Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၃)

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ to win by a landslide, win by the nose, နဲ့ clean sweep တို့ ဖြစ်ကြပါတယ်။

နိုဝင်ဘာလမှာ အမေရိကန် လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတော့ ဒီသတင်းမှာလည်း ရွေးကောက်ပွဲဆိုင်ရာ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံကတော့ to win by a landslide ဖြစ်ပါတယ်။ To win = အနိုင်ရဖို့, By a landslide = မြေပြိုကြသည် - မြေပြိုတဲ့အခါ တောင်စောင်းတလျှောက်မှာ ရှိရှိသမျှ ကျောက်တုံး၊ ကျောက်ခဲတွေ ဒလဟော ထိုးကျလာတဲ့ သဘောဖြစ်ပြီး နိုင်ငံရေးနယ်ပယ်မှာလည်း မဲတွေဟာ ဝင်ရောက်ယှဉ်ပြိုင်သူဘက်ကို အပြတ်အသတ် ဒလဟော ဆင်းလာတဲ့သဘောမျိုး ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီအသုံးကတော့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရရှိလိုက်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲတခုမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရသွားပုံအကြောင်း ဥပမာကို George Crows က ပြောပြပါလိမ့်မယ်။

One race that was decided early on the election night was the senate race in Maryland. Barbara Mikulski was way ahead from the start and ended up with the real landslide over sixty percent.

ရွေးကောက်ပွဲညက စောစောစီးစီး အဆုံးအဖြတ်ပေးတဲ့ ပြိုင်ပွဲကတော့ မယ်ရီလန်းပြည်နယ်က ရွေးကောက်ပွဲပါပဲ။ Barbara Mikulski ဟာ မဲရုံစဖွင့်ကတည်းက ရှေ့က ပြေးနေပြီး မဲရုံလည်း ပိတ်လိုက်ရော အပြတ်အသတ်ကို အနိုင်ရရှိသွားခဲ့တယ်။ ရာခိုင်နှုန်း ၆၀ ကျော်နဲ့ အနိုင်ရသွားတယ်။

ဒီ landslide ဆိုတဲ့အသုံးစကားနဲ့ ဆန့်ကျင်ဘက် အသုံးအနှုန်းကတော့ win by the nose ဆိုတဲ့အသုံးပဲ ဖြစ်ပါတယ်။ win = အနိုင်ရရှိသည်၊ by = နှင့်၊ the nose = နှာခေါင်းတို့ ဖြစ်ကြပြီး တိုက်ရိုက်အဓိပ္ပါယ်က နှာတဖျားနဲ့ အနိုင်ရရှိလိုက်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

ကျမတို့ မြန်မာမှာလည်း ဒီအသုံးရှိတာ သောတရှင်များ သိပြီးဖြစ်ပါတယ်။ ဒီအသုံးကတော့ မြင်းပွဲကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ မြင်းတကောင်နဲ့တကောင် အကြိတ်အနယ် အပြေးပြိုင်ရာကနေ ပန်းဝင်ဖို့ စက္ကန့်ပိုင်းအနည်းငယ်အလိုမှာ နောက်ဆုံးမြင်းက အားကုန်ဆွဲပြီး ပြေးလိုက်တဲ့အခါမှာ နှာတဖျားနဲ့ကပ်ပြီး အနိုင်ရရှိသွားခြင်းပါ။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။

Nobody gave Mrs. Green a chance to win. She was new to politics and her opponent had plenty of money for his campaign, but she was very hard to get voters' support and surprise us all when she won by a nose.”

Mrs. Green
ကို အနိုင်ရရှိလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားဘူးလေ။ သူဟာ နိုင်ငံရေးလောကမှာ မျက်နှာသစ်ဖြစ်ပြီး သူ့ရဲ့ယှဉ်ပြိုင်ဘက်ကလည်း မဲဆွယ်လှုပ်ရှားမှုမှာ သုံးဖို့ ငွေအင်အားကောင်းတယ်။ ဒါပေမဲ့ သူက မဲဆန္ဒရှင်တို့ထံက ထောက်ခံမှုရရှိဖို့ မနားမနေ ကြိုးပမ်းခဲ့တယ်။ ဒါကြောင့် သူ နှာတဖျားနဲ့ကပ်ပြီး အနိုင်ရရှိလိုက်တော့ ကျနော်တို့ အားလုံး အံ့အားသင့်သွားရတယ်ပေါ့ဗျာ။

စောစောပိုင်းက တင်ပြခဲ့တဲ့ မဲအပြတ်အသတ် အနိုင်ရရှိမှုနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းကို ပြန်ပြီးလေ့လာမယ်ဆိုရင်တော့ သတင်းစာလောကမှာ အသုံးများတဲ့စကားရပ်ကတော့ clean sweep ဆိုတဲ့ အီဒီယံအသုံးအနှုန်း ဖြစ်ပါတယ်။ စာလုံးပေါင်းက clean = သန့်သန့်၊ sweep = အောက်ခြေသိမ်းကအစ ပြောင်နေအောင် လှဲကျင်းပစ်လိုက်တဲ့သဘော ဆောင်ပါတယ်။ တံမျက်စည်းကြီးနဲ့ ပြောင်နေ အောင် လှဲကျင်းပစ်လိုက်သလို မြို့တမြို့ ဒါမှမဟုတ် ပြည်နယ်တနယ်မှာ ပါတီတခုက အားလုံးသိမ်းကျုံးပြီး အနိုင်ရရှိလိုက်တာကို ဒီ အီဒီယံ ကို သုံးနှုန်းလို့ရပါတယ်။

မကြာမီက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ မဲများ ကျုံးပြီးအနိုင်ရရှိလိုက်တဲ့ ပြည်နယ်တခုရဲ့ နိုင်ငံရေးပါတီအဖွဲ့ဥက္ကဋ္ဌတဦး ပြောကြားချက်ကို လေ့လာကြည့်ကြရအောင်။

I’m glad to say all party won every major election in our state - Governor, US Senator or Congressman and big majority in the state legislature. It was the first clean sweep for us in the last forty years.

ကျနော်တို့ပါတီက ပြည်နယ်ရဲ့ အဓိက ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရှိလိုက်တဲ့အတွက် ကျနော့်အနေနဲ့ ဝမ်းသာမဆုံးဖြစ်မိတယ်လို့ ပြောရမှာပါ။ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ အမေရိကန် အထက်လွှတ်တော်ကိုယ်စားလှယ်၊ ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ် အားလုံးအပြင် ပြည်နယ်ဥပဒေပြု အဖွဲ့ဝင်ကိုယ်စားလှယ်တွေမှာလည်း မဲအများစုကို ရရှိလိုက်တယ်လေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ ပထမဦးဆုံးအကြိမ် ကျနော်တို့အတွက် အောက်ခြေကနေ သိမ်းကျုံးပြီး အနိုင်ရရှိလိုက်ခြင်းဖြစ်တယ်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates