ဒီတည ဘာလုပ်ရမှန်းမသိ၊ ဘာတွေရေးရမှန်းမသိဖြစ်နေတယ်၊ ဘလောဂ်က ပိုစ်တွေလည်း ဟောင်းနေပြီး။ သူငယ်ချင်းတွေလည်း အသစ်ဖတ်ချင်ကြတယ်တဲ့။ ဒါနဲ့ ဘောလ်ပင်ကိုင်ပြီး အတွေးနယ်ချဲ့လိုက်တာဘယ် ရောက်သွားမှန်းမသိဖြစ်နေတယ်။ မဖြစ်ဘူးဆိုပြီး အတွေးတွေကိုပြန်စုရင်းနဲ့ ဒီအကြောင်းတွေကို စာရွက်ပေါ်မှာ ချရေးမိတော့တယ်။ ကဲ အသစ်ဖတ်ချင်တဲ့ သူငယ်ချင်းများ လာလည်ပြီး ဖတ်နိုင်ပါပြီးနော်...။
ဟိုတလောကပဲ ငယ်ငယ်လေးကတည်းက ကျောင်းအတူတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းထဲမှာ ပြန်ဆက်သွယ်မိတော့တယ်။ ကွဲကွာခဲ့တာလည်း ဆယ်နှစ်ကျော်နေပြီးလေ။ ဖုန်းထဲမှာပဲ အဆက်အသွယ် ရတယ်ဆို တော့ ငယ်ရုပ်အတိုင်းပဲ မြင်ယောင်မိတယ်၊ ဒါပေမယ့်သူမနဲ့စကားတွေပြောရင်း ဟိုမေးဒီမေးနဲ့ပေါ့။ ကွဲကွာခဲ့တဲ့သူငယ်ချင်းတွေအကြောင်းကို သိချင်လို့မေးလိုက်တော့ အများစုက တော့ တက္ကသိုလ်တက် နေကြတယ်တဲ့။ ကံကောင်းတဲ့လူရှိသလို ကံဆိုးလို့ ကျောင်းဆက်မတက်နိုင်တဲ့သူတွေ ရှိတယ်တဲ့၊ ဒါနဲ့ ဘယ်သူ တွေက ကျောင်းထွက်လိုက်တာလဲ၊ ဘာကြောင့်လဲပေါ့၊ သူမကလည်း အဓိကတော့ စီးပွားရေးမပြေလည်လို့ ကျောင်းထွက်ရတာပဲတဲ့။
ကြည်ကြည်အေး၊ မွန်မွန်၊ ငယ်ငယ်၊ ထားထားလှိုင်တို့ကတော့ ဥပဒေတို့ စီးပွားရေးတို့တက်နေကြတယ်တဲ့။ ကောင်းတဲ့ သတင်းတွေ ကြားရတော့ သူငယ်ချင်းတွေအတွက် ၀မ်းသာလွန်းလို့ မျက်ရည်ပါ မျက်ဝန်းအိမ်မှာ ပြည့်လျှံမိတော့တယ်။ ဒါနဲ့စကားတွေဆက်ပြောရင်း နင်ကော့ ဘာကျောင်း တက်နေလဲပေါ့။ သူမကျောင်းထွက် လိုက်ပြီးတဲ့၊ ယုံတောင်မယုံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမကကျောင်းမှာဆိုရင် စာအတော်ဆုံး၊ နှစ်စဉ် နှစ်တိုင်း ပထမဆုရတယ်၊ ဆရာ။ဆရာမတွေကလည်း သူမကို ပိုပြီးချစ်ကြတယ်။ မယုံလို့ ဆက်မေးကြည့် တော့ သူမမိသားစု စားဝတ်နေရေးအဆင်မပြေလို့ ကျောင်းထွက်လိုက်တာတဲ့၊ သူမကျောင်းဆက်တက်ရင် သူမ ညီမလေးတို့။ မောင်လေးတို့ထဲက တစ်ယောက်ယောက် ကျောင်းထွက်ရမယ် တဲ့။ သူမက အမကြီးဆိုတော့ အနှစ်နာခံပြီး ကျောင်းထွက်ပေးလိုက်တယ်တဲ့၊ အော် ပညာရေးတော်တဲ့သူတစ်ယောက် ကျောင်းထွက်လိုက် တော့ စိတ်ထဲသူမကိုယ်စား စိတ်မကောင်းဖြစ်မိတယ်။
သူမ (၈) တန်းရောက်တဲ့အချိန်မှာ သူမမိသားစု စီးပွားရေးမကောင်းတော့ဘူးတဲ့၊ အဲ့ဒီအချိန်မှာ စီးပွားရေးမ ကောင်းတော့ သူမမိသားစု တော်တော် ဒုက္ခရောက်ရတယ်တဲ့၊ သူမကျောင်းထွက်တော့ ဆရာ။ဆရာမတွေက မထွက်ဖို့တားကြသေးတယ်။ သူမကလည်း မတတ်နိုင်တဲ့အဆုံး ဆရာတွေအားလုံးကို စာရေးချန်ထားပြီး သူမအဒေါ်ရှိတဲ့ မြ၀တီကို တက်လာတာတဲ့။ သူမအဒေါ်ရဲ့ အလုပ်ကို ၀ိုင်းကူလုပ်ရင်း မိသားစု စရိတ်ကို ထောက်ပံ့ရတာတဲ့၊ နှစ်နှစ် ကြာတော့ သူမမိသားစုအကုန်လုံး မြ၀တီကို ပြောင်းရွေ့လာကြတယ်။ လက်ဖက် ရည်ဆိုင်ထောင်ပြီး စီးပွားရေးအဆင်ပြေအောင် လုပ်နေရတာတယ်တဲ့။ အခုတော့ သိပ်တော့အဟုတ်ကြီး မဟုတ်ပေမယ့် သင့်သလောက်တော့ အဆင် ပြေပါတယ်လို့ပြောတယ်လေ။
ညီမအထွေးဆုံးကိုတော့ မြ၀တီကျောင်းမှာ ပညာဆက်လက်သင်ယူစေပြီး မောင်ဖြစ်သူတွေကိုတော့ မဲဆောက်မှာရှိတဲ့ အခမဲ့ပညာသင်ယူနိုင်တဲ့ကျောင်းကို ပို့ထားတယ်။ သူမရဲ့ မောင်။ ညီမတွေအားလုံးအခုဆိုရင် အထက်တန်းရောက် နေကြပြီးတဲ့၊ သူမမောင်နှမအားလုံးကျောင်းတက်ပြီး စာသင်တဲ့အချိန်မှာ သူမက လက်ဖက် ရည်ဆိုင်ထဲမှာ တနေကုန်ထိုင်နေရတယ်။ သူမပျော်လည်းပျော်တယ်။ ၀မ်းလည်းနည်းတယ်တဲ့။ ပျော်ရွင်တာ ကတော့ သူမောင်နှမတွေ ပညာဆက်လက်သင်ယူနေရလို့။ ၀မ်းနည်း တာကတော့ သူမောင်နှမ တွေစာတွေမေး ရင် သူမဖြေတတ်ဘူးတဲ့။ အဲ့ဒါသူဝမ်းနည်းတာလို့ ရင်ဖွင့်ပြခဲ့တယ်။ တခါတလေတော့ သူမောင် နှမတွေအားလုံး က အကြီးဆုံးဖြစ်ပြီး ဘာမှမတတ်ဘူး။ ဘာမှလည်းမတတ်ဘူးလို့ပြောကြတယ်၊ သူတို့ဘာကြောင့် သူတို့အမ ကျောင်း ထွက်လိုက်တာဆိုတာ သူတို့မသိဘူးတဲ့။ နှောင်သူတို့ပညာတတ်ကြီးတွေ ဖြစ်ခဲ့ရင်တောင် သူမကို ပြန်ကြည့်ကြတော့မှာ မဟုတ်ဘူးတဲ့။
သြော်သူငယ်ချင်းရယ်..နင့်ဘ၀ကို ငါကိုယ်ချင်းလည်းစာတယ်။ ၀မ်းလည်းနည်းတယ်၊ နင့်ရဲ့ဖြူစင်မြင့်မြတ်တဲ့ စိတ်ဓါတ်ကိုလည်း လေးစားပါတယ်၊ တခါက နင့်ဆီဖုန်းဆက်တော့ နင့်မရှိလို့ နင့်ကိုယ်စား နင့်အမေဖုန်းလာကိုင်တော့ ကျမရဲ့ သူငယ်ချင်းကို ကျောင်း ဆက်မထားတော့ဘူးလားလို့ နောက်လိုက်တော့ ကျောင်းဆက်မထားနိုင် ဘူးတဲ့။ မိသားစုစားဝတ်နေရေးအဆင်ပြေလည်တော့ အကြီး တစ်ယောက်တော့ ကျောင်းထွက်မှ ရမယ်။ ကျောင်းဆက်ထားရင်လည်း ထမင်းငတ်ကြမယ်တဲ့။ သူငယ်ချင်းရယ် နင့်ရဲ့ဖြူစင်တဲ့ မေတ္တာ စေတနာတွေနဲ့ နင့်ရဲ့ မိသားစုကို လုပ်ကျွေးတာ မွန်မြတ်တယ်၊ ၀မ်းလည်းသာပါတယ်။ တကယ့်တော့ ဘ၀ဆိုတာ အမြဲတမ်းချော့မွေ့နေတဲ့ ပန်းအိပ်ရာခင်းမှမဟုတ်တာ။ ဘ၀ဆိုတာ အမြဲတမ်း ရုန်းကုန်နေရတဲ့ ဆူးခရောင်းလမ်း လို့ ပြောရင် မမှားပါဘူးလေ။
ဦးနှောက်ထဲမှာပေါ်လာတဲ့ စာသားတွေကို ချရေးပြီးတော့ စိတ်ထဲမှာ တခုခုပေါ့သွားသလိုခံစား၇တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပိုစ်အသစ် တွေဖတ်ချင်တဲ့ သူငယ်ချင်းတွေကိုလည်း အားနာတာလည်း မနည်းတော့ဘူး။ ဒီတခါတော့ အကြွေးဆပ်လိုက်တယ်နော်၊ ကဲဘယ်လို့လဲ ဖတ်ရတာအဆင်ပြေလား။ လာဖတ်တဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်နော်။ အချိန်ကုန်ခံပြီး ငပျင်းမလေး (ယုန်ကလေး) ဘလော့ဂ်ကို လာလည်တဲ့ အတွက် အထူးပဲကျေးဇူးတင်ပါတယ်ရှင်..........။
ယုန်ကလေး
2 comments:
ဖက်ရတာ စိတ်မကောင်းစရာတွေ တွေ့ရတယ်
နောက်ဆုံးစာသားလေးလိုပေါ့နော် ပန်းခင်းလမ်းမှ မဟုတ်ပဲ
ဒီလိုပါပဲ အားလုံးက အခက်အခဲတွေနဲ့ ဘ၀ကို အလှဆင် နေကြရင်းနဲ့ အောင်မြင်ခဲ့ရတာပဲမဟုတ်လား ။
သူမောင် နှမတွေအားလုံး က အကြီးဆုံးဖြစ်ပြီး ဘာမှမတတ်ဘူး။ ဘာမှလည်းမတတ်ဘူးလို့ပြောကြတယ်၊ သူတို့ဘာကြောင့် သူတို့အမ ကျောင်း ထွက်လိုက်တာဆိုတာ သူတို့မသိဘူးတဲ့။ အဲဒီအပိုဒ်လေးကတော့ စိတ်ထဲမကောင်းဘူးဗျာ။ တကယ်လည်း အပြင်မှာ ဒီလိုမြင်တဲ့အငယ်တွေကြောင့် အကြီးတွေရင်နင့်ရတာပါပဲ။
Post a Comment