ဧရာဝတီ | စက်တင်ဘာ ၃၀၊ ၂၀၀၈
မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော ကရင်အမျိုးသားအဖွဲ့အစည်းများထဲတွင် အင်အားအကြီးဆုံးဖြစ်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား ဒီမိုကရက်တစ် တပ်မတော် (ဒီကေဘီအေ) က ယခုအခါ ကရင်ပြည်နယ် အတွင်းရှိ ကျေးရွာများတွင် တပ်သားသစ်များ အဓမ္မစု ဆောင်းနေသည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့အစည်း (ကေအိတ်ခ်ျအာဂျီ) မှ သိရသည်။
KHRG ၏ လတ်တလော သတင်းထုတ်ပြန်ချက်အရ သြဂုတ်လလယ်က တပ်မ ၉၉၉ ၏ တပ်ရင်းမှူး ဗိုလ်ချစ်သူ ဦးဆောင် သော ဒီကေဘီအေ တပ် သည် ကရင်ပြည် နယ်၊ ဖားအံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် အဓမ္မ တပ်သား စုဆောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တပ်သားသစ် စုဆောင်းရာတွင် ဒီကေဘီအေ တပ်သည် ရွာသားများအား မဲစနစ်နှင့် ရွေးချယ်၍ မဲပေါက်သူကို အတင်းအဓမ္မ ခေါ်ဆောင်ခြင်း ပြုလုပ်ခဲ့သည်။ တပ်သားသစ်များ ထဲတွင် အငယ်ဆုံးမှာ အသက် ၁၃ နှစ်ခန့်သာရှိသေးပြီး ရွာတရွာလျင် အနည်းဆုံး တပ်သားသစ် ၁၅ ဦးမှ ၂၅ ဦးထိ ခေါ်ဆောင်သွားကြောင်း ကေအိတ်ခ်ျအာဂျီ ၏ ထုတ်ပြန် ချက်အရ သိရသည်။
လက်ရှိတွင် ထိုတပ်သားသစ်များကို စစ်သင်တန်းပေးလျှက်ရှိပြီး စုစုပေါင်း ၁၇၅ ဦးခန့်ရှိကြောင်း သိရသည်။ တပ်သား သစ်များမှာ ဒီကေဘီအေ တပ်အတွင်း အနည်းဆုံး ၁၈ လခန့် စစ်မှုထမ်းရမည် ဖြစ်ကာ တပ်သားသစ် စုဆောင်းခံရသော ကျေးရွာက တပ်သား တဦးအတွက် ကျပ် ၃ သိန်းမှ ၄ သိန်းအထိ အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း ကေအိတ်ခ်ျအာဂျီ က ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ဒီကေဘီအေက တပ်သားသစ်များ အဓမ္မ စုဆောင်းနေရခြင်းမှာ လွပ်လပ်သော ကရင်အမျိုးသားတပ်မတော် ကေအန်အယ်အေကို နှိမ်နင်းရန်ဖြစ်ပြီး ယခုလက်ရှိတွင် ကေအန်အယ်အေ တပ်မဟာ ၆ က ကာကွယ်ထားသည့် ဒေသ အနီး၌ ဒီကေဘီအေတပ်ရင်းများ ဖြစ်သော တပ်မ ၉၀၇၊ ၉၀၃ နှင့် ၃၃၃ တို့က နေရာယူထားပြီ ဖြစ်ကြောင်း ကေအန်အယ်အေ မှ တာဝန်ရှိသူတဦးက ပြောသည်။
ကေအန်အယ်အေ သည် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ စစ်တပ်ဖြစ်သည်။
“သူကြီးဆီက ကြားတာကတော့ ဒီကေဘီအေ က ဒီဒေသကို ကေအန်အယ်အေ လက်ထဲက သိမ်းပေးဖို့ နအဖနဲ့ သဘောတူညီချက် ယူထားတယ် ဆိုတာါပဲ” ဟု ဒေသခံရွာသား တဦးက ဆိုသည်။
လက်ရှိ ကေအန်အယ်အေ စောင့်ရှောက်ထားသော ဒေသမှာ အဖိုးတန် သယံဇာတများ ပေါကြွယ်ဝ သည့် နေရာတခုဖြစ်ပြီး အထူးသဖြင့် အဖိုးတန် ကျွန်းသစ်များ အလွန်ပေါများသည့် ဒေသဖြစ်သည်။ ထို့ပြင် ကျောက်မီးသွေးတွင်းများ၊ သတ္ထုတွင်းများ ရှိသည့် ဒေသ ဖြစ်သည်ဟု ကေအန်အယ်အေ တပ်မဟာ ၆ မှ တာဝန်ရှိသူတဦးက ပြောပြသည်။
ယခုနှစ်ဆန်းမှစတင်၍ ဒီကေဘီအေနှင့် ကေအန်အယ်အေ တို့ တိုက်ပွဲဖြစ်ပွားမှုများ စိတ်လာခဲ့သည်။
ကေအန်အယ်အေ တပ်များအနေနှင့် ဒီကေဘီအေ တပ်များ၏ တိုက်ခိုက်မှုကို အချိန်နှင့်အမျှ ခံရဖွယ် ရှိကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိအနေအထားအရ ဒီကေဘီအေ ၏ အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ ရှိနေသော်လည်း ကေအန်ယူ ၏ ၁၄ ကြိမ် မြောက် ညီလာခံနှင့်အတူ အမှုဆောင် သစ်များ ရွေးချယ်ပွဲကို ကျင်းပမြဲ ကျင်းပနေကြောင်း ကေအန်အယ်အေ မှ တာဝန် ရှိသူများက ပြောသည်။
0 comments:
Post a Comment