ကျွန်တော်တို့တိုင်းပြည်ဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်ဆိုးရဲ့အောက်မှာ ဘာအညွန့်မှ မထွက်နိုင်အောင်ရှိနေတဲ့ တိုင်းပြည်တစ်ပြည်ပဲဖြစ်ပါတယ်။ စစ်အစိုးရဟာ သူတို့အာဏာရှင်လက်တစ်ဆုပ်စာရဲ့ ငြိမ်းချမ်းရေးနဲ့ ဇိမ်ခံရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဒါမှမဟုတ် သူတို့ရဲ့ အုပ်ချုပ်ရေးယန္တယားမှာ အသုံးချနိုင်ဖို့အတွက်လောက်ကိုသာ ရည်ရွယ်ပြီး စစ်အမိန့်ကိုနာခံတတ်စေမယ့် ဒီအမိန့်တွေပေါ်မှာ အခြေခံပြီး ကိုယ်ကျိုးစီးပွားရှာကြံတတ်စေယုံလောက်သာရည်ရွယ်ပြီး စစ်ကျွန်ပညာရေးစနစ်နဲ့ နှေစ်နှစ်ဆယ်လုံးလုံး လူငယ်တွေရဲ့ အသိဥာဏ်တွေကို စာသင်ခန်းများအတွင်းမှာ ကျကျနနကြီးကို ဖျက်ဆီးခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ရဲ့ စစ်ကျွန်ပညာရေးစနစ်တွေအတွင်းက သခင်အားရကျွန်ပါးဝဆိုတဲ့ စစ်ကျွန်လူတန်းစားနှင့်အတူပေါက်ဖွားလာခဲ့တာက စစ်အုပ်ချုပ်ရေးကိုလုံးဝမလိုလားပဲ တော်လှန်ရေးစိတ်ဓာတ်သန္ဓေကိုအသွေးထဲအသားထဲကပါ တည်လာတဲ့ မျိုးဆက်တွေကို ပေါက်ဖွားစေခဲ့ပါတယ်။
ဒီမျိုးဆက်တွေကို ပထမပိုင်းတွေမှာ နိုင်ငံရေးလောကသားတွေနဲ့ ပညာတက်အသိုင်းအ၀ိုင်းကပုဂ္ဂိုလ်တွေဟာ ပေါ်ပင်ယဉ်ကျေးမှုတွေကို ခုံမင်နေသူရယ်လို့ ကင်ပွန်းတတ်ကာ သူတို့ရဲ့ နိုင်ငံရေးအမြင်တွေနဲ့ ခပ်ဝေးဝေးနေလိုသူတွေ ရယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကဗ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ရွှေဝါရောင်တော်လှန်းရေးအဖြစ် ထင်ရှားကျော်ကြားတဲ့ ရဟန်းသံဃာတော်များဦးဆောင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်းမှာတော့ နိုင်ငံရေးနဲ့ ခပ်ဝေးဝေးမှာနေလိုကြတယ်လို့ သူတို့ထင်မြင်ထားကြတဲ့ ကျွန်တော်တို့မျိုးဆက်တွေဟာ နှစ်နှစ်ဆယ်လုံးလုံးကောင်းမွန်စွာ အလံလွှင့်ထူနိုင်ခဲ့ကြတဲ့ ဒေါင်းအလံကို ဗကသ (ဗမာပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ) သီချင်းကို သံပြိုင်ရွတ်ဆိုလျှက် ကတ္တရာလမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီအရေးအတွက် တောင်းဆိုခဲ့ကြတာကို ကောင်းကောင်းကြီးမြင်တွေ့ခဲ့ကြမှာပါ။
ကျွန်တော်တို့တတွေဟာ လက်ဝဲဆန်စွာဖြင့် ငြိမ်းချမ်းစွာနေထိုင်လိုကြသူတွေဖြစ်သလို ငြိမ်းချမ်းစွာနေထိုင်နိုင်ကြစေဖို့ အတွက် လက်ဝဲဆန်စွာဖြင့်တော်လှန်ရေးဆင်နွဲလိုကြသူများလည်းဖြစ်ပါတယ်။ ဒါဟာ 1980 လွန် ခုနှစ်တွေမှာ မွေးဖွား လာကြတဲ့ ကျွန်တော်တို့မျိုးဆက်တွေရဲ့ ခံယူချက်ပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်မြင်တွေ့နေကြရတဲ့ အခြားတိုင်းပြည်က လူငယ်တွေရဲ့ ဘ၀လို တိုးတက်ချင်တဲ့ဆန္ဓတွေကြောင့် ကျွန်တော်တို့ဟာ စာတွေဖတ်ခဲ့ကြတယ်။ ကျွန်တော်တို့ဖတ်ခဲ့ကြတဲ့စာအုပ်တွေအတော်များများဟာ ဆိုရှယ်လစ်စနစ်ကိုဖြတ်သန်းခဲ့ရတဲ့ ကျွန်တော်တို့တိုင်းပြည် မှာ အပေါများဆုံးစာအုပ်ဖြစ်တဲ့ လက်ယာဆန်တဲ့ စာအုပ်တွေပါသလို ဂလိုဘယ်လိုက်ဇေးရှင်းတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေပါဝင်ခဲ့တယ်။ ဒီတော့ ကျွန်တော်တို့အမြင်တွေဟာ စစ်အစိုးရထင်ထားသလို ၀ါးလုံးခေါင်းထဲ လသာနေတဲ့ ဘ၀ဆိုတာမျိုးတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ကြပါတယ်။
ကျွန်တော်တို့လူငယ်တွေအားလုံးရဲ့ စိတ်ခံစားမှုတွေထဲမှာလဲ အခြားတိုင်းပြည်ကလူငယ်တွေလို မထွန်းပြောင်နိုင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်ထားကြတယ် ဆိုပေမယ့် ကျွန်တော်တို့ဟာ တစ်ကျောင်းတစ်ဂါထာနဲ့ ကြိုးစားနေကြသူတွေပဲဖြစ်ပါတယ်။ ဒီလိုတွေ ကြိုးစားလေ့လာ နေကြရင်း ကျွန်တော်တို့ဟာ အမှန်တရား၊ တရားမျှတခြင်းနဲ့ အခွင့်အရေးဆိုတဲ့အကြောင်းအရာတွေကို လက်တွေ့လူမှု ဘ၀အတွင်းက အတွေ့အကြုံတွေနဲ့ချိန်ထိုးစဉ်းစားကြည့်တော့ အမှန်တရား၊ တရားမျှတခြင်းနဲ့ အခွင့်အရေးဆိုတာ ဘာဆိုဘာမှမရှိတဲ့ ကျွန်တော်တို့ဘ၀တွေကို မြင်ယောင်လာမိပါတယ်။ ဒီအကြောင်းအရာတွေဟာ ကျွန်တော်တို့ မိဘ တွေလည်း ဘာဆိုဘာမှ လုပ်မပေးနိုင်ခဲ့ပါဘူး။ 1990 ရွေးကောက်ပွဲမှာတုန်းကလည်း ကျွန်တော်တို့မိဘတွေဟာ ကျွန်တော်တို့အတွက် သူတို့လုပ်ပေးနိုင်တာကို လုပ်ပေးခဲ့ကြပြီးပါပြီ။ သူတို့မျှော်လင့်သလို ကျွန်တော်တို့ဘ၀တွေ ဖြစ်မလာတာက သူတို့ရဲ့ရွေးချယ်မှုမှားခဲ့လို့လား။ မဖြစ်နိုင်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ဘ၀တွေအတွက်အကောင်းမွန်ဆုံးရွေးချယ်မှုတွေကို လုပ်ခဲ့ကြတာပဲလေ။ ဖြစ်မလာတာတော့ သူတို့မဆိုင်ပါဘူး။ မျက်နှာပြောင်တိုက်ပြီး အာဏာကို ဖင်ခုထိုင်ထားကြတဲ့ အစိမ်းရောင်ဝတ် ပုဂ္ဂိုလ်တွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်။
ကျွန်တော်တို့မျိုးဆက်တွေက စိတ်ခံစားမှုတွေက ရှင်းပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ စကားလုံးကြီးတွေနဲ့ ပေါက်ပေါက်မဖောက်တတ်ကြသလို နိုင်ငံရေးဆိုတာကို ပညာရေးလောက် စိတ်မ၀င်စားချင်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နိစဓူဝကိစ္စရပ်တွေအားလုံးဟာ နိုင်ငံရေးသာဖြစ်နေတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ရဲ့ စာလောင်မွတ်သိပ်လျှက်ရှိနေတဲ့ အသိဥာဏ်တွေက ပြောပြနေကြပါတယ်။ အနာဂတ်မသေခြာမှုတွေက ရှင်းပြနေကြပါတယ်။ လုပ်ငန်းခွင်မတိုးတက်မှုတွေက သက်သေထူနေကြပါတယ်။ ဒါဟာ အဆိုးသံသရာက မလွတ်နိုင်ကြတဲ့ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ ဘ၀ပဲဖြစ်ပါတယ်။
ဒီလိုနောက်ခံအကြောင်းအရာများစွာနဲ့အတူ ကျွန်တော်တို့အတွက် စစ်ရေးတော်လှန်ရေး ဒါမှမဟုတ် မီဒီယာတော်လှန်အသွင်နဲ့ သမိုင်းအတွက်လိုအပ်နေတဲ့ ကွက်လပ်တွေမှာ ဖြည့်စည်းဖို့ ကျွန်တော်တို့ မီဒီယာတိုက်ပွဲ ဆင်နွဲဖို့ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ဟာ အစိုးရရဲ့ သတင်းလက်ဝါးကြီးအုပ်မှု အမျိုးသားအကျိုးစီးပွားဆိုတာထက် စစ်တပ်အကျိုးစီးပွားကို ပြည်သူတွေတစ်ရပ်လုံးက ဆောင်ရွက်ပေးနေကြရတဲ့ ဒီလိုခေတ်ကြီးထဲမှာ ကျွန်တော်တို့ဟာ အစိုးရရဲ့ သတင်းလက်ဝါးကြီးအုပ် ချုပ်ကိုင်မှုတွေကို မျက်လုံးထဲမထည့်ပဲ အမှန်တရား…လူအခွင့်အရေး…စစ်မှန်တဲ့ အမျိုးသားအကျိုးစီးပွားတွေအတွက် ကျွန်တော်တို့ ဘလော့ခ်တွေရေးသားခဲ့ကြပါတယ်။
ဂရိပုံပြင်တွေထဲကလို ကျွန်တော်တို့ဟာ မြင်းရိုင်းတွေကို ယဉ်ပါးအောင်ပြုလုပ်ပြီး တိုင်းပြည်အတွက် သမိုင်းအတွက် စစ်ထွက်တိုက်ခဲ့ကြတဲ့ ဟက်တာတွေရဲ့ခေတ်မှာ လူဖြစ်ကြီးပြင်ခဲ့ကြတာမဟုတ်ခဲ့ပေမယ့် ဒါကြောင့် လက်ရုံးရည်ပိုင်း မှာတော့ ကျွန်တော်တို့ဟာ သူတို့ကို မမှီနိုင်ပါဘူး။ ဒါပေမယ့် နည်းပညာရပ်တွေ အံ့မခန်းတိုးတက်နေတဲ့ နှစ်ဆယ့်တစ်ရာစုထဲမှာ လူဖြစ်ကြီးပြင်းလာကြရတဲ့အတွက် နိုင်ငံအတွက် သမိုင်းအတွက်ကို ကျွန်တော်တို့(IT) ကို ဆွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ ဟက်တာ မဖြစ်ခဲ့ကြပေမယ့် တိုင်းပြည်ရဲ့ ဘလောဂါ တွေဖြစ်ခဲ့ကြရပါတယ်။
ကျွန်တော်တို့ဟာ ဘလော့ဂါဘ၀တွေကို ညိုငြင်မှုတွေ ပတ်လည်ဝိုင်းနေတဲ့ကြားက သမိုင်းအတွက် ခံမင်စွာခံယူခဲ့ကြ ပြီးပါပြီ။ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ ခရီးရှည်ကြီးတစ်ခုဟာ ကျွန်တော်တို့ကို စောင့်ကြိုလျှက်ရှိနေပါတယ်။ ဒါကို ကျွန်တော်တို့ သိပေမယ့် ကျွန်တော်တို့ ရှေ့ကို ဆက်သွားကြရမှာပါ။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်…ကျွန်တော်တို့ လူမျိုးတွေအတွက် လူ့အခွင့်အရေးတွေအတွက်ပဲဖြစ်ပါတယ်။
စစ်အစိုးရရဲ့ နည်းပညာပိုင်းဆိုင်ရာထောက်လှမ်းမှုတွေကြောင့် ရဲဘော်ရဲဘက်ဘလော့ဂါအချို့ ပဲကြွေခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် သူတို့တွေရဲ့နေရာတွေအတွက် ထောင်ပေါင်း သိန်းပေါင်းများစွာသော ကျွန်တော်တို့လူငယ်တွေဟာ ကိုယ်နည်းကိုယ်ဟန် ကိုယ်ပိုက်ဆံတွေနဲ့ လေ့လာသင်ယူပြီး ဘယ်သူဘယ်ဝါတွေရဲ့ ညွှန်ကြားချက်တစ်စုံတစ်ခုမှ မပါဘဲ ကိုယ်အသိစိတ်ဓာတ် ကိုယ်စီနဲ့ ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်အပါအ၀င် လက်ရှိရေးသားနေကြတဲ့ ဘလော့ဂါတွေ ပဲကြွေးသွားခဲ့သည်တိုင်အောင် ကျွန်တော်တို့တာဝန်တွေကို ပြောင်းလဲယူ မယ့် ကျွန်တော်တို့မျိုးဆက်တွေဟာ တည်ငြိမ်အေးချမ်းမှုတွေကို မရမချင်း အမှန်တရားတွေမပေါ်ထွန်းမချင်း ပြည်ဝတဲ့ လူ့အခွင့်အရေးတွေ မရမချင်း ဒေါင်းအလံတွေ မလွင့်ထူနိုင်မချင်း (IT) ကို ဆွဲကိုင်ပြီး တိုက်ပွဲဝင် ဆင်နွဲသွားကြမှာဖြစ်ပါတယ်။
မင်းထက်ဘုန်းမြတ်
0 comments:
Post a Comment