
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်ပြည်ကို သွယ်တန်းမယ့် သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေ သိမ်းဆည်းမှုတွေ ရှိလာနိုင်တယ်လို့ တအောင်း ခေါ် ပလောင် ကျောင်းသားလူငယ် အစည်းအရုံးက ပြောပါတယ်။
“တချို့နေရာတွေဆိုရင် မှတ်တိုင်တွေ အကုန်လုံးချပြီးသွားပြီလေ။ ရေနံနဲ့ သဘာဝဓါတ်ငွေ ပိုက်လိုင်း နှစ်ခု သွယ်မယ်ဆိုရင်တော့ သူတို့ တိုင်းတာမှုထဲက လယ်ယာသိမ်းဆည်းမှုပိုင်းတွေ ဖြစ်လာနိုင်တယ်။ တချို့နေရာတွေမှာဆိုရင် အိမ်တွေပြောင်းခံရမှုတွေအများကြီးဖြစ်လာနိုင်တယ်”
ပြီးခဲ့တဲ့လက စပြီး ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းမယ့် လမ်းကြောင်းအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် မန်စံ - နမ္မတူ - မိုင်းမော်အထိ ယာယီငုတ်တိုင်တွေ၊ အမှတ်အသားတွေကို စိုက်ထူခဲ့တယ်လို့ အတွင်းရေးမှူး မိုင်အောင်ကိုက ပြောပါတယ်။
အခုလောလောဆယ်တော့ နမ္မတူကနေ ဗန်းမော်မှာရှိတဲ့ ရွာပေါင်း (၁၀)ရွာကိုလည်း ပိုက်လိုင်းဖြတ်သန်းမယ့် လမ်းကြောင်း အမှတ်အသားအဖြင့် တိုင်တွေကိုစိုက်ထူထားပြီး ဖြစ်တယ်လို့သိရပါတယ်။
ဒါ့ပြင် အဲဒီဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားမယ့်နေရာက ဒေသခံတွေဟာ စားဝတ်နေရေးလည်း ပိုပြီး အခက်ကြုံနိုင်သလို လူ့အခွင့်အရေးချိုးဖေါက်ခံရမှု တွေလည်း ရှိလာနိုင်တယ်လို့လည်း သူကပြောပါတယ်။
“ ဒီသိမ်းဆည်းခံရမယ့် လူတွေမှာဆိုရင် လက်ဖက်ခြံ၊ စိုက်ပျိုးခြံမှာပဲ အသက်မွေးဝမ်းကျောင်း ပြုကြတယ်။ သူတို့ရဲ့စားဝတ်နေရေးအတွက်ကို တော်တော်လေးအခက်အခဲ ရောက်မယ်၊ ပြီးတော့ လုံခြုံရေးတွေ စစ်တပ်တွေတိုးချဲ့လာရင် တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေအများကြီးဖြစ်လာနိုင်တယ်"
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်ပြည်ကို သွယ်တန်းမယ့် ဂတ်(စ်) ပိုက်လိုင်းကို၂၀၁၃ အထိ အပြီးလုပ်ဆောင် သွားမယ်လို့ သိရပါတယ်။
ယုန်ကလေး
0 comments:
Post a Comment