အင်္ဂလိပ်စာ သင်ခန်းစာ


Heart စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂)

By ဒေါ်လှလှသန်း တနင်္လာ, 14 ဖေဖော်ဝါရီ 2011

Valentine's Day

ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့ (Valentine’s Day) ကို ရည်းစူးပြီး ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ Heart - အသဲနှလုံး စကားလုံးဝေါဟာရကို အခြေခံတဲ့ heart and soul, eat your heart out နဲ့ lose heart အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းများမှာ heart and soul ဖြစ်ပါတယ်။ Heart = အသဲနှလုံး၊ Soul = အသက်ဝိညာဉ် ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ကတော့ အသဲနှလုံးနဲ့ ဝိညာဉ် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ ဒီနေရာမှာ အသဲရော၊ အသက်ရော ဆိုတော့ နှစ်နှစ်ကာကာ ရာနှုန်းပြည့်ခံစားချက် ဒါမှမဟုတ် အခါရာ အကျဆုံးကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mr. and Mrs. Smiths just celebrated their golden wedding anniversary. They are happily married and loved each other with heart and soul.

Mr. နဲ့ Mrs. Smiths တို့နှစ်ယောက် သူတို့ ရွှေရတုမင်္ဂလာပွဲကို မကြာမီကပဲ ဆင်နွှဲခဲ့ကြတယ်။ သူတို့ အိမ်ထောင်ရေးကလည်း စိတ်ချမ်းသာစရာ ဖြစ်သလို တဦးပေါ်တဦးလည်း အသက်တမျှ ချစ်ကြတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ eat your heart out ဖြစ်ပါတယ်။ Eat = စားသည်။ Your = သင်၏၊ Heart = အသဲနှလုံး၊ Out = ကြိယာဝိသေသန (adverb) က အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ ဒီနေရာမှာတော့ ကုန်ခမ်းသွားတယ် ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အသဲကို ကုန်သွားအောင် စားပစ်လိုက်သည် ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ စိတ်ထဲမှာ နာနာကျည်းကျည်း ခံစားရတာ၊ ဝမ်းနည်းကြေကွဲလွန်လို့၊ မနာလို သဝန်တိုစိတ် ရှိလွန်လို့၊ မရနိုင်တာကို ဆွေးတမြေ့မြေ့နဲ့ ခံစားရတာမျိုး စသည်ဖြင့် အခြေအနေအလိုက် အသုံးပြုနိုင်ပါတယ်။ တခါတရံလည်း လူတဦးဦးကို မခံမရပ်ဖြစ်အောင် ပြောတဲ့နေရာမှာလည်း ပြောဆိုနိုင်ပါတယ်။ မင်းမနာလိုဖြစ်ရင်လည်း ဖြစ်ပေါ့ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Eat your heart out my friend. Our team won the first prize.

မင်းမခံချင်အောင် ငါ ပြောရအုန်းမယ် သူငယ်ချင်းရေ - ငါတို့အသင်းက ပထမဆု ရရှိတယ်။

Eat your heart out ကို မခံချိမခံသာဖြစ်၊ စိတ်ဆင်းရဲဖြစ်တဲ့ အနေအထားမျိုးနဲ့ Geoge Crows ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်ပါ။

Spain beat the Netherlands one to nothing during the 2010 FIFA World Cup leaving the Netherlands team members eating their hearts out.

၂၀၁၀ ဖီဖာ ကမ္ဘာ့ဘောလုံးပွဲမှာ နယ်သာလန်အသင်းကို စပိန်အသင်း က တစ်ဂိုး ဂိုးမရှိနဲ့ အနုင်ရလိုက်တော့ နယ်သာလန်ဘောလုံးအသင်းသားတွေ စိတ်ပျက်ကျန်ခဲ့ကြတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Lose heart ဖြစ်ပါတယ်။ Lose = ဆုံးရှုံးသည်၊ Heart = အသဲနှလုံး တို့ ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အသဲနှလုံး ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ heart ကို ဒီနေရာမှာ စိတ်ဓါတ်အဖြစ်၊ သတ္တိအဖြစ် ရည်ညွှန်းသုံးထားတာ ဖြစ်တဲ့အတွက်ကြောင့် lose heart က စိတ်ဓါတ်ကျတာ၊ အားလျော့တာ၊ အားမရှိတာ၊ ယုံကြည်စိတ်ချမှု လျော့နည်းလာတာ စသဖြင့်ကို ဆိုလိုတာ ဖြစ်ပါတယ်။

အလုပ်က ဖြုတ်ခံရတဲ့လူတဦးကို အားပေးတဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Please don’t lose heart. Keep trying. There will be other chances to get a better job.

မင်းစိတ်ဓါတ် မကျပါနဲ့ကွာ။ ဆက်လက်ကြိုးစားပါ။ ပိုကောင်းတဲ့အလုပ်ရဖို့ တခြားအခွင့်အလမ်းတွေလည်း ပေါ်လာမှာပါ။

Lose heart ဝေါဟာရကြားမှာ your ကို ထည့်ပြီး lose your heart ဆိုပြီးသုံးရင် အဓိပ္ပါယ်က ပြောင်းသွားပါတယ်။ တဦးဦးအပေါ်မှာ မေတ္တာရှိတာ၊ တခုခုကို ခုံမင်နှစ်သက်တာကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I lost my heart to Mary ten years ago when I saw her at a party. We soon got married and now we have three kids.

လွန်ခဲ့တဲ့ ဆယ်နှစ်က Mary ကို ကျနော် ပါတီတခုမှာ တွေ့လိုက်ချိန်မှာ သူ့အပေါ် မေတ္တာရှိ ချစ်ကြိုက်မိခဲ့တယ်။ မကြာခင် ကျနော်တို့ လက်ထပ်လိုက်ကြပြီး အခုဆို သားသမီး သုံးယောက်တောင် ရလာခဲ့ပြီ။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates