
တိုးတက်သော ကရင် ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)နဲ့ နအဖစစ်တပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးလာတဲ့ ကရင် ဒုက္ခသည်တွေ ဆက်လက်ရှိနေဆဲလို့ သိရပါတယ်။
“ ဒုက္ခသည်တွေကတော့ တစ်သောင်းနီးပါးလောက်ရှိတယ်။ တချို့ ရွာကို ပြန်တာတွေ ရှိတယ်။ ပြန်တယ်ဆိုတာက တစ်ယောက်စ နှစ်ယောက်စပဲ ပြန်ကြတာပါ။ တမိသားစုလုံး ပြန်ကြတာ မရှိပါဘူး” လို့ နယ်လှည့် ကျော်ပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့က တာဝန်ခံ ကိုမန်းမန်းက ပြောပါတယ်။
တိုက်ပွဲတွေဟာ အရင်နှစ် နိုဝင်ဘာလ (၇)နေ့ ကတည်းက စတင်ခဲ့တာဖြစ်ပြီး အများစုဟာ ကရင်ပြည်နယ် မြ၀တီတောင်ဘက်ရှိ ဖလူး၊ ဝေါလေ၊ ထူးကလီး၊ လအူထ စတဲ့ ဒေသခံ ရွာသူရွာသားတွေ ဖြစ်ကြပါတယ်။
ဒုက္ခသည်တွေဟာ ရွာကို ပြန်ချင်ပေမယ့် ရွာမှာ လုံခြံမှုမရှိဘူးလို့ ကိုမန်းမန်းက ဆက်ပြောသွားပါတယ်။
“ရွာသူရွာသားတွေ ရွာကို ပြန်တဲ့အချိန်မှာ မိုင်းနင်းမိတာတွေရှိတယ်။ ဥပမာ- တချို့ ၀ါးပြန်ခုတ်၊ သစ်ပြန်ခုတ်တဲ့ ရွာသားတွေလည်း မိုင်းနင်းမိတာတွေ ရှိကြတာပေါ့”
အဲ့ဒီ ဒုက္ခသည်တွေဟာ မြ၀တီခရိုင် တဖက်ကမ်း၊ ထိုင်းနိုင်ငံ တာ့ခရိုင်အတွင်းမှာရှိတဲ့ အုန်းဖျံ၊ ထာ့ဆောင်ရန်း၊ မဲဆောက်၊ ဖိုတ့်ဖ စတဲ့ မြို့နယ်တွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။
ဒုက္ခသည်တွေ လုံလုံခြုံခြုံနဲ့ သူတို့ရဲ့ ရပ်ရွာတွေကို ပြန်လည် နေထိုင်နိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။
လက်တလောမှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ဒေသအတွင်း လူမှုကူညီရေးအဖွဲ့တွေ၊ NGO အဖွဲ့တွေ နဲ့ နယ်လှည့်ကျော်ပိုးအိတ်အဖွဲ့တို့က ရိက္ခာနဲ့ ဆေးဝါးတွေကို ကူညီပေးနေကြပါတယ်။
ယုန်ကလေး
0 comments:
Post a Comment