
ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းလေဘေးသင့် ပြည်သူတွေ သောက်သုံးရေ ရရှိရေးကို ကူညီနိုင်ဖို့အတွက် ပန်းချီဆရာ ၁၃၃ ဦးတို့က ပန်ချီပြပွဲတစ်ခု ပြုလုပ်နေပါတယ်။
ရန်ကုန်မြို့ ကိုယ့်မင်းကိုယ့်ချင်း လမ်းမှာ ရှိတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပန်းချီပြခန်းမမှာ ဧပြီလ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပြပွဲတာဝန်ခံ၊ ပန်းချီဆရာ သန်းကျော်ဌေးက ပြပွဲ လုပ်ဖြစ်သွားတဲ့ အကြောင်းရင်းကို အခုလိုပြောပါတယ်။
“ကျနော် မနှစ်က ရခိုင်ပြည်နယ်မှာ outdoor ထွက်ပြီး ပြန်လာတဲ့အချိန်မှာ မုန်တိုင်းတိုက်တယ်ဆိုတဲ့ သတင်းကြားတာနဲ့ စိတ်လည်းမကောင်းဘူး။ အဲ့ဒါနဲ့ ကျနော်တို့ ရန်ကုန်မှာရှိတဲ့ သူငယ်ချင်း ပန်ချီဆရာတွေ စုပြီး၊ ၀ိုင်းဝန်းပြီးတော့ ပွဲလုပ်ဖြစ်တာပေါ့”
ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ တသိန်းခုနှစ်သောင်းကျော် အိုးမဲအိမ်မဲ့ ဖြစ်ခဲ့ရပြီး ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံနဲ့ မင်းပြားမြို့နယ်တို့မှာလည်း ၉၀ ရာခိုင်နှုန်း နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NGO အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ဂီရီမုန်တိုင်းနဲ့ပါတ်သက်တဲ့ ပန်းချီကားတကားရဲ့ အမြင့်ဆုံးဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၀၀၀ (ကျပ်ငွေ ၁၇ သိန်းခန့်)၊ အနိမ့်ဆုံးဈေးကတော့ ကျပ် ၅ သောင်း ဖြစ်ပါတယ်။
“၀ယ်တာကတော့ ပြည်တွင်းက အများအားဖြင့်တော့ လူချမ်းသာတွေပေါ့နော်။ အဲလီယမ်ထရယ်ရှစ်ဆိုတာ ပြင်သစ် ယဉ်ကျေးမှုဆိုင်ရာ အရာရှိတစ်ယောက် တစ်ကား လာဝယ်သွားတယ်။” လို့ ပန်းချီဆရာ သန်းကျော်ဌေးက ဆက်ပြောပါတယ်။ ပြပွဲမှာ နိုင်ငံခြားသားတွေ ၀ယ်နေကြပေမယ့် လာကြည့်သူတွေ အထဲမှာ မြန်မာတွေက အများစုလို့လည်း သူက ပြောပါတယ်။
ပြပွဲမှာ ရောင်းချတဲ့ ပန်းချီကား အမျိုးအစားတွေကတော့ ရေဆေး၊ ဆီဆေး ပန်းချီကားမျိုး ဖြစ်ပြီး စုစုပေါင်း ၁၄၆ ကား ပြသထားတာ ဖြစ်ပါတယ်။
ဒီကနေ့ အထိ ပန်းချီကားတွေ ရောင်းရတဲ့ငွေ (၂၄) သိန်းကျော်ရှိပြီး ငွေအားလုံးကို ရခိုင်ပြည်နယ်အတွင်းရှိ ဂီရိလေဘေးသင့် ပြည်သူတွေရဲ့ သောက်သုံးရေ ရရှိရေးအတွက် ရေတွင်း၊ ရေကန်တွေ တူးဖော်ဖို့အတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
ယုန်ကလေး
0 comments:
Post a Comment