Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၁)

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ stump, spin doctor နဲ့ jump on the band wagon တို့ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ (၇) ရက်နေ့ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကြီးလည်း နီးကပ်လာပြီမို့ ဒီတပတ် ရွေးကောက်ပွဲဆိုင်ရာ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

ပထမဆုံး တင်ပြပေးမှာကတော့ Stump ဖြစ်ပါတယ်။ Stump ရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သစ်ငုတ်တိုဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခါစ စောစောပိုင်းက အမေရိကန် လူမျိုးတွေအနေနဲ့ မြေရိုင်းတွေကို လယ်မြေအဖြစ် အသုံးပြုဖို့ မြို့ရွာများတည်ဖို့ သစ်ပင်တွေ ခုတ်ထွင်ရှင်းလင်းကြပါတယ်။

ထိုစဉ်က အခုလို မြို့သစ်ရွာသစ်တွေဆီကို နိုင်ငံရေးသမားတဦးလာပြီး မဲဆွယ်တဲ့အခါ သူဟာ လူအုပ်ကြီးကို စကားပြောရာမှာ သူ့ကို မြင်နိုင် ကြားနိုင်အောင် သစ်ငုတ်တိုပေါ် တက်ပြီး နိုင်ငံရေးကို တရားဟောရတာဖြစ်ပါတယ်။ အဲဒီတော့ နှစ်တွေ ကြာလာတာနဲ့အတူ သစ်ငုတ်တိုလို့ အဓိပ္ပါယ်ရပြီး နာမ်အဖြစ် အသုံးပြုတဲ့ Stump ကို ကြိယာအဖြစ်လည်း အသုံးပြုလာပြီး အဓိပ္ပါယ်ကတော့ နိုင်ငံရေး မဲဆွယ် တရားဟောဖို့၊ တနေရာကနေ တနေရာ လှည့်လည်သွားလာခြင်းပဲဖြစ်ပါတယ်။

အခုလောလောဆယ်မှာ အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်ပါတီက သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံဖို့ ဆိုင်းပြင်းနေကြတဲ့ အထက်လွှတ်တော်အမတ် နှစ်ဦးဖြစ်တဲ့ ဟီလာရီ ကလင်တန် နဲ့ ဘားရက်အိုဘားမား တို့အပြင် ရီပတ်ပလစ်ကန်ဘက်က အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း တို့လည်း ကျန်ရှိတဲ့ပြည်နယ်တွေကို မဲဆွယ်လှုပ်ရှားနေကြတာ သောတရှင်များ အသိဖြစ်ပါတယ်။

သူတို့အခုလို မဲဆွယ်လှုပ်ရှားတာကို Stump လို့ ရည်ညွှန်းပြောလို့ ရပြီးတော့ သူတို့ မဲဆွယ်ပြောကြားတဲ့ မိန့်ခွန်းများကိုလည်း Stump Speeches လို့ ပြောလို့ရပါတယ်။ ဒီအသုံးနဲ့ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။

The Governor is running for re-election and he’s looking hard for votes. He stumps the whole state next month and may speeches in over 50 cities and towns.

ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ ပြန်လည်အရွေးခံဖို့ရှိပါတယ်။ သူ့ကို မဲပေးကြဖို့ သူ သိပ်လိုလားနေတယ်။ ဒါကြောင့် သူဟာ လာမယ့် လ တလလုံး မြို့ကြီး မြို့ငယ်ပေါင်း ၅၀ ကျော်တို့ကို လှည့်လည်သွားလာပြီး မဲဆွယ်မိန့်ခွန်းတွေ ပြောကြားမှာဖြစ်ပါတယ်။

နောက်ထပ်တင်ပြပေးမယ့် အီဒီယမ်အသုံးကတော့ Spin Doctor ဆိုတာပဲဖြစ်ပါတယ်။ စာလုံးပေါင်းက Spin လှည့်တာ၊ လည်ပတ်စေတာ၊ Doctor ဆရာဝန်လို့ လုံးကောက်အဓိပ္ပါယ်ရပါတယ်။ အီဒီယမ်ဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ် ကတော့ ဒီလိုပါ။ မကောင်းတာကို ကောင်းအောင်ကြည့်ပြောတတ်တဲ့ လူ့ပဂေး၊ အနှုတ်လက္ခဏာကို အပေါင်းလက္ခဏာဖြစ်အောင် ပြောတတ်တဲ့ လူမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

အခုလို ရွေးကောက်ပွဲနီးလာချိန်မှာ ရုပ်မြင်သံကြားကနေ မဲဆွယ်လှုပ်ရှားတာ သိပ်ကို အရေးကြီးလှတဲ့အတွက် ကိုယ်စားလှယ်လောင်းတို့အနေနဲ့ Spin Doctor တွေကို ငှားရမ်းလေ့ရှိပါတယ်။ Spin Doctor ကတော့ ရုပ်မြင်သံကြားနဲ့ သတင်းစာနယ်ဇင်းတွေမှာ ကိုယ်စားလှယ်လောင်းတဦးကို လူကြိုက်များအောင် စွမ်းဆောင်ပေးနိုင်တဲ့ ပါရမီပါသူ လူထု ဆက်ဆံရေးကျွမ်းကျင်သူ တဦးကို ဆိုလိုတာဖြစ်ပါတယ်။

တင်းနစ်ဘောလုံးကို အထူးလှည့်ကွက် ရိုက်ချက်နဲ့ ပေးလိုက်ရင် တဖက်က ဘယ်လိုမှ နိုင်အောင် ပြန်မရိုက်နိုင်တဲ့သဘောပါ။ အကြပ်အတည်းတွေ့နေတဲ့ နိုင်ငံရေးသမားတဦးအကြောင်း သုံးထားတဲ့ George Crows ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။

All candidates get in trouble in front of the TV cameras. Every time they ask him about the economy or his stand on abortion. We’d better get a good spin doctor to give him some quick coaching.

ကျနော်တို့ရဲ့ ကိုယ်စားလှယ်လောင်းကတော့ ပြဿနာပါပဲဗျာ။ တီဗွီကင်မရာရှေ့ကျ နိုင်ငံ့ရဲ့ စီးပွားရေး၊ ပဋိသန္ဓေဖျက်ချရေး ကိစ္စနဲ့ ပတ်သက်လို့ သူ့အမြင်ကို မေးတိုင်း ဒုက္ခရောက်တော့တာပဲ။ ဒါကြောင့် သူ့ကို လက်ထပ်သင်ကြားပေးနိုင်မယ့် အပြောကောင်းတဲ့ ပဂေးတယောက်ကိုတော့ အမြန်ဆုံး ရှာကြပါစို့။

အခုနောက်ဆုံး တင်ပြပေးမယ့် အီဒီယမ်အသုံးကတော့ Jump On The Band Wagon ဖြစ်ပါတယ်။ Jump On = အပေါ်ကို ခုန်တက်သည်။ The Band = အတီးအမှုတ်။ Wagon = လှည်း ဆိုတော့ Band Wagon ရဲ့ အဓိပ္ပါယ်က အတီးအမှုတ်နဲ့ ဖျော်ဖြေသူတစုကို သယ်ယူပို့ဆောင်ပေးတဲ့ လှည်းဖြစ်ပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ရေဒီယို ရုပ်မြင်သံကြားတို့ မပေါ်မချင်းခေတ်ကဆို နိုင်ငံရေးသမားတွေအနေနဲ့ လူထုရဲ့အာရုံကို ရနိုင်ဖို့ အတီးအမှုတ် ဖျော်ဖြေသူတွေ ပါတဲ့ လှည်း မှာ သူတို့ နာမည်ကြော်ငြာကပ်ပြီး လှည့်လည် မဲဆွယ်ခဲ့ကြပါတယ်။

အတီးအမှုတ်သမားတွေကလည်း လူအုပ်ကြီးဝိုင်းလာအောင် ကျယ်နိုင်သမျှ ကျယ်အောင် တီးမှုတ်ကြတဲ့အတိုင်း ၀င်ရောက် ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းကို လူကြိုက်များတယ်လို့ ယူဆရင် ပါမွှားနိုင်ငံရေးသမားတွေက အဲဒီကိုယ်စားလှယ်ရဲ့ မဲဆွယ်တဲ့ရထားပေါ်ကို ခုန်တက်ကြပြီး ကျုပ်တို့တော့ ဒီကိုယ်စားလှယ်ဘက်ကဗျို့ဆိုပြီးတော့ ထောက်ခံမှု ပြသရာက ဒီအသုံးဆင်းသက်လာတာဖြစ်ပါတယ်။ ခုခေတ်မှာတော့ အတီးအမှုတ်သမားတွေကို လှည်းပေါ်တင်ပြီး လိုက်လံ မဲဆွယ်တာမျိုးတော့ မရှိတော့ပါဘူး။

ဒါပေမဲ့လို့လည်း နိုင်ငံရေးယုံကြည်ချက်ကို Band Wagon ဆိုပြီး ရည်ညွှန်းအသုံးပြုလာကြပြီး အဖွဲ့အစည်းတခုခု ပါတီတခုခု အယူအဆသစ် တခုခုကို သဘောကျလို့ ထောက်ခံသူများတဲ့စာရင်းဝင်ချင်ရင် Jump on the band wagon ဆိုတဲ့ အသုံးကို ရည်ညွှန်းအသုံးပြုလာကြတာကို တွေ့ရပါတယ်။ ဒီအသုံးနဲ့ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။

Sometime you can tell who is going to win a big office like President or Governor by watching how many other politicians come running to jump on his band wagon and get credit for supporting him.

သမ္မတ ဒါမှမဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့လို ရာထူးတွေအတွက် ဘယ်သူအနိုင်ရမလဲဆိုတာကို သူ့ကို ၀ိုင်းထောက်ခံကြတဲ့ အရေအတွက်ကို ကြည့်ခြင်းအားဖြင့် ကြိုတင်သိနိုင်ပါတယ်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates