(အပိုင်း ၂)
ပါးပါးရဲ့ရွာက အပြာရောင်နယ်မြေမဟုတ်တဲ့အတွက် အမြဲတမ်းလိုလို စစ်ပွဲတွေနဲ့ပဲ ရင်ဆိုင်နေရတာပါ။ အဓိက နအဖ စစ်တပ်တွေ ရွာထဲဝင်လာပြီးဆိုရင် မြန်မာစကားကို ကောင်းစွာမပြောနိုင်၊ နားမလည်ကြတဲ့ ရွာသူ ရွာသားတွေက သူတို့ကို ကြောက်ရတာပေါ့။
စစ်တပ်တွေက ရွာထဲမှာရှိတဲ့ ကြက်တွေ၊ ငှက်တွေ၊ ၀က်တွေကို ရွာသားတွေရဲ့ ခွင့်ပြုချက်မရဘဲ သတ်စား ကြလေ့ရှိပါတယ်။ တကယ့်တော့ ရွာသားတွေအားလုံးဟာ လှောင်အိမ်ထဲမှာနေရတဲ့ ငှက်ကလေးလိုပါပဲ သူတို့ရဲ့ဘ၀က နအဖစစ်သားတွေရဲ့ ရန်ကိုကြောက်ရပြီး တခါတရံမှာတော့ စစ်တပ်က ရွာသူရွာသားတွေရဲ့ အသက်ကိုပါ ယူသွားတာတွေ ရှိပါတယ်။ ထိုနည်းအတူ ရွာရဲ့အနီးအနားမှာ တိုက်ပွဲဖြစ်ရင်လည်း ရွာထဲမှာ သူပုန်ရှိတယ်ဆိုပြီး ရွာသားတွေကို ဖမ်းဆီး၊ နှိပ်စက်တော့တာပဲ။ ဒါကြောင့် စစ်တပ်တွေက ရွာထဲမှာ စခန်းချရင် ရွာသူရွာသားတွေက နေရာတာ လွတ်လပ်မှုမရှိဘဲ အကျယ်ချုပ်မှာ နေရသလို ခံစားမိတာ အမှန်ပါ။
တောရွာတွေရဲ့ ဓလေ့အရ ရွာသူရွာသားတွေ အားလပ်ရက် ဒါမှမဟုတ် အလုပ်အားတဲ့ အချိန်မှာတော့ ရွာရဲ့အနီးအနားတ၀ိုက်မှာ ဟင်းသီးဟင်းရွက်တွေ ရှာစားတတ်ကြသလို ချောင်းထဲမှာ ခရုတ်လိုက်ကောက်တာ တွေလည်း ရှိပါတယ်။ တရက် ရွာထဲက လူကြီးတွေ “ခရုတ်လိုက်ကောက်ကြမလား”ဆိုပြီး ကျမတို့သူငယ်ချင်းအုပ်စုကို လာခေါ်တဲ့အချိန်မှာ ကျမတို့အားလုံးက သူတို့နဲ့အတူ လိုက်သွားခဲ့တာပေါ့။ ကျမတို့ သူငယ်ချင်းအုပ်စုကလည်း ခရုတ်ကောက်ရင်းနဲ့ ချောင်းလေးအတိုင်း ဆင်းသွားကြပါတယ်။ ဒါပေမယ့် ရုတ်တရက် ကျမတို့ ခရုကောက်နေတဲ့အချိန်မှာ သေနတ်သံကို ကြားလိုက်ရတယ်။
ကျမတို့နဲ့ သိပ်ဝေးလွန်းတာကြောင့် ဂရုမစိုက်နိုင်အားပဲ ခရုကို ဆက်ကောက်နေပါတယ်။ အချိန်ကြာလာတော့ သေနတ်သံမဟုတ်တော့ဘဲ “၀ုန်း.. ချိမ်း…” ဆိုတဲ့အသံက ဟိန်းထွက်ပြီး မြေကြီးပါ တုန်ခါသွားတဲ့ အထိပါပဲ။ အဲ့ဒီအချိန်မှာ ကျမတို့ကောက်ထားတဲ့ ခရုတ်တွေကို ယူဖို့တောင် သတ္တိမရဘဲ အိမ်ကို ပြန်ပြေးချင်တဲ့စိတ် ပေါ်လာတယ်။ ဒါပေမယ့် ခရုတ်ကောက်တဲ့ နေရာက ရွာနဲ့ ဝေးတာကြောင့် ချက်ချင်း မပြန်ရဲသေးဘဲ အခြေအနေကို စောင့်ကြည့်ခဲ့ပါတယ်။ အချိန်အနည်းငယ်ကြာလာတော့ သေနတ်သံ တိတ်သွားတဲ့အတွက် အခြေအနေကောင်သွားပြီဆိုပြီး အိမ်ကို ပြန်ပြေးလာကြပါတယ်။
အိမ်ကိုပြန်ရောက်တော့ လူကြီးတွေက ကျမတို့အတွက် စိတ်ပူနေကြတာကို တွေ့ရတယ်။ သိပ်မကြာပါဘူး။ သေနတ်သံ ထပ်ကြားရပြန်ပါတယ်။ အဲ့ဒါနဲ့ ကျမတို့လည်း အိမ်အောက်မှာ တူးထားတဲ့ ကတိုကျဉ်းလေးထဲကိုဝင်ပြီး ပုန်းအောင်နေကြတာပေါ့။ ရွာတွေမှာ အိမ်တိုင်းလိုလို ကတိုကျဉ်းတခု တူးထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲဖြစ်ပြီးဆိုရင် ကျည်ဆံတွေကို ကာကွယ်တဲ့အနေနဲ့ လူတွေက အဲ့ဒီ ကတိုကျဉ်းလေးထဲကို ၀င်ပြီး ပုန်းနေရတာပါ။ ဒီလိုနဲ့ပဲ ရွာသူရွာသားတွေဟာ တိုက်ပွဲတွေကြား၊ ကျည်ဆံတွေကြားထဲက ဘ၀တွေကို ဖြတ်သန်းနေရတာပေါ။ စစ်တပ်တွေရဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကို ခံနေရတဲ့ ရွာသားတွေရှိသလို ဒီကြားထဲမှာပဲ ကံအကြောင်းမလှခဲ့ရင်တော့ သူတို့တွေရဲ့လက်ချက်နဲ့ သေဆုံးသွားရတဲ့ ရွာသားတွေလဲရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီရွာကလေးမှာ ဆယ်တန်းအထိ ပညာသင်နိုင်ပြီး အခုချိန်မှာတော့ စစ်တပ်က လေးတန်းအထိ ဖြုတ်ခိုင်းလိုက်ပါတယ်။ ရွာကလေးရဲ့ အနာဂါတ် မျိုးဆက်သစ်လေးတွေအတွက်ကတော့ မူလတန်းအောင်လို့ အလယ်တန်းကို ဆက်လက်သင်ယူချင်ရင် တစ်ခြားရွာ သို့မဟုတ် မြို့ပေါ်ကိုတက်ပြီး ကျောင်းသွားတတ်ရပါတယ်။ များသောအားဖြင့် ရွာသူရွာသားတွေဟာ စစ်တပ်အတွက် ပေါ်တာသွားပေးရတာတို့၊ လုပ်အားပေးသွားရတာတို့ သူတို့ရဲ့အချိန်၊ သူတို့ရဲ့ဘ၀တွေကို ပေးရပါတယ်။ ဒါပေမယ့် ရွာသူ၊သားတွေဟာ သူတို့ချစ်တဲ့ မွေးရပ်မြေဖြစ်တဲ့အတွက် သူတို့နည်း သူတို့ဟန်နဲ့ ဖြစ်တဲ့ဘ၀ကို နေတတ်ကြပါတယ်။ ကျမရဲ့ ကြီးမေက ကျမတို့ကို နင့်တို့ ဒီလိုဘ၀နဲ့ မနေချင်ရင် သမီးတို့စာကြိုးစားရမယ်တဲ့။
နွေရာသီ ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် ကျမတယောက်တည်း ပါပါးရဲ့ ရွာကလေးကို လိုက်လာခဲ့တာပါ။ ပါပါး အလုပ်သွားတဲ့အချိန်မှာ ကျမ ၀မ်းကွဲအမနဲ့ပဲ အိပ်ရတယ်။ ကျမ ပါပါးရွာကို တစ်ကြိမ်တခါမှ မရောက်ဖူးပေမယ့် အခုတော့ ဒီရွာကလေးရဲ့ ရိုးရာဓလေ့အကြောင်း၊ ဘ၀အကြောင်းတွေကို သိရှိလာခဲ့ရတဲ့အတွက် ကျမ အလွန်ကျေနပ်မိပါဘူး။ တစ်ဆက်တည်းမှာပဲ ဘ၀ဆိုတာ ကျမအတွက် အလွန်နာကျင်စရာကောင်းတဲ့ လောကကြီး တခုပါလားလို့ မှတ်သားမိပါတော့တယ်။ တခါတရံမှာတော့ လောကကြီးကို အပြစ်တင်ချင်ပေမယ့် လောကကြီးကို သနားသလို ဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ရှိတဲ့လူတွေဟာ ဖြူစင်လှပပြီး အေးချမ်းလှတဲ့ ကမ္ဘာမြေကြီးကို သူ့နည်း၊ သူ့ဟန်နဲ့ အရောင်တွေ ဆိုးနေကြလို့ပါပဲ မဟုတ်လား။ ကမ္ဘာမြေကြီးဆိုတဲ့ လောကကြီးခဗျာမှာတော့ ဘာမှမသိသလိုနေပြီး လူသားတွေရဲ့ လုပ်ရပ်တွေကို ဆက်လက်ခံစားနေရဆဲ ဖြစ်နေတာတော့ အမှန်ပါပဲ…..။
ယုန်ကလေး
0 comments:
Post a Comment