီမြို့နယ်မှ အသက် ၂၁ နှစ် အရွယ် မောင်တင်အောင်ဖြိုးဆိုသူ
လူငယ်တစ်ဦးလည်း ရေလွှာလျှောစီးရင်း လက်ချောင်း သုံးချောင်း ပြတ်သွားခဲ့ကြောင်း ကာယံကံရှင်၏ ကိုယ်တိုင် ပြောကြားချက်အရ သိရှိရသည်။

"ရေလွှာလျှောစီးတဲ့ နေရာ အမြင့်က ပေ ၂၀ ကျော်၊ ၃၀ လောက် ရှိမယ်ထင်တယ်။ အဲဒါက ကျွန်တော်က ရေလွှာလျှောစီးရင်း အရှိန်များ သွားပြီဆိုတာ သိလိုက်တော့ ရေလွှာလျှော ဘေးနံရံဘောင်ကို လှမ်းကိုင်ရင်း အရှိန်ထိန်းလိုက်တာ ။ ဖြစ်ချင်တော့ ရေ လွှာလျှောရဲ့ သံပြားတွေက ဟနေတယ်။ အဲဒီ သံပြားဟနေတဲ့ ကြားထဲကို ကျွန်တော့်လက်က ဝင်သွားတာ။ ကျွန်တော်
လက်သုံးချောင်းပေါ့။ လက်သူကြွယ်၊ လက်ခလယ်၊ လက်ညှိုး တစ်ဆစ်ကျော်လောက် ပြတ်ထွက်သွားတယ်" ဟု မောင်တင်အောင်ဖြိုးက ပြောကြားသည်။

မောင်တင်အောင်ဖြိုးသည် ယခုအခါ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အမှတ် ၅/ ၆ ဆောင်တွင် ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။ မောင်တင်အောင်ဖြိုး၏ ပြောကြားချက်အရ ယင်းနေ့က ရေလွှာလျှောစီး ရင်း သေဆုံး သွားသော လူငယ် မှာ ခေါင်းနှင့် ဘေး နံရံ ဆောင့်မိခြင်းကြောင့် ဖြစ်ကြောင်းသိရှိရသည်။ ပြည်သူ့ ဥယျာဉ် ရှိ ရေလွှာလျှောစီးသော နေရာသည် ပြုပြင်ထိန်းသိမ်းမှု မရှိဘဲ အလွန် အန္တရာယ်များလှကြောင်း၊ ရေလွှာစီး ကြာင်း၊ ရေလွှာလျှော၏ ဘေးနံရံဘောင်များတွင် သံပြားများ ဟနေပြီး အရှိန်ဖြင့် ရေလွှာလျှော စီးပြီး ဘောင်နံရံကို အားပြုပါက လက်ချောင်းများ ပြတ်ထွက်သွားနိုင်ကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ သူများက ပြောကြားသည်။




ထို့ပြင် စည်းကမ်းပိုင်း ထိန်းသိမ်းမှု
အားနည်းပြီး ရေလွှာလျှောစီးသူများ၏ ဘေးကင်းရေးအတွက် အရေးပေါ် အစီအမံများ မရှိကြောင်း သွားရောက် လည်ပတ်ခဲ့သူများက ရှင်းပြသည်။

"ပြုပြင် ထိန်းသိမ်းမှုလည်း မရှိလှ ဘူး။ ဘေးနံရံတွေမှာ သံပြားတွေ ဟနေတယ်။ နောက်ပြီး လူဦးရေကို ကန့်သတ်ထားတာမျိုး မရှိဘဲ လူတွေ စုပြုံပြီး ရေလွှာလျှောစီးတာမျိုးတွေ လုပ်ကြတယ်။ မူးနေတဲ့သူတွေလည်း အများကြီးဘဲ။ အရှိန်နဲ့ ရေလွှာလျှောက ဆင်းချလာရင် အောက်မှာ ထိခိုက်နိုင်တာတွေလည်းအများကြီးပဲ။ ဥပမာ - ရေကန်နံရံနဲ့ ဆောင့်မိတာမျိုးတွေ ဘာတွေ ဖြစ်နိုင် တယ်။ ဘယ်လိုမှ ဘေးကင်းလုံခြုံမှု မရှိသလို ခံစားရပါတယ်" ဟု ကိုယ်တိုင် သွားရောက်လေ့လာခဲ့သူ ပြည်တွင်းသတင်းထောက် တစ်ဦးက ရှင်းလင်း ပြောကြားသည်။

ထိခိုက် ဒဏ်ရာရမှုများနှင့် သေဆုံးမှုအတွက် ကုမ္ပဏီက တစ်စုံတစ်ရာ တာဝန်ယူခြင်း မရှိကြောင်းလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ မောင်တင်အောင်ဖြိုးက ပြောကြားသည်။

"ကုမ္ပဏီက ကန်ထရိုက်ယူ ဖွင့်ထားတဲ့ ကစားကွင်းမှာ၊ ရေကူးကန် မှာ အခပေးပြီး ကစားလို့ တစ်ခုခုဖြစ်ရင် ကုမ္ပဏီမှာ တာဝန်အများကြီး ရှိတယ်။ နစ်နာကြေး အများကြီး ပေးရမယ်။ ထိခိုက်မှုတွေ၊ သေဆုံးမှုတွေ မဖြစ်အောင် ကုမ္ပဏီက လုပ်ရမယ့် တာဝန် ရှိတယ်" ဟု အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

အဆိုပါ ကိစ္စအတွက် ၎င်းကိုယ်တိုင် ကွင်းဆင်း စစ်ဆေးပြီး တာဝန်ရှိသူ အဆင့်ဆင့်ကို အကြောင်းကြား သွားမည်ဟု ဦးဖုန်းမြင့်အောင်က ပြောကြားသည်။ ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ် တစ်ဦးကမူ အဆိုပါ ဖြစ်စဉ်အတွက် တာဝန်အရှိဆုံးမှာ ကန်ထရိုက် ငှားရမ်းပေးသူနှင့် ကန်ထရိုက် ငှားရမ်းလုပ်ကိုင်သူတို့ ဖြစ်ပြီး အပန်းဖြေ လာရောက်သော ပြည်သူများအတွက် ဘေးကင်းအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုသည်။

"နံပါတ်တစ် တာဝန်ရှိတာက ကလေးတွေအတွက် ကစားကွင်းတွေ၊ ရေကူးကန်တွေကို ကြီးကြပ်ပြီးတော့ ခွင့်ပြုပေးတဲ့ အာဏာ ပိုင်။ အာဏာပိုင်ဆိုတာက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပေါ့။ သူတို့မှာ ကစားကွင်းတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ ရှိနေရမယ်။ စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့ညီတဲ့ ကစားကွင်းကို ခွင့်ပြုထားတယ် ဆိုတာ မျိုး ဖြစ်ရမယ်။ ခွင့်ပြုထားတဲ့ ကစားကွင်းတွေကလည်း အရည်အသွေးနဲ့ ပတ်သက်လို့ ဘေးကင်းမှုနဲ့ ပတ်သက်လို့ ပုံမှန် စစ်ဆေး မှုတွေ ရှိရမယ်။ ကြပ်မတ် စစ်ဆေးမှုက နေ့စဉ်ပုံမှန် ရှိနေရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကစားကွင်းတွေက ကလေးတွေ အတွက်။ ကလေးဆိုတာက အသိအမြင် မကြွယ်သေးဘူး။ စဉ်းစားတတ်တာမျိုး မဟုတ်သေးတဲ့ ကလေးတွေ အတွက် ဘေးကင်းအောင် လုပ်ထားဖို့ လိုတယ်" ဟု သုံးသပ်သည်။

အဆိုပါ အယ်ဒီတာချုပ်ကပင် အာဏာပိုင်ထံမှ ခွင့်ပြုချက်ယူပြီး ကန်ထရိုက် လုပ်ဆောင်သော ကုမ္ပဏီသည်လည်း ကလေးသူငယ်နှင့် အပန်းဖြေသော ပြည်သူများအတွက် တာဝန်ရှိကြောင်း ရှင်းလင်း ပြောဆိုသည်။
"အခကြေးငွေယူပြီး သူ့ကစားကွင်းမှာ ကစားခွင့်ပြုတယ်၊ ဝင်ခွင့်ပြုတယ် ဆိုကတည်းက သူ့မှာ တာဝန်ရှိတယ်။ ကစားကွင်းမှာ တစ်ခုခု ဖြစ်ရင် သူ့မှာ လုံးဝ တာဝန်ရှိတယ်။ အရက်သောက်တဲ့သူ လုံးဝ ဝင်ခွင့် မပြုဘူး၊ လုံးဝ ကစားခွင့် မပြုဘူး ဆိုတာမျိုးတွေကို တင်းတင်းကျပ်ကျပ် ထုတ်ပြန်ရမယ့် အပြင် ဝန်ထမ်းတွေနဲ့လည်း စနစ်တကျ တားဆီးရမယ်။ ဆိုင်းဘုတ် ထောင်ထားရုံနဲ့မရဘူး။ ဆိုင်းဘုတ်ရှိရုံနဲ့ မရဘူး"ဟု အဆိုပါ အယ်ဒီတာချုပ်က ပြောကြားသည်။

ပြည်တွင်း သတင်းထောက် တစ်ဦးကလည်း ပြည်ပနိုင်ငံများရှိ ကစားကွင်းများ၊ ရေကူးကန်များတွင် ဘေးကင်း လုံခြုံရေးကို အဓိကထားကြောင်း ရှင်းပြ သည်။"ဘေးကင်း လုံခြုံရေးကိုလည်း အဓိက ထားတယ်။ ကစားကွင်းဝင်မယ့် သူတွေကိုလည်း သူတို့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ညီ၊ မညီ လိုက်စစ်တယ်။ သေသေချာချာ စစ်တယ်။ စစ်ပြီးမှ ဝင်ခွင့်ပေးတယ်။
တကယ်လို့ ကစားကွင်းထဲမှာ တစ်ခုခု ဖြစ်သွားရင်လည်း အစအဆုံး လိုက်ပြီး ဆောင်ရွက်ပေးတယ်" ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ပြည်သူ့ရင်ပြင် အပန်းဖြေစီးပွားရေး လုပ်ငန်းများကို ပြည်တွင်း ကုမ္ပဏီကြီး သုံးခုသို့ ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်ခွင့် ပြုထားသည်။
Source: The Voice


0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates