ဟိုး ရှေးရှေးတုန်းက ယုန် နဲ့ လိပ်ဟာ ဘယ်သူ အပြေးပိုသန်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြသတဲ့။ အဲဒီ ငြင်းခုန်မှုကို ပြိုင်ပွဲတစ်ပွဲနဲ့ အဖြေရှာဖို့ နှစ်ဦးလုံး သဘောတူလိုက်ကြတယ်။ အပြေးပြိုင်ဖို့ လမ်းကြောင်းတစ်ကြောင်းကို နှစ်ဦးသဘောတူ ရွေးချယ်ပြီး ပြိုင်ပွဲကို စတင်လိုက်တယ်။ စလိုက်တယ် ဆိုရင်ပဲ ယုန်ဟာ အားကုန် ရှိသမျှ ခွန်အားနဲ့ တဟုန်ထိုး ပြေးတော့တယ်။ လှုပ်ပဲ့လှုပ်ပဲ့ ရွေ့လာနေတဲ့ ကိုရွှေလိပ်နဲ့ အပြတ်အသတ် ကွာနေတော့ ကိုယုန်က သစ်ပင်တစ်ပင်အောက်မှာ အေးဆေး အနားယူတော့တာပေါ့။ မကြာခင်မှာပဲ အိပ်ပျော်သွားလေရဲ့။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး လာနေတဲ့ ကိုရွှေလိပ်က ပန်းတိုင်ကို ရောက်မှ ကိုယုန်ခမျာ နိုးလာတော့ ဘာတတ်နိုင်ဦးမှာလဲ။ ရှုံးရောပေါ့။
အနှစ်သာရ - ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ရင် အောင်ပွဲခံနိုင်တယ်။
ဒါ ကျနော်တို့ ကြားဖူးနားဝ ရှိနေခဲ့တဲ့ ယုန်နဲ့လိပ် ပုံပြင်လေးပါ။ ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။ တခြား စိတ်ဝင်စားစရာတွေ ရှိနေပါသေးတယ်။ ဘာတွေ ဆက်ဖြစ်သေးသလဲ ဆိုတော့ ...
ကိုယုန်က ပြိုင်ပွဲ ရှုံးသွားလို့ အတော်လေး စိတ်တိုသွားတယ်။ ဒါပေမယ့် သူ ရှုံးရတဲ့ အကြောင်းအရင်းကို ကိုယ့်ဖာသာ မညှာတမ်း ပြန်ပြီး သုံးသပ်နေမိတယ်။ ကိုယ့်ကိုယ်ကို အသားလွတ် အထင်ကြီးခဲ့မိလို့ ဆိုတာ သိလာခဲ့တယ်။ နောက်ပြီး ဂရုမစိုက်ဘူး။ အရမ်း ပေါ့ပေါ့ဆဆ နိုင်ခဲ့တယ်လို့ သူ နားလည်လိုက်တယ်။ ဒါတွေကိုသာ သူ ပြင်နိုင်မယ် ဆိုရင် သူ ကိုရွှေလိပ်ကို ဘာမနိုင်စရာ အကြောင်း ရှိမလဲ။ ဒီလိုနဲ့ ကိုယုန်ဟာ ယုံကြည်ချက် အပြည့်နဲ့ ကိုရွှေလိပ်ကို နောက်တစ်ခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ကိုရွှေလိပ်ကလည်း "ကြောက်လို့လား" လို့တော့ အပြောမခံဘူး။ ပြိုင်ဖို့ ခေါင်းညိတ်လိုက်တယ်။ ဒီတစ်ခါတော့ ကိုယုန်က ပန်းတိုင်ရောက်တဲ့အထိ နည်းနည်းလေးမှကို အနားမယူတော့ဘဲ တရစက် ပြေးတော့တာပဲ။ ဒီတော့ မိုင်ပေါင်းများစွာ အပြတ်အသတ်ကွာပြီး ကိုရွှေလိပ်ကို အနိုင်ရလိုက်တယ်။
အနှစ်သာရ - ခပ်မြန်မြန်လေး တသတ်မတ်တည်း လုပ်နိုင်မယ်ဆိုရင် ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်သူကို ဘယ်တော့မဆို ယှဉ်နိုင်ပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်တာ ကောင်းပါတယ်။ ဒါပေမယ့် အရှိန်ကို ခပ်သွက်သွက်လေး ထိန်းပြီး အလုပ်လုပ်သွားနိုင်ရင် ပိုကောင်းတာပေါ့။
ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။
ဒီတစ်ခါတော့ ကိုရွှေလိပ် စဉ်းစားရပြီပေါ့။ ဒီပုံ ဒီလမ်းနဲ့သာ ပြိုင်မယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ ကိုယုန်ကို မယှဉ်နိုင်တာ သေချာနေတယ်။ သူ အကြိတ်အနယ် စဉ်းစားပြီး တခဏမှာတော့ ကိုယုန်ကို နောက်တစ်ခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ပြေးလမ်းကြောင်းကို အပြောင်းအလဲ အနည်းငယ် လုပ်လိုက်တယ်။ ကိုယုန်က သဘောတူတော့ ပြိုင်ပွဲကို နောက်တစ်ကြိမ် စလိုက်ပြန်ပြီ။ ထုံးစံအတိုင်း ယုံကြည်ချက် အပြည့်နဲ့ ကိုယုန်ဟာ သူ ခံယူထားတဲ့အတိုင်း ခပ်မြန်မြန်လေး မနားတမ်း ပြေးတော့တာပေါ့။ ပြေးရင်းနဲ့ အတန်အသင့် ကျယ်တဲ့ မြစ်ကမ်းနားဘေး ရောက်တော့ ကိုယုန် အတွေးနယ် ချဲ့ရပြန်ပြီ။ မြစ်တစ်ဖက်ကမ်းရဲ့ မိုင်အနည်းငယ်ကို သွားပြီးမှ သူတို့ သက်မှတ်ထားတဲ့ ပန်းတိုင်က ရောက်မယ်လေ။ ကိုယုန် ငုတ်တုတ်ကြီးထိုင်ပြီး ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ စဉ်းစားခန်း ၀င်နေတော့တယ်။ ဟိုကောင် ကိုရွှေလိပ် ဘယ်လို လုပ်မလဲဆိုတာလည်း သူ စိတ်ဝင်စားနေတယ်။ ခဏကြာတော့ ကိုရွှေလိပ်ရောက်လာပြီး မြစ်ထဲဆင်းသွားလေရဲ့။ လက်ပစ်ကူးသွားပြီး ဟိုဘက်ကမ်းရောက်တော့ မနားတမ်း ဆက်လျှောက်သွားတယ်။ ဒီလိုနဲ့ ကိုရွှေလိပ် ပန်းဝင်သွားတယ်။
အနှစ်သာရ - ပထမဆုံး ကိုယ့်ရဲ့ ယှဉ်ပြိုင်နိုင်တဲ့ အားသာချက်ကို စမ်းစစ်ပါ။ နောက်ပြီး အဲဒီ အားသာချက်နဲ့ သင့်လျော်မယ့် ပတ်ဝန်းကျင်ကို ရွေးချယ်ပြီး ပြိုင်ဆိုင်ဖို့ ကြိုးစားပါ။ အဲဒီလို ပတ်ဝန်းကျင်ကို ဖန်တီးပါ။
ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။
ဒီအချိန်မှာတော့ ယုန်နဲ့လိပ်ဟာ အင်မတန် ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်နေကြပြီ။ သူတို့ နှစ်ကောင် အတူတကွ အကြံထုတ်ပြီး နောက်ဆုံး ပြိုင်ပွဲလေးတစ်ပွဲကို လှလှပပနဲ့ အဆုံးသတ်လိုက် ချင်ကြတယ်။ ဒါကြောင့် နောက်ထပ် ပြေးပွဲလေး တစ်ပွဲနွှဲပြီး စည်းလုံးမှုကို ပြဖို့ ဆုံးဖြတ်လိုက်တယ်။ ပြေးပွဲလေး စပြီ။ ဒီတစ်ခါတော့ ကိုယုန်ဟာ ကိုရွှေလိပ်ကို မြစ်ကမ်းနားပါး ရောက်တဲ့ အထိ ထမ်းခေါ်သွားလိုက်တယ်။ မြစ်ထဲမှာတော့ ကိုရွှေလိပ်က ကိုယုန်ကို ကျောပေါ်တင်ပြီး မြစ်ကို အတူကူးကြတယ်။ ဟိုဘက်ကမ်းလည်း ရောက်ရော ကိုယုန်က ပြန်ထမ်းပြီး အတူတူ ပန်းဝင်လိုက်ကြတယ်။ ဒီတခါတော့ အရင်က ခံစားခဲ့ရတဲ့ ကျေနပ်မှုထက် အများကြီးသာတဲ့ ကျေနပ်မှုတွေ နှစ်ယောက်လုံး ပိုင်ဆိုင်ကြရတယ်။
အနှစ်သာရ -တစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့ အောင်မြင်တယ်ဆိုတာ ကောင်းပါတယ်။ ကိုယ်ပိုင် ထူးကဲတဲ့ အရည်အချင်းနဲ့ပေါ့။ ဒါပေမယ့် စုစုစည်းစည်း တစ်ဦးချင်းစီရဲ့ အားသာချက်တွေ အသုံးပြုပြီး အဖွဲ့နဲ့ အလုပ် မလုပ်တတ်ဘူးဆိုရင်တော့ သင်ဟာ သာမန်လူ သာသာပါပဲ။ ဘာလို့လဲဆိုတော့ သင်မတတ်နိုင်တဲ့ ကိစ္စတချို့မှာ တခြားသူက ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ အနေအထားတွေ အမြဲ ရှိနေမယ်လေ။ နေရာတိုင်းမှာ နံပါတ် တစ် ဆိုတာတော့ ဘယ်ဖြစ်နိုင်မလဲ။ ဒီတော့ အားလုံး ခြုံကြည့်လိုက်ရင် သင်ဟာ သာမန်လူ သာသာပဲ။ စုစည်းလုပ်ဆောင်မှုမှာ အခြေအနေအရ ခေါင်းဆောင်တွေ အပြောင်းအလဲ လုပ်ပေးရမယ်။ သူတို့ရဲ့ ထူးကဲတဲ့ အားသာချက် စွမ်းရည်တွေအပေါ် မူတည်ပြီးတော့ပေါ့။
အထက်က ပုံပြင်မှာဆိုရင် ယုန်ကော လိပ်ပါ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် နောက်မဆုတ်၊ လက်မတွန့်ခဲ့ပါဘူး။ ယုန်ဟာ ရှုံးပွဲနဲ့ ကြုံရပြီးနောက်ပိုင်း အရင်ကထက် ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်ခဲ့တယ်။ လိပ်ဟာလည်း သူ အစွမ်းကုန် ကြိုးစားပြီးတာတောင် မအောင်မြင်နိုင်တော့ လမ်းဟောင်းကို စွန့်ပြီး နည်းဗျူဟာ အသစ်ကို ပြောင်းသုံးဖို့ ၀န်မလေးခဲ့ဘူး။
ကျနော်တို့ ဘ၀မှာကော ....။ ဆုံးရှုံးမှုတွေနဲ့ ကြုံလာရတဲ့အခါ တစ်ခါတလေ ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ တစ်ခါတလေမှာ နည်းဗျူဟာ နဲ့ တခြား ပြောင်းလဲမှု တစ်စုံတစ်ရာ လုပ်ယူရတယ်။ တစ်ခါတလေတော့လည်း နှစ်ခုစလုံး တပြိုင်တည်း လုပ်ရလိမ့်မယ်။ ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်နေကြမယ့်အစား လက်ရှိအခြေအနေတွေကို စိန်ခေါ်နိုင်ရင် ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာပါလိမ့်မယ်။
ယုန်နဲ့လိပ် ပုံပြင်ကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် ....
• ခပ်သွက်သွက်၊ ခပ်မြန်မြန်ဖြင့် ပြီးမြောက်အောင် လုပ်ခြင်းသည် ဖြည်းဖြည်းနှင့် မှန်မှန် ပြုလုပ်ခြင်းထက် သာလွန်မြဲ ဖြစ်၏။
• မိမိ၏ ယှဉ်နိုင်စွမ်းရှိသော အားသာချက်ဖြင့် အလုပ်လုပ်ပါ။
• အဖွဲ့တစ်ဖွဲ့အနေဖြင့် ရှိပြီး အရင်းအမြစ်များအား ခွဲဝေအသုံးချတတ်လျှင် တစ်ကိုယ်တည်း စွမ်းဆောင်မြင့်သူထက် သာလွန်သည်သာ ဖြစ်၏။
• ဆုံးရှုံးမှုများ တွေ့ကြုံလာသော်လည်း မည်သည့်အခါမျှ အရှုံးမပေးအပ်။