သြရသ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁
အာဖရိကမြောက်ပိုင်းက သက်တော်ရှည် အာဏာရှင်ကြီး လစ်ဗျားပြည့်ရှင် ကဒါဖီတယောက် မြို့တော် ထရီပိုလီမှာ ခွေးသေ ၀က်သေ မသေဘူး၊ အာဇာနည်တဦးလို သေမယ် လို့ ပြောလိုက်တယ်။ ကျားမ မရွေး၊ ကလေးတွေ ခွေးတွေအထိ သတ်ဖြတ် ရှင်းလင်းပြီး ရန်သူတွေကို မျိုးစေ့တောင် မချန်ဘူးလို့ ကြိမ်းလိုက်တယ်။ အနောက်အုပ်စုကအဖျက်သမားတွေကို ဆန့်ကျင်ချေမှုန်းကြလို့ ကြွေးကြော်နေရာကနေ သူရဲ့မိတ်ဆွေကြီး အစွန်းရောက်အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်ကြောင့် သူ့တိုင်းပြည်ပျက်ရတာပါလို့ စွပ်စွဲလိုက်ပြန်တယ်။ လက်နက်မဲ့တဲ့ ဆန္ဒပြသူတွေကို ကြေးစားစစ်သားတွေ၊ ရဟတ်ယာဉ်တွေ သုံးပြီး ပစ်ခတ် သတ်ဖြတ်နေတယ်လို့ ဆိုတယ်။
အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက စာနယ်ဇင်းတွေက ကဒါဖီဟာ သူ့ဇာတ်သိမ်းချိန်မှာ သူ့တိုင်းပြည်ကို တစစီ ပြိုကွဲ ပျက်စီးသွားအောင် ပြည်တွင်းစစ်မီးတိုက်ပြီး ထားခဲ့နေပြီလို့ ဝေဖန်နေပြီ။ အာဖရိကက ပြည်တွင်းစစ်မီးတောက်လောက်ပြီး ပြည်သူတွေ သွေးချောင်းစီးနေတဲ့ တိုင်းပြည်အချို့လို သူဟာ တိုင်းပြည်ကိုပါ သေတွင်းထဲ ပို့ခဲ့ဖို့ လုပ်ကြံသူလို့ အမည်းစက်ကြီး ဖြစ်လာတော့ လောလောဆယ် ကဒါဖီ မကျဆုံးခင်မှာ နိုင်ငံတကာက ရင်မနေကြရတယ်။ အီဂျစ်ပြည်နဲ့ တူနီးရှားက အာဏာရှင်တွေဟာ ကဒါဖီထက် တိုင်းပြည်မျက်နှာကို ကြည့်သလို အမှတ်ပိုပေးရမလိုပဲ။ သို့သော် စစ်အာဏာရှင်လက်အောက်က လက်နက်ကိုင်စစ်တပ်ဟာ နောက်ဆုံးတနေ့မှာ ပြည်သူဖက်ကို သေနတ်ပြောင်း မလှည့်တဲ့တနေ့ ပြည်သူတွေ အောင်ပွဲ ခံရတာ အမှန်တရားပါ။
ယခုအချိန်မှာ လစ်ဗျားပြည်အရှေ့ဖက် အီဂျစ်နယ်စပ်တကျောနဲ့ ကမ်းရိုးတမ်းမှာ အတိုက်အခံ၊ ဆန္ဒပြသူ လူငယ်တွေနဲ့ ခွဲထွက်လာတဲ့ စစ်တပ်တွေက ချူပ်ထိမ်းလိုက်ပြီ ဖြစ်တယ်။ ပြည်သူတွေဟာ အကြမ်းဖက်မှုတွေ သတ်ဖြတ်မှုတွေကို ရှောင်ရှားဖို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ အိမ်နီးချင်းတွေက ဒုက္ခသည်စခန်းတွေ ဖွင့်ပြီး ကြိုဆိုဖို့ ပြင်ဆင်နေရတယ်။ နိုင်ငံခြားသားတွေ မြို့တော် ထရီပိုလီကနေ ကယ်ထုတ်ဖို့ ကြိုးစားနေကြတယ်။ မကြာမီမှာ ထရီပိုလီကို ကယ်တင်မယ်လို့ ခွဲထွက် စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေက ကြွေးကြော်တယ်။ ထရီပိုလီမှာလည်း ဆက်ပြီး ကန့်ကွက်ဆန္ဒ̔ပြဦးမှာပဲလို့ ဆန့်ကျင်သူတွေက ထုတ်ပြန်ထားတယ်။ ကဒါဖီဟာ အနည်းဆုံးတော့ သူ့အုပ်ချူပ်မှုအာဏာစက်ကို ဆုံးရှုံးနေရတာ ထင်ရှားတယ်။ အာဏာစက်ကို ပြန်လည် ရယူဖို့ အရင်းအနှီးကတော့ ပြည်သူလူထုတွေရဲ့ အသက်တွေ သွေးတွေကို စတေးပြီးမှပဲ ဖြစ်မယ် ဆိုတာ ထင်ရှားနေပြီ။ ဒါဟာ အနှစ် ၄၀ ကျော် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တဦး ကျဆုံးခန်း၊ ပျက်စီးခန်း မျက်မြင်သက်သေဖြစ်တယ်လို့ ပြောချင်တယ်။
စိတ်ဝင်စားစရာကတော့ ကဒါဖီဟာ ပြည်သူလူထုကို အကြောက်တရားနဲ့ ပိပြားအောင် သတ်ဖြတ် ဖမ်းဆီး ဖိနှိပ် အုပ်ချုပ်နိုင်ရုံတင်မဟုတ်၊ နိုင်ငံတကာမှာလည်း နိုင်ငံရေးသြဇာ စီးပွားရေး သြဇာ တည်ဆောက်နိုင်သူ၊ ဖြန့်ကျက်နိုင်သူ ဖြစ်တယ် ဆိုတာဖြစ်တယ်။ ဒါကြောင့်လည်း အနှစ် ၄၀ ကျော် အာဏာမြဲတာပေါ့။ သူရဲ့ ကိုလိုနီအရှင်ဟောင်း အီတလီဟာ သူ့ကို ရေနံနဲ့ ဓာတ်ငွေ့မျက်နှာကြောင့် အတော်ကို ပ စားပေး ဆက်ဆံတယ်။ ဥရောပဈေးကွက်ဟာ လစ်ဗျားက စွမ်းအင်ကုန်ကြမ်းတင်သွင်းမှုကို အတော်မှီခိုနေတယ်။ အာဏာရှင် ကဒါဖီဟာ ကုလညီလာခံမှာသာမက နိုင်ငံတကာမှာ အကြမ်းဖက်ဝါဒနဲ့ ရန်စနေတာတောင် အရင်းရှင်တွေက မျက်နှာလွဲနေခဲ့ကြတာ အနှစ် ၄၀ ရှိပေါ့။ ဒါဟာ အနောက်နိုင်ငံတွေရဲ့ မျက်နှာလိုက်တဲ့ ပထ၀ီနိုင်ငံရေးပဲ။
အခုလို နေမ၀င်ခင်မှာ ၁၉၈၈ တုန်းက စကော့တလန်ပြည်ပေါ်မှာ အမေရိကန်လေယာဉ်တစင်းကို ဗုးံဖောက်ပစ်လိုက်ခဲ့တဲ့ အမှုမှာ အတော် အစွပ်စွဲခံရတယ်။ အမေရိကန်က ကဒါဖီရန်စကားပြောလွန်းလို့ တိုက်လေယာဉ်တွေနဲ့ သူ့နန်းတော်ကို တိုက်ခဲ့ရသေးတယ်။ လစ်ဗျားပြည်ကို No Fly Zone တွေ ဘာတွေနဲ့ သူ့လေယာဉ်တွေ တက်မလာနိုင်အောင် လုပ်မယ် ဘာညာ ဖြစ်ဖူးတယ်။ ပြီးတော့ အင်္ဂလန်က လစ်ဗျားရဲ့ ရေနံတွေ ဂက်စ်တွေ မက်လို့ အဲသည် လေယာဉ်အကြမ်းဖက်သမားကို မျက်နှာလုပ်ပြီး လွတ်ငြိမ်းခွင့် မကြာခင်က ပေးလိုက်သေးတယ်။ အခုတော့ ဒါတွေအကုန်လုံးက အနောက်ပြည်က အရင်းရှင်တွေကို အရှက်ရစေခဲ့ပေါ့။
အမေရိကန်ကလည်း စွမ်းအင်ကုန်ကြမ်းပိုင်ရှင် အာဏာရှင်တွေအပေါ်မှာ အလွန် အလိုလိုက်တာ ကလား၊ အီဂျစ်ပြည်တုန်းက အတော်ထိန်းပြီး ဝေဖန်သူဟာ အခုတော့ အချိန်မီ လစ်ဗျားကို ဝေဖန်ပြစ်တင်နေရပြီ။ ချက်ခြင်းဆိုသလို ကုလလုံခြုံရေး ကောင်စီက လစ်ဗျားကို ပြစ်တင် ရှုတ်ချနေရပြီ။ ဆန်ရှင်တွေ တိုးပြီး ပိတ်ဆို့အရေးယူမယ်၊ တိုင်းပြည်ကို အဖြေရှာပါလို့ ပြင်းပြင်းထန်ထန် တိုက်တွန်းနေရပြီ ဖြစ်တယ်။ မတိုက်တွန်း မစွက်ဖက်လို့ မရဘူးလေ၊ အခုတောင် ရေနံဈေးတွေ ထိုးတက်ပြီ၊ ဈေးကစားသူတွေက စိုး၇ိမ်တကြီးနဲ့ ရေနံဈေးကွက်ကို စွက်ဖက်နေပြီ၊ စီးပွားကျနေရာက ဦးမော့မလို ဖြစ်နေတဲ့ ကမ္ဘာကြီးဟာ အာဏာရှင်နိုင်ငံတခုရဲ့ ရေနံဈေးကွက် ဇော်ထိုးမိုးမျော်မှာကို မလိုလားဘူး၊ အဖြေအမြန်ရှာမှ ဖြစ်တော့မယ် မဟုတ်လား။
ကဒါဖီရဲ့ လစ်ဗျားပြည်ကြီး ပျက်စီးရတာဟာ လူငယ်မျူိးဆက်သစ်တွေရဲ့ အင်တာနက် ရီဗောလူးရှင်း သက်သက်နဲ့တော့ မဟုတ်ဘူး။ လူငယ်တွေက အင်တာနက်ကီးဘုတ်တွေ ကိုင်သလို သေနတ်တွေ လက်နက်တွေလည်း ကိုင်တွယ် ပစ်ခတ်နိုင်တဲ့ သဘောရှိတယ်။ လက်နက်တိုက်တွေ ၀င်စီးပြီး ကြမ်းတဲ့ကောင်တွေက ကြမ်းနေတော့တာပဲ။
ပြီးတော့ စစ်တပ်က ခေါင်းဆောင်တွေက သူ့နယ်ပယ် သူ့မြို့နယ်တွေမှာ အတိုက်အခံနဲ့ ပူးပေါင်းလိုက်တယ်။ ပြည်သူကို မပစ်ဘဲနဲ့ သူတို့နယ်ကို သူတို့ လုံခြုံရေးယူထားလိုက်တယ်။ ဒါက အီဂျစ်ပြည် တပ်မတော် ကြားနေတာထက်တောင် တလှမ်း ပိုသွားသလို ဖြစ်တယ်။ လူသတ်တဲ့ စစ်တပ်ကိုတောင် ခွဲထွက် စစ်ခေါင်းဆောင်တွေက ပြန် တိုက်မယ် ဆိုတဲ့ သဘောဖြစ်သွားတာပေါ့။
နောက်တချက်က အစိုးရ၀န်ကြီးတွေ၊ ပြည်ပရောက်နေတဲ့ သံတမန်တွေက ကဒါဖီတို့ကို စွန့်ခွာလိုက်တာကလည်း အရေးပါပြန်တာပဲ။ သူတို့တတွေက အာဖရိကအစည်းအရုံးတွေကနေတောင် ထွက်ပြီးတော့ ကဒါဖီ ပြည်သူတွေကို သတ်ဖြတ်တာကို ဝေဖန် ရှုတ်ချလိုက်တယ်။ နယူးယောက်က ကုလသမဂ္ဂအတွက် ဌာနေ ရုံးခမ်းဖွင့်ထားတဲ့ လစ်ဗျားသံရုံးက အစိုးရအလံကို ဖြုတ်ချပြီး အတိုက်အခံအလံကို လွှင့်တင်ထားတယ်။ ၀န်ကြီးတွေက ထရီပိုလီကနေ စွန့်ခွာပြီး ခွဲထွက်မြို့တော်တွေဆီကို သွားပူးပေါင်းလိုက်တယ်။ အချို့ စစ်ဗိုလ်ကြီးတွေက အခြား နိုင်ငံတွေကို စွန့်ခွာသွားကြတယ်။ ဒါဟာ တိုင်းပြည်တခု ကျဆုံးခန်း မဟုတ်ရင် ဘာဖြစ်မယ် ထင်သလဲ။ ပထ၀ီဒေသ တည်ငြိမ်မှုကိုပါ ထိခိုက်သွားတာကြောင့် အားလုံး ရင်မနေတယ်လို့ ဆိုတာပေါ့။
သည်လောက် တိုင်းပြည်ကြီး မီးဟုန်းဟုန်းတောက်နေတာတောင်မှ အဲသည်အာဏာရှင်က အာဏာကို ကျားကုတ်ကျားခဲ ပြန်တွယ်ပြီး အရယူနိုင်လိုက်မယ်သာ ဆိုရင်တော့ ပြည်သူတွေအားလုံးနဲ့ နိုင်ငံတကာ ကွန်မြူနီတီဟာ တသက်လုံး မျက်နှာမလှန်နိုင်အောင် အရှက်ရတော့မယ်။
ကဒါဖီလက်ထဲက အသက်ငင်နေတဲ့ တိုင်းပြည်ကြီးကို လွတ်လပ်ခြင်း ငတ်မွတ်နေတဲ့ ပြည်သူတွေ လက်ထဲ ပြန် လုယူပြီး ထည့်ပေးဖို့က နိုင်ငံတကာက အစိုးရအများအတွက် စာမေးပွဲ စစ်နေတာ ဖြစ်ပါတယ်။ ယခင်က ဆွေးနွေးဖူးကြသလို လစ်ဗျားပြည်ပေါ်မှာ သူ့တိုက်လေယာဉ်တွေ သူ့ရဟတ်ယာဉ်တွေ တက်မလာအာင် လေကြောင်းကန့်သတ်မှုတွေ လုပ်မှာလား။ ဒါဆိုရင် နေတိုးတပ်တွေရဲ့ သဘောထားနဲ့ တာဝန်တွေ လိုမယ်။ အာဖရိကနိုင်ငံများ အစည်းအရုံးက ၀င်ရောက်ပြီး ငြိမ်းချမ်းရေးတပ်တွေ လွှတ်မှာလား။ ကဒါဖီနောက်မှာ ကြေးစားတွေက အာဖရိကနိုင်ငံတချို့က ဆိုပဲ။ ဒါကို ဘယ်လောက် ကန့်သတ်နိုင်ပါ့မလား။ အတိုက်အခံတွေ ခွဲထွက် စစ်တပ်တွေ မြို့တော်တွေကို နိုင်ငံတကာက အသိအမှတ် တစုံတရာပြုပြီး ကာကွယ်တာ၊ စေ့စပ်တာ၊ နိုင်ငံတကာသဘောထားတွေနဲ့ ပုံစံသွင်းတာတွေ လုပ်ကြမလား။ ကုလလုံခြုံရေး ကောင်စီ ဘာလဲ ဘယ်လဲပေါ့။ မေးခွန်းတွေ က အများကြီးပါ။ အီဂျစ်ပြည်တုန်းကလို အပြင်က အော်ရုံအော်ပြီး အတွင်းမှာအချင်းချင်းတွေ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြီးကြမှာလား။ ကဒါဖီရဲ့ အနှစ် ၄၀ ကျော် ခေါင်းမာပုံမျိုးနဲ့ကတော့ သူ့ကို ရှင်းပစ်မှ ဖြစ်မယ်လို့ကို ပြောတဲ့သူက ပြောနေတော့တာပဲ။
သင်ခန်းစာကတော့ သမိုင်းမှာ အာဏာရှင်တွေအတွက် နေရာ မရှိသင့်ဘူး။ အာဏာရှင်တွေကို တိုင်းပြည်ကိုယ်တိုင်က ပြည်သူတွေက တစိတ်ကလေးမှ အခွင့်အရေးပေးပြီး လက်မခံထားသင့်ဘူး။ သူတို့တတွေကို တိုင်းပြည်ကို ထိုးအပ်လိုက်တဲ့အခါ အနှစ် ၂၀ ဖြစ်ဖြစ် အနှစ် ၄၀ ဖြစ်ဖြစ် အနှစ် ၁၀၀ ဖြစ်ဖြစ် တိုင်းပြည်မှာ အရိုးတွေ တောင်လိုပုံတာပဲ ကျန်တယ်။ သူများတိုင်းပြည်တွေမှာ အားလုံးက လင်ယူသားမွေးပြီး သားသမီး မြေးမြစ် တီကျွတ် တွေ တိုးနေချိန်မှာ အာဏာရှင်နိုင်ငံတွေက ဘာပေးသလဲ။ သားတကွဲ သမီးတကွဲ၊ လင်ကွဲ မယားကွဲ၊ သေကွဲ ရှင်ကွဲ တိုင်းပြည်ကြီးပဲ ကျန်ရစ်တာ အဖတ်တင်တယ်။
ကဲ … ကဒါဖီ နေ၀င်ချိန်မှာ အခြားအာဏာရှင်တွေကိုပါ သူတို့သိမ်းရမယ့် လမ်းကိုပါ တခါတည်း မီးတော့ ထွန်းပြထားခဲ့မှ ဖြစ်လိမ့်မယ်။
မိုးမခမှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်...
ဆက်လက်ဖတ်ရူ့ရန်