ပါပါး(အဖေ့)ရဲ့ ရွာကလေး (အပိုင်း ၁)

အေးချမ်းပြီးသာယာလှပတဲ့ ရာသီဥတု မနက်ခင်းလေးတခုမှာတော့ ကျေးငှက်ကလေးတွေဟာ ချစ်စရာကောင်းပြီး သဘာဝ တေးသားလေးတွေ သီကျူးနေတာကို ကြားရသူတိုင်း စိတ်ချမ်းသာမိပါတယ်။ အဲ့ဒီအထဲမှာလည်း ကျမအပါအ၀င်ပေါ့။ ကျောင်းကြီးပိတ်လို့ ကျမရဲ့ပါပါးရွာကို ပါပါးနဲ့အတူလိုက်သွားခဲ့တာကို အခုထိ မှတ်မိနေဆဲပါ။ အဲ့ဒီရွာလေးဟာ သိပ်ပြီး အိမ်ခြေမများသလို သိပ်လည်း အိမ်ခြေ မနည်းပါဘူး။ ရွာကလေးကိုတော့ ရွာထိပ်ပိုင်းနဲ့ ရွာနောက်ပိုင်း ဆိုပြီး သတ်မှတ်ထားကြတာဖြစ်ပါတယ်

ဒါအပြင် အဲ့ဒီရွာကလေးမှာတော့ အလွန်သာယာကောင်းပြီး ရွာသူရွာသားတွေကို အကျိုးပြုစေတဲ့ ချောင်းကလေးတစ်ခုရှိသလို ရွာသူရွာသားတွေဟာ အဲ့ဒီချောင်းကလေးကို အမှီပြုပြီး အသက်မွေးဝမ်းကြပါတယ်။ ဒါပေမယ့် အဲ့ဒီရွာမှာတော့ သစ်ပေါတဲ့အတွက် သစ်လုပ်ငန်းဟာလဲ အဓိကစီးပွားရေးလုပ်ငန်းတခုပေါ့။ ရွာသူရွာသားတွေကတော့ ချောင်းကလေးရဲ့ ရေကိုပဲ သောက်သုံးရေအဖြစ် အသုံးပြုကြပါတယ်။ ရေချိုး၊ အ၀တ်လျော်တာကအစ အဲ့ဒီချောင်းလေးကိုပဲ အသုံးပြုကြတာပါ.. အဲ့ဒါကြောင် အဲဒီချောင်းကလေးဟာ ရွားသားတွေရဲ့ဘ၀အတွက် မရှိမဖြစ်လိုအပ်တဲ့ အသက်ကလေးတစ်ခုပေါ့။ ကျမသိရသလောက် ကျမရဲ့ အဘိုးအဘွားလက်ထက်ကတည်းက အသုံးပြုလာခဲ့ကြတာတဲ့။ အဲ့ဒီရွာမှာ နေထိုင်ကြတဲ့လူတွေဟာ များသောအားဖြင့် ရေကူးခြင်းအတတ်ပညာကို လူတိုင်းတတ်ကြတာတွေ့ရပါတယ်။ လူကြီးတွေကအစပေါ့.။

ရေကူးတယ်ဆိုလို့ ရေကူးတာနဲ့ပါတ်သတ်ပြီး ကျမအကြောင်းပြောရဦးမယ်။ ကျမက မိုးမိုး(မေမေ)ရွာမှာ အနေများတဲ့အတွက် ရေမကူးတတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ မိုးမိုးရွာမှာ ရေတွင်းကိုပဲ အသုံးပြုကြလို့ပါပဲ..။ ပါးပါးရွာကို ရောက်တဲ့အချိန်မှာတော့ ရေမကူးတတ်တော့ အခက်ကြုံရတာပေါ့။ တစ်နေ့ ကျမရဲ့ ၀မ်းကွဲ အမတယောက်က ရေချိုးမယ်ဆိုပြီး ကျမကို ချောင်းကလေးထဲ ခေါ်သွားခဲ့တယ်။ ကျမကလည်း ရေချိုးမယ်ဆိုပြီး အမနဲ့လိုက်သွားတာပေါ့။ ချောင်းလေးထဲရောက်တော့ ကျမ မဆင်းရဲဘူး ရေလဲတအားကြောက်တတ်တာကိုး။ ကျမရဲ့ အမကတော့ အတင်းဆင်းခိုင်းတော့တာပါပဲ.. မကြောက်နဲ့ နင် ကြောက်နေရင် ရေမကူးတတ်တော့ဘူးတဲ့။ ကဲ ကျမဘယ်လိုလုပ်ရတော့မှာလဲ။ အဲ့ဒါနဲ့ ကျမသူမနဲ့အတူ ရေထဲ လိုက်ဆင်းသွားခဲ့တယ်။ သူမက ဟိုဖက်ကမ်းကို ကူးပြီးခေါ်သွားမယ် လိုက်မလားတဲ့ကျမလည်း လိုက်မယ်ဆိုပြီး ခေါင်းညိတ်မိလိုက်တယ်။ အဲ့ဒီမှာပဲ ကံမကောင်းတာလား ကံဆိုးတာနဲ့ပဲလား သွားကြုံမိလိုက်တယ်..။

အဖြစ်အပျက်က ကံဆိုးချင်တော့ အမ၀တ်ထားတဲ့ လုံချည် ပူးပေါင်းလေးဟာ လေလျော့သွားပြီး နှစ်ယောက်သား ရေထဲနစ်ပါတော့တယ်။ ပူပေါင်းဆိုတာကတော့ တောဓလေ့အတိုင်း ကျမတို့ ရေသွားချိုးတဲ့အခါ လုံချည်ကိုအသုံးပြုပြီးတော့ လေပူပေါင်းဖြစ်အောင်လုပ်တာပါ။ တကယ်တော့ အမက သူမရဲ့ အမိုး လုံချည်ကို သူမ မိုးမိုးမသိအောင် ရေကူးတဲ့အခါမှာ ပူးပေါင်းလုပ်ဖို့အတွက် ယူသွားတာပါ။ အဲ့ဒီအချိန်မှာပဲ ကျမတို့နဲ့အတူတူပဲ ရွေတွေကစားတဲ့ ရွာသူရွာသားတွေက ကျမတို့ ရေနစ်တာကိုတွေ့တော့ ကယ်လိုက်တာပေါ့။ ကျမခဗျာမှာတော့ ရေမကူးတတ်တဲ့အတွက် ခွေးကူ ၀က်ကူး ကူးနေရတာပေါ့။ နောက်ပြီး ရေကိုလည်း တစ်ဝကြီး သောက်လိုက်ရသေးတယ်။ ကျမရဲ့စိတ်ထဲမှာတော့ အော် ရေကူးအတတ်ပညာကလဲ မလွယ်ပါလားလို့ အိမ်ပေါ်ပြန်တက်တဲ့အချိန်မှာတော့ ကြီးကြီးက အမကို ဆူပါလေရော။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းကစပြီး ကျမရေကူးတတ်သွားတယ်လို့ စိတ်ထဲမှာ ခံစားမိတယ်..စက်ဘီးစီတတ်ချင်ရင် ဒဏ်ရာရမှတဲ့.. အခုလဲ ရေကို တ၀သောက်လိုက်ရတဲ့အတွက် ရေကူးတတ်သွားလားမသိပါဘူး။ ဒါပေမယ့် ကျမရဲ့ အမကို အထူး ကျေးဇူးတင်မိပါတယ်။ ရေကူးတတ်သွားတဲ့နောက်ပိုင်းမှာ ကျမနဲ့အမ အိမ် သိပ်မကပ်တော့ပဲ ချောင်းထဲမှာပင် အချိန်သွားဖြုန်းလေ့ရှိတယ်။

ညနေပိုင်းနေ၀င်ဆည်းဆာအချိန်မှာ ရွာက လှပျိုဖြူလေးတွေ ရေအိုးကိုယ်စီနဲ့ ရေဆင်းခပ်လေ့ရှိတယ်. ရေခပ်တဲ့အချိန်မှာ တစ်ယောက်တည်းဆင်းခပ်တာကို သိပ်မမတွေ့ရဘဲ အဖွဲ့နဲ့ ရေဆင်းခပ်တတ်ကြတာကို တွေ့ရတယ်။ အဲ့ဒီအထဲမှာ ကျမတို့ အုပ်စုလဲ အပါအ၀င်ပေါ့။ ဒါပေမယ့် ကျမတို့က ငယ်သေးတဲ့အတွက် ရေကိုသိပ်ခပ်ချင်ကြတာမဟုတ်ဘူး။ ရေဆော့ချင်တာ တခုပဲခေါင်းထဲမှာ ရှိတာပေါ့..။ ကျမမှာ တူတူရေဆင်းခပ်တဲ့ သူငယ်ချင်းအဖော် လေးယောက်ရှိတယ်။ အားလုံးက ကရင်တွေပါပဲ။ ကျေးတော့ရွာက လူတွေဟာ များသောအားဖြင့် အလွန်န်ဖြူစင်ပြီး ရိုးသားကြတာကို ကျမတွေ့ခဲ့ရတယ်။ ကျမတို့အဖွဲ့ ရေဆင်းခပ် ဒါမှမဟုတ် ရေဆင်းချိုးရင် တစ်နေကုန်နဲ့ ပြန်ပေါ်မတတ်လာလို့ အိမ်ကလူတွေ တုတ်သုံးပြီ လာခေါ်ရတဲ့ နေ့တွေလည်း ရှိခဲ့ပါတယ်။ အဲ့ဒီအချိန် ကျမတို့ ချောင်းထဲမှာ ရေဆော့တာများလွန်းလို့ မျက်လုံးတွေဟာလည်း နီရဲပြီး အရမ်းစပ်လာတာကို သိလာပါတယ်။ ဆံပင်တွေဟာလည်း အနီရောင်သန်းပါတော့တယ်။ လဲဒီထီး ဆိုတဲ့ အသံကြားရင် ကျမတို့ သူငယ်ချင်း ငါးယောက် ရေခပ်ဖို့ အိုးလေးကိုယ်စီဆွဲပြီး ရေသွားခပ်တဲ့အချိန်လေးကို အခုထိ သတိရတုန်းပဲပေါ့

တခါတလေ ရေဆင်းခပ်တဲ့အခါ ချောင်းလေးထဲမှာ စားဖို့သောက်ဖို့အတွက် ထမင်း၊ ဟင်းတို့ကို အိမ်က အဖေ၊အမေတွေမသိအောင် ငှက်ပျောဖတ်နဲ့ တိတ်တိတ်ကလေးထုတ်ပြီး ယူသွားတတ်တယ်။ ချောင်းထဲရောက်ရင် ကျမတို့ရဲ့ ဟင်းတွေကို တစ်ယောက်နဲ့တစ်ယောက် လဲပြီးစားတတ်ကြာတာတွေလဲ ရှိခဲ့ဖူးပါတယ်။ ထမင်းမစားခင် ဆွမ်းတော်တင်ရမယ်ဆိုပြီး သစ်ရွက်တွေခူးတဲ့သူကခူး။ ဆုတောင်းတဲ့ သူကဆုတောင်းနဲ့။ အဲ့ဒီသစ်ရွက်ထဲမှာ ထမင်းနည်းနည်းနဲ့ ဟင်းနည်းနည်းထည့်ပြီး ချောင်းကိုစောင့်တဲ့ ချောင်းစောင့်နတ်ကို တင်ပေးရတာတဲ့။ အိမ်ကလူတွေတွေ့ရင် အဆူခံရမှာစိုးလို့ တိတ်တိတ်လေးစားရတဲ့ အရသာဟာ အလွန်အရသာရှိတယ်မဟုတ်လား။ တစ်ရက် တစ်မျိုးမရိုးရအောင် ကျမတို့ ဟင်းအမျိုးမျိုးထုတ်လာခဲ့ကြတယ်. တခါ ကျမတို့ အချဉ်စားဖို့အတွက် တစ်ယောက်က ငရုတ်သီး၊ အစပ်မှုန်တို့ထည့်လာရင် ကျန်တဲ့လူတွေက ချောင်းဘေးနားမှာရှိတဲ့ မရမ်းသီးကို သွားခူးရတယ်။ ကျမရဲ့ သူငယ်ချင်းလေးယောက်ထဲမှာ သစ်ပင်တက်ဖို့အတွက် မကြောက်တတ်တဲ့ သူတစ်ယောက်ရှိတယ်။ သူကတော့ အပင်ပေါ် တက်ပြီး မရမ်းသီးတွေ ခူးတဲ့အချိန်မှာ ကျန်တဲ့သူတွေကတော့ အောက်ကနေ လိုက်ကောက်ရပါတယ်။ အားလုံးပြီးသွားရင်တော့ ကျမတို့ ချောင်းထဲဆင်းပြီး တူတူစားကြတယ်။ ရေအိုးရွက်တဲ့အခါမှာ တစ်ယောက်နဲတစ်ယောက် အိုးမနိုင်ရင် အိုးကြီးကြီးမနိုင်တဲ့သူက ၀ိုင်းပြီးမကူပေးတတ်ပါတယ်။

ကြီးမေတွေကတော့ ဖိုးမူတို့ ရေသွားခပ်တာ ဒီလောက်တောင်ကြာရလား။ ဘာသွားလုပ်နေကြတာလဲ။ အအေးမိပြီးဖျားနေအုံးမယ်လို့ပြောရင်လည်း နားမထောင်တဲ့ အရွယ်ဆိုတော့ လူကြီးတွေပြောတာကို သိပ်ပြီးခေါင်းထဲမထည့်ခဲ့ဘူး။ ကိုယ်လုပ်ချင်တာကိုပဲ စူးစမ်းတဲ့အရွယ်ဆိုတော့ ဘယ်ဘက်နားထဲဝင်ရင် ညာဘက်နားထဲပြန်ထွက်သွားတာပါပဲ..။ ရေချိုးတဲ့အချိန်မှာလဲ ဘယ်သူကရေထဲမှာ အသက်အောက်ပြီ နေနိုင်သလဲဆိုတာကို ပြိုင်တတ်ကြတာ ကျမတို့အဖွဲ့ရဲ့ အကျင့်တခုပေါ့။

ဒါတွေဘယ်ကသေးမလဲချောင်းထဲမှာမျောလာတဲ့ သစ်တုံးကြီးတွေနဲ့လဲ ဆော့ရတာအလွန်ပျှော်ရွင်စရာကောင်းတယ်လို့ ခံစားမိတယ်။ စမ်းချောင်းနံဘေးက သစ်ပင်ပေါ်မှာကျလာတဲ့ သစ်သီးအမှည့်တွေကို တစ်ယောက်နဲ့တစ်ယောက်ပြိုင်ပြီး ကောက် စားတတ်သလို ရေပေါ်မှာမျောလာတဲ့ ဒိုးလေးတွေကို ဆယ်ပြီး ကစားခဲ့ဖူးပါတယ်။ ရေကစားများတဲ့အတွက် ကျမတို့ရဲ့ ဆံပင်ဟာလည်း သူများတွေလို နူးညံ့မှုမရှိဘဲ အလွန်ကြမ်းတမ်းခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလို နွေရာသီကျောင်းကြီးပိတ်တဲ့အချိန်မျာ ပါပါးရဲ့ရွာကို သွားရောက်လေ့လာခွင့်ရခဲ့တာ ပါပါးကို အရမ်းကျေးဇူး တင်မိပါတယ်. ဖြစ်နိုင်ရင် ကျမရဲ့ ပါပါးရွာကို နောက်ထပ်တကြိမ် ပြန်ပြီး လေ့လာခွင့်ရချင်သေးတယ်။ အခုအချိန်မှာ ရွာကလေးက ပြောင်းလဲစပြုနေပြီးလားဒါမှမဟုတ် အရင်အတိုင်းပဲလားလို့ ကျမတွေးနေမိပါတာတော့ အမှန်ပါပဲ

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates